Latest News

Monday, August 13, 2018

ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ ရွှေချိန်စက် လှူဒါန်းပွဲနှင့် ရွှေစင်ရွှေပြား စက်ရုံ တည်ဆောက်နိုင်မည့် အခြေအနေ ညှိနှိုင်း ဆောင်ရွက်

ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ ရွှေချိန်စက် လှူဒါန်းပွဲနှင့် ရွှေစင်ရွှေပြား စက်ရုံ တည်ဆောက်နိုင်မည့် အခြေအနေ ညှိနှိုင်း ဆောင်ရွက်

ရန်ကုန်     သြဂုတ်     ၁၂ 

Supreme Group မှ  ဆွစ်ဇာလန်နိုင်ငံထုတ် ၃၈၅ဝဝဝဝ တန်ဖိုးရှိ ရွှေချိန်စက် (Gold Balance & Printer)အား ရွှေတိဂုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့သို့ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံးခန်း၌ ကျင်းပသည်။ အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရွှေတိဂုံစေတီတော်တွင် ၁ ပေ ပတ်လည်  ရွှေစင်ပြားများ  တာရှည်တည်တံ့ခိုင်မြဲစွာ ရွှေသင်္ကန်းကပ်လှူနိုင်ရန်  စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရွှေပြားကြိတ်စက်ရုံကိုလည်း အမြန်ဆုံးလုံခြုံစိတ်ချစွာ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကကျသော စက်ကို ပြည်တွင်း၌ ဒီဇိုင်းပြုလုပ်၍ ထုတ်လုပ်လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ 

ထို့နောက် SupremeGroup မှဒေါက်တာစိန်မြင့်က လှူဒါန်းရသည့် အကြောင်း ရင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂေါပကအဖွဲ့မှတာဝန်ရှိသူများက ရွှေချိန်စက် လှူဒါန်းသည့်အတွက်  ဂုဏ်ပြုမှတ်တမ်းအား ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ တာဝန်ရှိသူများက ရွှေစင်ပြား စက်ရုံ တည်ဆောက်ရေးအတွက် ဒီဇိုင်းရေးဆွဲပြီး စီစဉ် ဆောင်ရွက်နေပုံကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အောက်ပစ္စယံတွင်ရွှေစင်ပြား စက်ရုံလုပ်ငန်း စတင်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နှင့်  တာဝန်ရှိသူများ   ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ရွှေစင်ရွှေပြား သင်္ကန်းတော်များကို ဥတုမရွေး တာရှည်ကျစ်လျစ် ခိုင်မြဲစေရန် အဆင့်မြင့်နည်းပညာကို အသုံးပြု၍ ရွှေစင်ပြား စက်ရုံငယ်တစ်ခုကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး အောက်ပစ္စယံတွင် လုံခြုံစိတ်ချစွာ စနစ်တကျ တည်ဆောက်ပြီး ခေတ်မီနည်းစနစ်၊ စက်ကိရိယာများအသုံးပြုကာ တာရှည်တည်တံ့ ခိုင်မြဲသည့် ရွှေစင်ပြားများကို မကြာမီစတင် ထုတ်လုပ်၍ ကပ်လှူပူဇော်နိုင်မည် ဖြစ်ကြောင်း၊ ရွှေစင်ပြား ထုတ်လုပ်သည့်ကြိတ်စက်အား  စက်မှုဝန်ကြီးဌာနက ခေတ်မီနည်းစနစ်ဖြင့် ပြည်တွင်း၌ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment