Latest News

Sunday, August 5, 2018

အမုန်းခံအလှ

အမုန်းခံအလှ

မနက်ဖြန်လကုန်မည်ဖြစ်၍ လစာထုတ်သွား ကြမည်။ ကျောင်းအုပ်များမှာ အစည်းအဝေး တက်ရသေးသည်။ သို့ကြောင့် လစာထုတ် သွားလျှင် ပိုက်ဆံထုတ်သူနှင့်  အစည်းအဝေး တက်သူဟူ၍ နှစ်ယောက်သွားရသည်။

အချိန်မှာ ညနေစောင်းစောင်းဖြစ်သည်။ ကျွန်တော့်ဆီသို့    ကျောင်းအုပ်ဆရာကြီး   ရောက်ချလာသည်။   ဆရာကြီးပါးတစ်ဖက် ယောင်နေသည်မှာ သုံးရက်ရှိပေပြီ။ မနက်ဖြန် လစာထုတ်ကို ထ/သနှင့် အတူကိုယ်စားလှယ် အဖြစ် ကျွန်တော့်ကို   တာဝန်ခံအနေဖြင့် သွားရောက်ရန် ပြောသည်။ ကျွန်တော်လည်း ခုမှကောလိပ်ဆင်း၊ အတွေ့အကြုံလည်းရ၊ ဆရာကြီးအားကိုးရမည့်  လက်ထောက်ဖြစ်ရ မည်ဟူ၍  လက်ခံလိုက်သည်။ ဆရာကြီးနှင့် စကားစမြည်လေးပြောရင်း  လက်ဖက်သုပ်နှင့် ရေနွေးကြမ်းဖြင့် ဧည့်ခံထားသည်။ ရေနွေး တစ်ခွက်သောက်ကာ  ဆရာကြီးက  စကား ထပ်စလိုက်သည်။

''ကလေးတွေစာသင်ရတာ   အဆင်ပြေ လား'' 

ကျွန်တော့်အတွေးထဲတွင်   ယခင် တစ်ပတ်ကဖြစ်ပျက်ခဲ့သော အကြောင်းအရာ လေးကို သတိရ၍ ပြောပြလိုက်သည်။

''ကလေးတွေစာသင်ရတာ ပြေပါတယ် ဆရာကြီး၊ ဒါပေမယ့်''

ကျွန်တော်   စကားကိုဆက်မပြောဘဲ ဆရာ့ပန်းကန်ထဲ ရေနွေးငှဲ့လိုက်သည်။

''ဒါပေမယ့် ဘာဖြစ်လဲ''

''ဒါပေမယ့်  ဆရာကြီးရ  သစ်စေ့တွေ    မှာတောင် စုန်းပြူးစေ့ပါသေးတာပဲ၊ ခုကလေး တွေထဲမှာလည်း  ဆိုးတဲ့ကလေး၊  စုန်းပြူး စေ့လေးပါတာပေါ့ ဆရာကြီး''

''ပြောပါဦး ဘယ်သူကဘာဖြစ်လို့လဲ''

''ဒီလိုဆရာကြီးရ လေးတန်းထဲက ဝင်းကို လေသိတယ်မို့လား''

''သိတာပေါ့ ဒီကလေးက စာကို လုံးဝမဖတ် တတ်ဘူး။ သူ့မိသားစုကလည်း အင်မတန် ဆင်းရဲတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတာ၊ ပြီးတော့ ဒီကလေးက လေးတန်း နှစ်ခါကျ ထားတာလေ''

''ဟုတ်တယ်ဆရာကြီး  စကားအပြော အဆိုကလည်း အလွန်ရိုင်းတယ်။ ဟိုတစ်နေ့က ပိုးအိဆိုတဲ့ကလေးမလေးကို   လက်သီးနဲ့ ထိုးလိုက်လို့ ကလေးမလေးက   ကျွန်တော့်ဆီ လာတိုင်တယ်။  ကျွန်တော်လည်း သေချာ စစ်မေးလိုက်တာပေါ့။  အဖြစ်က ပိုးအိသူ့ကို မုန့်မကျွေးလို့တဲ့၊  သူက ပိုးအိကိုပြောင်လည်း ပြောင်သေးတယ်တဲ့၊ အဲဒါကျွန်တော်ဝါးခြမ်းနဲ့ လေးချက်လောက်ရိုက်လိုက်တယ်။ နောက်လည်း မလုပ်ဖို့ ဆုံးမစကားပြောလိုက်တယ်''

''ဆုံးမတော့ သူဘယ်လိုဖြစ်သွားလဲ''

''ဆရာကြီးရ    ချောက်ထဲကျနေသူကို လက်ကမ်းပေးသော်ညား ကမ်းတဲ့လက်ကို   ပုတ်ချနေတော့ ကျွန်တော်သွန်သင်ဆုံးမလည်း သူကိုယ်နှိုက်ကမခံယူတော့ ဘယ်လိုလုပ်မလဲ။ ရိုက်ပြီးကတည်းက သူ့စိတ်ထဲမှာကျွန်တော့်ကို မဟာအမုန်းကြီး မုန်းသွားလောက်တယ်၊ ကျွန်တော့်ကိုလည်း  မကြည်ကြည့်ကြည့်ပြီး လက်သီးဆုပ်ကာ သူ့နေရာသူပြန်သွားထိုင် တယ်။ ကျွန်တော်လည်း  ရိုက်လိုက်တာများ မှားသလားဆိုပြီး    ပြန်တွေးနေမိတယ်၊ စိတ်တော့ညစ်ပါတယ် ဆရာကြီးရာ''

ဆရာကြီးက    အငွေ့စဲစပြုနေသည့် ရေနွေးကို တစ်ကျိုက်သောက်ကာ  မာန်ပါပါ ပြောလိုက်သည်။

''စိတ်မညစ်ပါနဲ့ကွာ ကျောင်းဆရာဘဝ ဆိုတာ ကျောင်းသားမျိုးစုံ၊  စရိုက်ပေါင်းစုံနဲ့ တွေ့ကြရတာပါပဲ။     ဥယျာဉ်မှူးတွေဟာ         ပန်းပေါင်းစုံကို စိုက်ပျိုးရတယ်။ တစ်ခါတစ်ရံ ဆူးပါတဲ့အပင်ကို  စိုက်ပျိုးမိရင်  အဆူးခံပြီး စိုက်ရတာပါပဲ''

''ဆရာကြီးစကား ကျွန်တော်သိပ်နားမလည် ဘူးဗျ''

''မင်းနားလည်အောင် ငါ့ကိုယ်တွေ့အဖြစ် အပျက်လေးတစ်ခုနဲ့ပြောပြမယ်''

''ဟုတ်ကဲ့ဆရာကြီး''

''ငါကျောင်းဆရာလုပ်ခါစကပေါ့။  အဲဒီ တုန်းက ငါ့အသက်က (၂၁)နှစ်၊  အလွန်ကြာ နေပါပြီ။  လွန်ခဲ့တဲ့ ၃၅ နှစ်လောက်ကပေါ့၊ ဒါပေမယ့် ခုထိ အဲဒီကလေးကို  ငါမမေ့နိုင် သေးဘူး''

''ဘာဖြစ်လို့လဲ ဆရာကြီး''

ကျွန်တော်လည်းသိချင်ဇောနှင့်  စကား ဖြတ်ပြီး ထပ်မေးလိုက်သည်။

''ဒီလိုကွ   ငါကအသက်(၂၁)နှစ်လေ။  မူလတန်းပြလေးပေါ့ကွာ။  ငါတို့ကျောင်းမှာ ကျောင်းအုပ်ရယ်၊ ငါရယ် နှစ်ယောက်ပဲရှိတယ်၊ ကျောင်းအုပ်ကတော့  အသက်(၅ဝ)ကျော် လောက်ပေါ့။  ကျောင်းသားအရေအတွက်က   ၉ဝ၊ အတန်းက ငါးတန်း၊ ဆရာနှစ်ယောက် တည်းနဲ့ အတန်းငါးတန်းကို    ဖြစ်သလိုသင်ရ တာပေါ့ကွာ။ သူငယ်တန်းသင်နေရင် နှစ်တန်း က ဆော့ကြ။ သုံးတန်းသင်နေရင် လေးတန်း ကဆော့ကြ၊ ဒါ့ထက်ပိုဆိုးတာက ကျောင်းသား တွေကွ''

''ကျောင်းသားတွေက   ဘာဖြစ်လို့လဲ ဆရာကြီး''

''အဲဒီတုန်းက လေးတန်းကျောင်းသား တွေထဲ အစိုးရစစ်  ခဏခဏကျတဲ့အသက် (၁၇)နှစ်၊ (၁၈)နှစ်တွေပါတယ်။  ငါနဲ့မတိမ်း မယိမ်းဖြစ်နေတာ စာသင်ချိန်ဆိုလည်း ဒီကောင် တွေကိုပဲ အမြဲသတိထားနေရတာ။  အဲဒီထဲမှာ ပိုဆိုးတာက ကြာခွက်ဆိုတဲ့ကျောင်းသား''

''အမည်က ဘယ်လိုကြီးလဲ ဆရာ''

''အေး အမည်ကလည်း ဆန်းသလောက် လူကလဲ ခပ်ဆိုးဆိုး။ အတန်းထဲမှာ ဒီကောင်က လူကောင်အကြီးဆုံး၊ ကျန်တဲ့ကျောင်းသားတွေ က သူ့ကိုကြောက်ကြရတာ။ တစ်နေ့ကျောင်းသူ လေးတစ်ယောက် ငိုနေတာတွေ့တော့ ဘာလို့ ငိုနေတာလဲမေးတော့လည်း မဖြေဘူး။ နောက် တစ်နေ့လည်း ကျောင်းသူလေးတစ်ယောက်ထပ်ငိုပြန်ပါရော''

ဇာတ်ရှိန်မြင့်လာပြီဖြစ်၍   ကျွန်တော် ဘာမျှမပြောဘဲ နားထောင်နေလိုက်သည်။

''ဒါနဲ့  ငါလည်း   အဲဒီကလေးမလေးကို ခေါ်မေးတော့၊ မပြောရဲဘူးတဲ့''

''ဘာလို့မပြောရဲတာတဲ့လဲ ဆရာကြီး''

''ကြာခွက်က လုပ်မှာဆိုးလို့တဲ့၊ မဖြစ် တော့ဘူးဆိုပြီး ကလေးမကိုချော့ပြီး မေးလိုက် တော့ ငါ့ကောင် မောင်ကြာခွက်က  တကယ့် ငါြးေ>ွမထိုးလေး ကောင်မလေးတွေဖင်ကို လက်နဲ့ လိုက်ဆိတ်ဆွဲပြီး   ဆရာ့တိုင်ရင်လုပ်မှာဆိုပြီး နေ့တိုင်းလိုက်စနေတာတဲ့ဗျာ''

ဝင်းကိုထက်တောင်   ပိုပါလားဆိုပြီး ကျွန်တော်တွေးမိသည်။

''ငါလည်း   ကြာခွက်ကိုခေါ်ပြီးမေးတော့ ခပ်တည်တည်ပဲဗျာ၊ ဟုတ်တယ် လုပ်တယ်တဲ့။ ငါ့လည်း စိတ်တိုရကောင်းမတိုရကောင်း၊ သူဖြေ တဲ့ပုံစံက လူကိုမခန့်လေးစားပုံစံနဲ့ပေါ့ကွာ။ သူနဲ့ ငါကအသက်က သိပ်မကွာ၊ မဆုံးမလို့ ကလည်း မဖြစ်၊ ဒီအတိုင်းလွှတ်ထားရင် ပိုးဆိုးမှာပဲဆိုပြီး အရဲစွန့်ရင်း  တခြားကျောင်းသားတွေရှေ့မှာ ငါးချက်လောက်  အားကုန်ထည့်ရိုက်လိုက် တယ်''

''ဆရာကြီးက ကျွန်တော့်ထက်တောင် အရိုက်ကြမ်းပါလား''

''ကြမ်းဆို ကျောင်းအုပ်ကြီးတောင်မျက်လုံး ပြူးသွားတယ်။   ကြာခွက်ကိုရိုက်ပြီးတော့         ကောင်မလေးတွေကို အဲဒီလိုမစရဘူး၊ မင်း ထောင်ကျမှာ  မကြောက်ဘူးလားဆိုတော့ မကြောက်ဘူးတဲ့။ ဘယ်သူ့ကိုမှလည်း မကြောက် ဘူးတဲ့။ ခင်ဗျားကြီးကိုလည်း  မကြောက်ဘူး ဆရာဖြစ်နေလို့သာ ငြိမ်အရိုက်ခံတာ။ ကျုပ်တို့   အမျိုးက ဘာမျိုးလဲဆိုတာ တစ်နေ့သိစေရ မယ်တဲ့။ သွေးတိုးမဆန်းနဲ့ ခွေးမျိုးကန်းသွား မယ် ဘာမှတ်နေလဲတဲ့။ ပြီးတော့  မျက်စောင်း  ထိုးကြည့်ပြီး နေရာကနေပြန်သွားတယ်''

ကျွန်တော့်ရင်ထဲတွင် ကြက်သီးများပင် ဖြန်းဖြန်းထနေလေသည်။

''ဆရာကြီး   ပြီးတော့ဘာတွေဆက်ဖြစ် သေးလဲ''

''ဖြစ်တာပေါ့   သူ့မိဘတွေကိုခေါ်၊ ကျောင်းအုပ်ဆရာကြီးရယ်၊  ကြာခွက်ရယ်၊ ငါရယ် ရုံးခန်းမှာတွေ့ပြီး ဝန်ခံကတိတွေထိုး၊ ဖခင်ဖြစ်သူမှာဆို   မျက်စိမျက်နှာတွေကို       ပျက်နေတာ။ ငါ့ကိုလည်း  တောင်းပန်ရှာပါ တယ်။  ဟိုကောင်   ကြာခွက်ကတော့  ငါနဲ့ မျက်လုံးချင်းဆုံတိုင်း အံတကြိတ်ကြိတ်နဲ့ပေါ့၊ ငါကတော့   ကြာခွက်နဲ့ပတ်သက်ပြီး   အဲဒီ ကတည်းက ဘယ်လိုမှ သဘောမထားခဲ့ပါဘူး။ ပြုံးတောင်ပြလိုက်သေးတယ်''

ကျွန်တော်တို့စကားကောင်းနေကြတာ ငှဲ့ထားသောရေနွေးများမှာ အေးစက်နေပေပြီ။

''ကျောင်းဆရာဘဝဆိုတာ   ဒီလိုပါပဲ။  မင်းကခုမှ   ဆရာလောကထဲဝင်ခါစရှိသေး တယ်။ ကြုံတွေ့ရဦးမှာ ရှေ့ဆက်ပြီး စိတ်မညစ် ပါနဲ့။ ငါတို့ကျောင်းဆရာဘဝဆိုတာ တပည့် တွေအတွက် တစ်ခါတလေ မင်းသား၊ တစ်ခါ တလေ ဗီလိန်၊ လူကြမ်းပေါ့ကွာ၊  အကယ်ဒမီ ပေးရင်လေ ဒို့ဆရာတွေပဲရမှာကွ''

သြော်....ဆရာကြီး  ပြောပြလိုက် တော့လည်း ညစ်နေသည့်စိတ်မှာ တစ်ဖန်ပြန် နိုးထလာမိသည်။

''ငါတို့ကျောင်းဆရာတွေဆိုတာ  နိုင်ငံ့ ဝန်ထမ်းတွေဖြစ်တယ်။  ပင်စင်မယူမချင်း   တာဝန်ထမ်းဆောင်ကြရမှာ၊    တိုင်းပြည် တိုးတက်ဖို့   ငါတို့ကျောင်းဆရာတွေဟာ အက္ခရာပဲ'' ဆိုသည့် ဆရာဦးဘုန်း စကားလေး ဟာ ကျွန်တော့်နားထဲမခေါ်ဘဲ ပြန်ကြားယောင် နေမိသည်။

ကျွန်တော်တို့  ကျောင်းဆရာတွေဟာ        တိုင်းပြည်ရဲ့    အနာဂတ်ပဲ့ကိုင်ရှင်တွေသာ ဖြစ်သည်။  ဥယျာဉ်မှူးဆိုလည်း မမှားပေ။ဥယျာဉ်မှူးများသည် ပန်းပေါင်းစုံကိုစိုက်ပျိုး ရပြီး  တစ်ခါတစ်ရံ   ဆူးပါသည့်အပင်ကို       စိုက်ပျိုးရသည့်အတွက်  အဆူးခံပြီးစိုက်ပေးမြဲ ပါပဲ။    ။

သုခယံ(မန္တလေးပညာရေးကောလိပ်)

No comments:

Post a Comment