ကရုဏာရပ်ကွက်လေးသည် အခြေခံ လက်လုပ်လက်စားဘဝများစွာဖြင့် တန်ဆာ ဆင်ထားသော ရပ်ကွက်လေး ဖြစ်သည်။ ထိုရပ်ကွက်ထဲတွင် ဆိုက်ကားဆရာ၊ ကား ဆရာ၊ ပန်းရန်ဆရာ၊ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ၊ အမှိုက်သိမ်းလုပ်သားများ၊ ခေါင်းရွက်ဗျပ်ထိုး ရောင်းဝယ်ဖောက်ကားသူ များနှင့် ခန္ဓာကိုယ်အား ဈေးဖြတ်ရောင်းချသူ များဖြင့် စည်ကားလှသည်။ အစည်ကားဆုံး နေရာမှာ ရပ်ကွက် ထိပ်ကုန်စုံဆိုင်နားဖြစ်၏။ ထိုကုန်စုံဆိုင်အနီးအနားတွင် ရပ်ကွက်ထဲမှ ဈေးသည်များက ဗန်းကလေးများ ချကာ ရောင်းကြသည်။ ကယ်ရီမောင်းသူများ ဆိုက်ကားသမားများကပါ ဂိတ်ပုံစံမျိုး လုပ် ထားသဖြင့် ရပ်ကွက်ဈေးသဖွယ်ဖြစ်နေ၏။
ဒုတိယ အစည်ကားဆုံး နေရာမှာ အုပ်ချုပ်ရေးမှူးရုံးဖြစ်သည်။ အုပ်ချုပ်ရေးမှူး ၏ရုံးခန်းသည် လူပြတ်သည်ဟူ၍ မရှိ။ တိုင်သံ တောသံ၊ ငြင်းခုန်သံများဖြင့် စီစီဝေနေလေ့ ရှိသည်။ ယခုလည်း အုပ်ချုပ်ရေးမှူးရုံးခန်းတွင် အမှုတစ်ခုတက်နေသည်။ သည်ရပ်ကွက်တွင် သူဌေးဟုသတ်မှတ်၍ရသော ကုန်စုံဆိုင် ပိုင်ရှင် ကိုမောင်မြင့်က ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ မောင်ထူး၏ မိန်းမနှင့် ငြိစွန်း ကြသည်။ သို့ပါ၍ မောင်ထူးက အုပ်ချုပ်ရေးမှူး ဦးထွန်းသာကို လာရောက်တိုင်တန်းသည်။ ကိုမောင်မြင့်ကလည်း ပက်ပင်းမိသည်ဖြစ်၍ မောင်ထူး၏ မိန်းမနှင့် ငြိစွန်းခဲ့ကြောင်း ဝန်ခံ သည်။ မောင်ထူးက ဒေါသတွေထွက်ကာ သူ့မိန်းမကို ထရိုက်သဖြင့် ရာအိမ်မှူးတွေက ဝိုင်းဆွဲကြရသည်။ အုပ်ချုပ်ရေးမှူး ဦးထွန်းသာ က ''ဒါရုံးကွ မင်းအမေလင်အိမ်မဟုတ်ဘူး၊ ငြိမ်ငြိမ်နေစမ်း ခုမှ မင်းမိန်းမကိုထရိုက်တော့ ရော ဘာထူးမလဲ မင်းခေါင်းအုံးကို သူများ ယူအုံးကတည်းက မင်းဟာ အတော်ညံ့တဲ့ ကောင်ဖြစ်သွားပြီ''
မောင်ထူးက ဒေါသတွေအထွက်လွန်ပြီး အံကိုကြိတ်သည်။ လက်သီးကိုကျစ်ကျစ်ပါ အောင်ဆုပ်ထားရင်း ''ကျွန်တော် သူ့ကိုချစ်လို့ ယူခဲ့တယ် ကောင်းကောင်းမွန်မွန်လုပ်ကျွေးတယ် ဒါကိုဗျာ ကျွန်တော့်အပေါ်ယုတ်မာ တယ်''
အုပ်ချုပ်ရေးမှူးက ခေါင်းကို တဆက်ဆက်ညိတ်ကာ ''မောင်ထူး ဖြစ်ပြီးမှ တော့ မတတ်နိုင်ပါဘူးကွာ ဒီအမှုကို ဒီမှာ တင်ပြီးတာ ကောင်းမယ်ကွာ တစ်ရပ်ကွက် တည်းသားချင်းတွေ အရှည်အရှည် ဖြစ်လို့ ဘယ်ကောင်းပါ့မလဲ အမှုဖွင့်တာတွေဘာတွေ လည်း လုပ်မနေနဲ့ ဒီတော့'' ဟု ဆိုကာ ကိုမောင်မြင့်ကို လှည့်ကြည့်လိုက်၏။ ကိုမောင်မြင့်က ဇက်ကလေးပုကာ မခုတ်တတ် တဲ့ကြောင်လို၊ မဟောင်တတ်တဲ့ခွေးလို လုပ်နေပုံမှာ အသည်းယားဖို့ကောင်းလှသည်။ အုပ်ချုပ်ရေးမှူးက ''ကဲ ကိုမောင်မြင့် ခင်ဗျား အမှုက တော်တော်ကြီးတယ် လူမှုရေးဘက် ကပဲ ကြည့်ကြည့်၊ ဘာသာရေးဘက်ကပဲ ကြည့်ကြည့် ဘယ်သူမှလက်ခံနိုင်စရာမရှိဘူး ဒီတော့ကာ မောင်ထူးသာ အမှုလုပ်မယ်ဆို ခင်ဗျား ထောင်နန်းစံသွားရမယ် ဒီတော့ ခင်ဗျား မောင်ထူးကို ကျေနပ်အောင် တောင်းပန်ပါ၊ မောင်ထူးကလည်း တစ်ရပ်ကွက် တည်းသားတွေပဲဆိုတဲ့ ခွင့်လွှတ်ပါလို့ ဦးကပဲ ကြားထဲက တောင်းပန်ပါတယ်''
ကိုမောင်မြင့်က မောင်ထူးဘက်လှည့်ကာ
''မောင်ထူးရာ အစ်ကိုတောင်းပန်... ပန်''
''ပိတ်စမ်း ခင်ဗျားပါးစပ်ကြီး ခင်ဗျားလို ကြာကူလီနဲ့ ကျုပ်စကားမပြောချင်ဘူး အုပ်ချုပ်ရေးမှူးနဲ့ပဲ ပြောမယ်'' ဟု မောင်ထူး က အော်လိုက်သည်။ အုပ်ချုပ်ရေးမှူး၊ မောင်ထူးနှင့် ကိုမောင်မြင့်တို့ အပြန်အလှန် ပြောကြသည်။ မောင်ထူးမိန်းမက ရှိုက်ကာ ရှိုက်ကာငိုသည်။ နောက်ဆုံးတွင် အုပ်ချုပ်ရေး မှူး၏ စေ့စပ်ညှိနှိုင်းချက်အရ ကိုမောင်မြင့်က မောင်ထူးအား နစ်နာကြေး ငါးသိန်းတိတိ လျော်လိုက်ရလေသည်။
(နှစ်)
အရက်ဆိုင်ကလေးကို ရီဝေသော မျက်လုံးပိုင်ရှင်များက လွှမ်းမိုးထားသည်။ အရင် အရက်ဖြူသောက်နေကျဖြစ်သော မောင်ထူးက အကောင်းစားဝီစကီနှင့် ဝက်နံရိုး ကြော်ကိုမှာကာ ပွဲတော်တည်နေသည်။ မောင်ထူးထိုင်နေသောဝိုင်းသို့ ဆိုက်ကားဆရာ အောင်တင့်ရောက်လာသည်။ အောင်တင့်က ''ဟာ မောင်ထူး မိုက်လှချည်လား ဝီတွေ ဘာတွေနဲ့ အံမယ် အမြည်းက ဝက်နံရိုးပါလား''ဟုဆိုကာ ဝက်နံရိုးတစ်ဖတ်ယူဝါးလိုက်၏။မောင်ထူးက ''ခင်ဗျားလည်း သောက်ချင် သောက်လေ'' ဟု ပြောသဖြင့် အောင်တင့်က ဖန်ခွက်တစ်ခွက်လှမ်းမှာလိုက်သည်။ မောင်ထူး က လက်ကျန်ခွက်ကို မော့သောက်လိုက်ပြီး ''ဒီမှာ အောင်တင့် မင်းလည်းကြားမှာပေါ့ ကိုမောင်မြင့်ဆီက ငါအလျော်ရတဲ့အကြောင်း ကို''
''အေးကြားတယ် စိတ်မကောင်းဘူးကွာ ဒီလူကြီးက ယုတ်မာတယ်ကွ''
''ဘယ်ကသာ စိတ်မကောင်းရမှာလဲ သူအဲဒီလို ယုတ်မာလို့ ငါငွေငါးသိန်းရတာ ငါ့မိန်းမ အသားပဲ့သွားတာမှတ်လို့''
စားပွဲထိုးလေးက ဖန်ခွက်ကို လာချပေး သဖြင့် စကားခဏပြတ်သွားသည်။ အောင်တင့်က အရက်ကိုငှဲ့လိုက်ကာ တစ်ရှိန် ထိုးမော့သောက်လိုက်၏။ ပြီးတော့မှ ''မင်းက တော်တော် သောက်ထားပြီးပြီ ထင်တယ်''
''သောက်ထားတာပေါ့ကွ မင်းမလာခင် တစ်ပိုင်းကုန်သွားပြီ ငါအတော်မူးနေပြီ နောက်နှစ်ခွက်လောက် သောက်ပြီးရင် ပြန်မယ်''
''အေးပါ မင်းကအတော်မူးနေပြီဆိုတော့ ဆိုင်ကယ်ကို ဒီမှာထားခဲ့ ငါ ဆိုက်ကားနဲ့ လိုက်ပို့မယ်''
''ကောင်းတာပေါ့ကွာ ချ ဟေ့ကောင်ချ''
မောင်ထူးက နှစ်ခွက်ဆိုသော်ငြား သုံးခွက်လောက်ဝင်သွားသည်။ ဆိုင်က ထတော့ မောင်ထူးက ယိုင်နေလေပြီ။အောင်တင့်က မောင်ထူးကို ဆိုက်ကားပေါ် တင်ကာ နင်းထွက်လာခဲ့၏။ မောင်ထူးက စကားတွေဗလုံးဗထွေးပြောရင်း လိုက်ပါလာ ကာ ခဏအကြာတွင် ဆိုက်ကားပေါ်၌ အိပ်ပျော်သွားလေသည်။
ညသည် လတစ်ခြမ်း သာနေ၏။ ရပ်ကွက်၏ ချောင်ကျကျဗာဒံပင်တွင် အောင်တင့်က မောင်ထူးကို ကြိုးဖြင့် တုပ်ထား လိုက်၏။ အမူးလွန်နေသော မောင်ထူးကတော့ တုပ်တုပ်မျှမလှုပ်။ အောင်တင့်က ဆေးပေါ့ လိပ်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်ပြီး ''စိတ်မကောင်းပါဘူး မောင်ထူးရာ မင်းနဲ့ငါ ဘာအငြိုး၊ ဘာအာဃာတမှ မရှိပေမယ့် ငါ့ဝမ်း ပူစာတော့ မနေသာတော့ဘူး အရက်တိုက်ခဲ့တဲ့ မင်းကျေးဇူးကို ငါမမေ့ပါဘူးကွာ''ဟု ဆိုကာ ဆိုက်ကားကူရှင်အောက်မှ အံဖုံးကိုဖွင့်လိုက်ပြီး အဝတ်စုတ်တစ်ခုကို မောင်ထူး၏ ပါးစပ် အတွင်းသို့ ဆို့ထားလိုက်၏။ ထို့နောက် အောင်တင့်သည် ခါးကြားမှ ဓားမြှောင်ကို ထုတ်ကာ မောင်ထူး၏ ရင်ဝသို့ အားကုန် ထိုးစိုက်လိုက်လေ၏။ ထိုစဉ် ခွေးတစ်ကောင်၏ အူသံကို ကြားလိုက်ရလေသည်။
(သုံး)
အောင်တင့် အချုပ်ထဲရောက်သွား သည်။ အောင်တင့်က သူကိုယ်တိုင်ရဲစခန်းကို သွားအဖမ်းခံခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူများက ''အောင်တင့်နဲ့မောင်ထူး ပြဿနာ တက်တယ်လို့ ငါဖြင့်မကြားမိပါဘူးအေ''
''အောင်တင့်က လူရိုး ခပ်အေးအေးက လူသတ်တယ်ဆိုတော့''
''အောင်တင့်ကို စခန်းမှူးကြီးက ဘာလို့ သတ်တာလဲမေးတော့ သတ်ချင်လို့သတ်တာ တဲ့တော့''
''မောင်ထူးလေးသနားပါတယ် မိန်းမက လင်ငယ်နေ ဟော အခုအသတ်ခံရ''
''မောင်ထူးမိန်းမနဲ့ အောင်တင့်ရော ကင်းပါ့မလား အောင်တင့်က ကိုမောင်မြင့်ကြီး လို အရှက်ကွဲမှာစိုးလို့ မောင်ထူးကို ရှင်းပစ် လိုက်တာများလား''
''ဖြစ်နိုင်တယ် အောင်တင့်မိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့''ဟူ၍ လေအလကား ရတိုင်း ထင်ရာမြင်ရာ ပြောဆိုနေကြသည်။အုပ်ချုပ်ရေးမှူးလည်း ရပ်ကွက်ရုံးနှင့် ရဲစခန်း ခေါက်တုံ့ခေါက်ပြန်သွားနေရ၏။
အောင်တင့်၏ မိန်းမ မိနွေးကို ရပ်ကွက်သားတို့က သနားကြသည်။ မိနွေး ခမျာ သားဦးမွေးခါနီးမှ ယောက်ျားကထောင်ကျ သည့်အဖြစ်။ ဟိုတစ်လော ဆေးခန်းပြတုန်းက မိနွေးကို ဆရာဝန်ကပြောလိုက်သေးသည်။ ရိုးရိုးမွေးဖို့ မလွယ်၊ ခွဲမွေးမှ အဆင်ပြေလိမ့် မည်ဟူ၍။ ကိုအောင်တင့်ရှိပါက ခွဲမွေးရရုံမက စိတ်မွေးရလည်း မိနွေးမကြောက်။ ယခုတော့ မွေးမည့်အချိန်တွင် ကိုအောင်တင့် ထောင်ကျ တော့မှာမို့ မိနွေးကြောက်သည်။အားငယ် သည်။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေဟူ သော စကားကို မိနွေး တွေးမိတိုင်း အသည်း ယားသည်။ အုပ်ချုပ်ရေးမှူးကတော် ဒေါ်မိုး က မကြာမကြာ လာရောက်အားပေးရှာသည်။
''သမီးဘာမှမပူနဲ့ ဒေါ်ဒေါ်တို့ရှိသားပဲ သမီးအဆင်ပြေပြေမွေးနိုင်အောင် ဒေါ်ဒေါ် တို့ ကူညီမယ်''
အုပ်ချုပ်ရေးမှူးကတော် ဒေါ်မိုး၏ စကားသည်တည်သည်။ တကယ်လည်း ကူညီ သည်။ မိနွေးမွေးတော့ ဗိုက်ခွဲမွေးရသည်။ သားဦးယောက်ျားလေးကို ချောချောမောမော မွေးဖွားလိုက်နိုင်သည်။ အောင်တင့်ကို ရုံးထုတ်တော့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် အောင်တင့်ကို သတင်းစကားပြောကြား၏။
''မောင်အောင်တင့် မင်းဘာမှမပူနဲ့ မင်းမိန်းမမိနွေး ချောချောမောမောမွေးတယ်၊ မင်းသားလေးက ဖြူဖွေးဝတုတ်နေတာပဲ ခုနစ်ပေါင်ရှစ်အောင်စလောက်ရှိတယ်''
အောင်တင့်က ပြုံးကာ မျက်ရည်တွေ တသွင်သွင်ကျပြီး အုပ်ချုပ်ရေးမှူးကို ''ဦးလေးကလဲဗျာ ကျွန်တော့်သားကိုဝတယ်လို့မပြောပါနဲ့ ဖွံ့တယ်လို့ပြောပါ၊ ကလေးကို ဝတယ်ပြောရင် ကလေးကချူချာတတ်တယ်ဗျ''ဟု ပြောရင်းမျက်ရည်ကြားမှ ရယ်နေသေး သည်။ အုပ်ချုပ်ရေးမှူးက ''အေးပါကွာ မင်းဘာမှမပူနဲ့ ငါတို့စောင့်ရှောက်ပါ့မယ်''
အချုပ်ကားပေါ် ပြုံးပြုံးကြီးတက်သွား သော အောင်တင့်ကိုကြည့်ပြီး အုပ်ချုပ်ရေးမှူး က လေးတိလေးကန် သက်ပြင်းတစ်ခုချ လိုက်၏။
(လေး)
အုပ်ချုပ်ရေးမှူး သည်ည အရက်သောက် မှာမို့ ဒေါ်မိုး အမြည်းတွေ စီစဉ်နေသည်။ အမြည်းတွင်မက။ မိနွေးကိုပို့ ပေးရန်အတွက်ပါ ငါးရံ့ခြောက်ဖုတ်လေးနှင့် ဟင်းခါးတစ်ခွက် စီစဉ်သည်။ မိနွေးက သွေးနုနု သားနုနုမဟုတ် လား။ မိနွေးသားကလေးကလည်း နို့အလွန်စို့ သည်။ သို့ပါ၍ နို့လိုက်အောင် ဟင်းခါးများများ သောက်ဖို့လိုသည်။ ဟိုတစ်ရက်ကလည်း အားဆေးတစ်ပုလင်းဝယ်ပို့လိုက်သေးသည်။ မိနွေးက ကျေးဇူးတင်လွန်း၍ ''ဒေါ်ဒေါ်ရယ် ဒေါ်ဒေါ်ဟာ ကျွန်မ အမေအရင်းလိုပါပဲ၊ ကျွန်မ ဒေါ်ဒေါ့်ကျေးဇူးတွေကို ဒီတစ်သက် မမေ့ပါဘူးရှင်'' ဟူ၍ လက်အုပ်ကလေးချီကာ ကန်တော့လိုက်သေးသည်ကို တွေးမိ၍ ဒေါ်မိုးက ပြုံးလိုက်မိလေသည်။
အုပ်ချုပ်ရေးမှူးသည် အရက်သောက် ချင်လှပြီ။ သို့သော် ဧည့်သည်တော်ကြီးက မရောက်သေး။ စောင့်စားရသော အလုပ်ကို အုပ်ချုပ်ရေးမှူး မုန်းပါသည်။ ချိန်းထားပြီး နောက်ကျနေသော ဧည့်သည်တော် ကိုမောင်မြင့်ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ကျိန်ဆဲလိုက်ပြီး သိပ်မကြာ ကိုမောင်မြင့် ရောက်လာသည်။
''ဆောရီး အုပ်ကြီးရာ ကျွန်တော် နည်းနည်းနောက်ကျသွားတယ်''
အုပ်ကြီးက မျက်နှာကို ပြုံးကာ
''ရပါတယ်ဗျ ကျွန်တော်တောင် ဒေါ်မိုး ကို ပြောရသေးတယ်၊ ကိုမောင်မြင့် တစ်ယောက် ဆိုင်မှာ လူကျနေပြီထင်တယ်လို့'' ဟုဆိုကာ ပုလင်းဖောက်ကြသည်။ သောက်ကြ စားကြသည်။ နှစ်ခွက်သုံးခွက်လောက်အဝင်မှာ အာသွက်လာကြသည်။ ကိုမောင်မြင့်က ''အုပ်ကြီး အောင်တင့်မိန်းမတောင် လေးဆယ့် ငါးရက်ပြည့်တော့မယ်နော် ဟဲဟဲ''
အုပ်ကြီးက မျက်လုံးပြူးသွားကာ
''အောင်တင့်မိန်းမလေးတော့ချမ်းသာပေးလိုက်ပါဟ မင်းကလည်း မောင်ထူးမိန်းမ က အခုမင်းစိတ်ကြိုက်ဖြစ်နေတာပဲဟာ''
ကိုမောင်မြင့်က ပြုံးကာ
''အုပ်ကြီးမသိပါဘူး မိနွေးနဲ့အောင်တင့် မရခင်က ကျွန်တော်ကြံသေးတယ်၊ ကျွန်တော့် ကို ကြောက်လို့ မိနွေးက အောင်တင့်ကိုယူတယ် ဆိုပဲ၊ ကျွန်တော်က တေးထားတာ တစ်နေ့မှာ မိနွေးကိုတော့ ရအောင်ကြံမယ်လို့ တားမယ် တော့မကြံနဲ့ အုပ်ကြီး မိနွေးကို အခုအုပ်ကြီး ကတော်ကတစ်ဆင့် ကျွန်တော် ထောက်ပံ့ နေတာမနည်းတော့ဘူး။ အုပ်ကြီးတို့ကိုလည်း ကျွန်တော်က ပူဇော်ရသေးတယ်။ တားရင် တော့ ကျွန်တော်နဲ့အုပ်ကြီးမလွယ်ဘူး ဟားဟား''ဟု နောက်သလိုလိုနှင့် ခြိမ်းခြောက် လိုက်ပြီး အရက်ကို ဂွပ်ခနဲမော့ချလိုက်လေ သည်။ အုပ်ကြီးက စီးကရက်တစ်လိပ်ကို မီးညှိ လိုက်သည်။
ကိုမောင်မြင့်က အမြည်းတစ်ဖတ်ယူ ဝါးရင်း
''အုပ်ကြီး လောကကြီးမှာ ငွေပဲ ငွေရှိရင် အကုန်ဖြစ်တယ်၊ ခုပဲကြည့် မိနွေးက ဗိုက်ခွဲ မွေးရမယ်ဆိုတော့ အောင်တင့်က ငွေလိုလာ တယ်၊ ငွေလိုတော့ ကျွန်တော့်ဆီလာချေးတယ်၊ ကျွန်တော်က မချေးဘူးလို့ တစ်ခုတော့ရှိတယ်၊ မောင်ထူးမနက်က ငါ့ကိုအရှက်ခွဲသွားတယ် မင်းသတ်ပေးရင် မင်းမိန်းမမီးဖွားစရိတ် ငါတာဝန်ယူပေးမယ်လို့ အဲဒီတော့ အောင်တင့် က မောင်ထူးကိုသတ်တယ်။ မောင်ထူးသေတော့ ဟော ခုလိုမောင်ထူးမိန်းမလေးနဲ့ ကျွန်တော် တိတ်တဆိတ် နှစ်ပါးသွားလို့ရတယ်။ နောက် တစ်ခုက အောင်တင့်ထောင်ကျတော့ မိနွေးကို လည်း ကြံလို့ရတယ် ခုလိုအောင်တင့်က လက်ခံ ပြီး မောင်ထူးကို သတ်တာဟာ အုပ်ကြီးဝိုင်း ပြောပေးလို့ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ဒါကြောင့်လည်း အုပ်ကြီးနဲ့ ဒေါ်မိုးကို ကျွန်တော်က ကန်တော့နေရတာ'' ဟု ဆိုကာ အရက်ကိုမော့ချလိုက်ပြန်၏။ ထိုစဉ် ဒေါ်မိုး ထွက်လာကာ ကိုမောင်မြင့်နား ဝင်ထိုင်၏။ ဒေါ်မိုးက ''မောင်မြင့်သောက်နော် အားမနာ နဲ့'' ဟု ဆိုကာ ကိုယ်တိုင်ထည့်ပေး၏။ ကိုမောင်မြင့်က ''အားနာလိုက်တာ ဒေါ်ဒေါ် ရာ ကိုယ့်ဟာကိုယ်ထည့်ပါမယ်''
''ရပါတယ် မောင်မြင့်ရယ် ဒါနောက်ဆုံး ခွက်မို့ထည့်ပေးတာ''ဟု ဆိုကာ ပြုံးပြလိုက် လေသည်။ ကိုမောင်မြင့်ကလည်း ပြန်ပြုံးပြကာ အိမ်သာခဏဟုဆိုကာ ထွက်သွား၏။ ကိုမောင်မြင့်ထွက်သွားမှ အုပ်ချုပ်ရေးမှူး နှင့်ဒေါ်မိုးတို့လင်မယား တိုးတိုးတိတ်တိတ် တိုင်ပင်ကြသည်။ ပြီးနောက် ဒေါ်မိုးက ခါးကြားတွင် လိမ်ထားသော စက္ကူအထုပ်ထဲမှ အမည်းရောင်အမှုန့်တို့ကို ကိုမောင်မြင့် အရက်ခွက်ထဲသို့ ထည့်လိုက်၏။ ကိုမောင်မြင့် လည်း အိမ်သာမှပြန်လာကာ အုပ်ချုပ်ရေးမှူး အား ''ကဲ အုပ်ကြီး ချီးယားစ် ဒါ နောက်ဆုံးခွက် ပဲ သက်ရှည်ကျန်းမာပါစေဗျာ ချီးယားစ်'' ဟုဆိုကာ တစ်ရှိန်ထိုးမော့ချလိုက်၏။ ကိုမောင်မြင့်က အမြည်းတစ်ဖတ်ဝါးကာ နှုတ်ဆက်၏။ အုပ်ချုပ်ရေးမှူးနှင့် ဒေါ်မိုးတို့က ခြံအဝထိ လိုက်ပို့ကြသည်။ ထိုသို့လိုက်ပို့ပြီး ကိုမောင်မြင့် တော်တော်လှမ်းလှမ်းရောက်မှ ဒေါ်မိုးက အုပ်ချုပ်ရေးမှူးကို ''ကဲ အုပ်ချုပ်ရေး မှူးကြီးရေ အားလုံးကတော့ သဗ္ဗေသတ္တာ ကမ္မသကာပဲ''ဟု ဆိုကာ တစ်ယောက်ခါး တစ်ယောက်ဖက်၍ အိမ်ထဲသို့ပြန်ဝင်လာကြ လေ၏။
(ငါး)
နောက်တစ်နေ့မနက်တွင် ကိုမောင်မြင့် သည် ပါးစပ်နှင့်နှာခေါင်းမှ သွေးများထွက်ကာ လမ်းဘေးတွင် သေဆုံးနေကြောင်း ကြားရ သဖြင့် ရပ်ကွက်သူရပ်ကွက်သားများ အံ့သြမိ ကြလေသည်။
နိုင်ကြည်သားနေ
No comments:
Post a Comment