မနီလာ သြဂုတ် ၁၂
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်နှင့်အနီးရှိ ပြည်နယ်များ၌ မုတ်သုံမိုးရွာသွန်းရာမှ ရေကြီးမှုကြောင့် ဒေသခံ ၅၄ဝဝဝ ကျော်သည် ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့သွားသည်။ အဆိုပါရေကြီးမှုသည် ၂ဝဝ၉ ခုနှစ် တွင် မနီလာမြို့၌ဖြစ်ပွားသော လူရာပေါင်းများစွာ သေဆုံးစေသည့် ကတ်ဆာနာမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့်ဆင်တူသည့် အတွက် ဒေသခံများက ယခုကဲ့သို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။
မာရီကီနာမြို့၌ တောင်ကုန်းများမှ မြစ်ဖျားခံစီးဆင်းလာသော မြစ်၏ရေမျက်နှာပြင်မှာ စိုးရိမ်ရေမှတ်အဆင့်သို့ ရောက်ရှိပြီးနောက် လူ ၂၁ဝဝဝ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် တာဝန်ရှိသူများက တွန်းအားေ ပးပြီး အနီးရှိ ရီဇယ်ပြည်နယ်မှ လူ ၁၉ဝဝဝခန့်မှာလည်း ဘေးကင်းရာသို့ ပြောင်းရွှေ့သွားသည်။ ထို့ပြင် ကွီဇွန်၊ ဗယ်လန်ဇယ်လာ၊ မနီလာ၊ မာလာဘွန်နှင့် ပါဆစ်မြို့တို့မှ လူ ၉ဝဝဝ ကျော်ကိုလည်း ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
မြစ်ရေမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်း မြို့တော်ဝန်မာဆီလင်နိုတိုဒိုရိုက သြဂုတ် ၁၁ရက်ညပိုင်းတွင် DZBB ရေဒီယိုသတင်းဌာနသို့ ပြောသည်။
မာရီကီနာမြို့၌ မိသားစုဝင်များမှာ အိမ်အမိုးပေါ်တွင်နေ၍ ကယ်ဆယ်ရေးအဖွဲ့များကို စောင့် ဆိုင်းနေကာ အချို့ဒေသများတွင် ရေကြီးမှုကြောင့် လမ်းမများပိတ်ဆို့နေကြောင်းနှင့် ရေကာတာများကလည်း ရေပိုလွှဲများကို ဖွင့်ထားရကြောင်း မနီလာမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့က ပြောသည်။ ထို့ပြင် မီးရထားခရီးစဉ်များကိုလည်း ရပ်တန့်ထားကာ စာသင်ကျောင်းများကိုလည်း ပိတ်ထားကြောင်းနှင့် တာဂေတေမြို့သို့ဖြတ်လမ်းအဖြစ် အသုံးပြုနေသော တံတားမှာလည်း ကျိုးကျကြောင်း သိရသည်။
MWD
No comments:
Post a Comment