Latest News

Thursday, August 9, 2018

စိတ်ဝင်စားစရာ သမိုင်းအချက်အလက်အချို့..................... ဗိုလ်လင်္ကျာကို ကိုယ်မသတ်ဖူး (မန်းမြင့်ဆိုင်)


ဒီကနေ့ထုတ် တူမောရိုးဂျာနယ် (အမှတ်၂၆) မှ

နိဒါန်း..။အမှတ်( ၃၁) တူမောရိုးဂျာနယ်ပါ ဆောင်းပါးရှင် ဇော်သက်ထွေးရဲ့ ဥပစ္ဆေရကံနဲ့သေဆုံးကြတဲ့ရဲဘော်သုံးကျိပ်ဝင်၈ယောက် ဆောင်းပါးထဲမှာ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်လကျာင်္ဟာ ပြည်ချစ်တော်လှန်ရေးကာလကဒေါက်တာမန်းမြင့်ဆိုင်ရဲ့ လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ အဆိုပါဆောင်းပါးနဲ့ပတ်သက်ပြီးဒေါက်တာမန်းမြင့်ဆိုင် ကို ဆက်သွယ်မေးမြန်းခဲ့ရမှာ ဆောင်းပါးပါစွတ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီးသူ့ရဲ့ပြည်ချစ်တော်လှန်ရေးကာလအတွေ့အကြုံများကို အခုလိုဖြေကြားခဲ့တာပါ..။

မေး..။ ဆရာက ပြည်ချစ်တော်လှန်ရေးနယ်ထဲ ဘယ်တုန်းကစရောက်တာလဲ။

ဖြေ..။ ကိုယ်က ဟင်္သာတမှာ ဆရာဝန်လုပ်နေတုန်း ၁၉၇၃မှာ တောခိုဖြစ်တယ်။ အဲဒီတုန်းက ကိုတင်မောင်ဝင်း၊ဗိုလ်ရန်နိုင်၊ အောင်လင်္ကျာတို့က ဆက်သွယ်လာလို့ တောခိုဖြစ်တယ်။
ကိုယ်ရောက်တော့ပြည်ချစ်အကွဲကာလပါ။ တောင်ပိုင်းဘက် ဗိုလ်ရန်နိုင်တပ်မှာ နေတယ်။ ဦးနုက မရှိတော့ဘူး။ပြည်ချစ်တပ်တော်တော်များများက စစ်ကို အာရုံစိုက်မတိုက်ကြဘူး။ အဲဒီကာလမှာ ကရင်နဲ့ ပဋိပက္ခအတော်လေးဖြစ်နေတယ်။သစ်အကောက်ခွန်ကိစ္စ၊ ခဲမိုင်းကိစ္စ၊ နယ်မြေနဲ့ လူမျိုးရေးကိစ္စတွေ တချို့ ဖြစ်နေတယ်။

မေး..။ အချက်အလက်ဖြစ်စဉ်နဲ့ ပြောပေးလို့ရနိုင်မလားဆရာ။ ဘာ့ကြောင့်ကရင်နဲ့ ပဋိပက္ခဖြစ်ရတာလဲ။

ဖြေ.။ပြည်ချစ်က အစောပိုင်းမှာ ကရင့်နယ်မြေအဖြစ်ပေးဘို့ သဘောတူထားတာ။ တော်လှန်ရေးက ကရင် နယ်မြေပေးမှတပ်ထောင်ပြီး နယ်စပ်မှာနေပြီး လုပ်နိုင်မှာကိုး။ နယ်မြေခွဲတဲ့နေရာမှာ ကရင်က သူတို့မအုပ်စိုးနိုင်တဲ့ နယ်မြေတွေရှိတယ်။ ရှမ်းဓားပြတွေပေါနေတယ်၊ ကွန်မြူနစ်သူပုန်တွေလည်းရှိနေတယ်။အဲဒါတွေရှင်းနိုင်ရင် မင်းတို့အဲဒီမြေမှာထိုင်ဆိုပြီးပေးတော့ ပြည်ချစ်တပ်တွေက ၀င်ရှင်းတော့နယ်မြေတွေရတယ်။နယ်မြေရဖို့ စစ်တပ်ကို မရှင်းခင် ကိုယ့်ဆီက လက်နက်ကိုင်တပ်တွေနဲ့အရင်ရှင်းရတာ။ ထိုင်းကွန်မြူနစ်တို့၊မလေးရှားကွန်မြူနစ်တို့လည်းပါတယ်။ အဲဒါတွေရှင်းပြီးမှ နယ်မြေထိုင်နိုင်တာ။ ထိုင်လည်းထိုင်ရော၊အောင်လကျာင်္တို့လို လူငယ်တွေက စပြီး အဲဒီအကောက်ခွန်တို့ ဘာတို့ဖန်တီးတော့ ကရင်ကလည်းမြင်သွားတယ်။ ကရင်ကသူတို့ကိုပေးရမယ်တောင်းတာ မပေးဘူး။ အဲဒီမှာတင် ပဋိပက္ခတွေဖြစ်ကုန်တာ။ကရင့်နယ်မြေ၊ ကရင့်ပြည်၊ ကရင်ပြန်ရရေးတွေဖြစ်လာပြီး တရားဝင်တောင်းဆိုတယ်။ ဦးနုကစပြီး ဗိုလ်ရန်နိုင်တို့၊ ဗိုလ်လကျာင်္တို့က ငြင်းတော့အဆင်မပြေတော့ဘူး။ သူတို့လည်းဒီလိုနယ်မြေရဖို့ အသက်တွေအများကြီးပေးခဲ့၊ ယူခဲ့ရတာကိုး။ ကရင်ကလည်း အဲဒီတော့ သူတို့မြေပုံအတိုင်း ပြန်သိမ်းတဲ့စစ်ဆင်ရေးတွေလုပ်လာတာပဲ။ နောက်ဆုံးတော့အဲလိုတွေဖြစ်ကုန်ကြတာပေါ့..။

မေး..။ လက်နက်နဲ့အထောက်အပံ့ကိုဘယ်ကရသလဲဆရာ။

ဖြေ။လက်နက်ကို အမေရိကန်ကူညီတယ်။ လေယာဉ်ပျံထားတဲ့ ဂိုဒေါင်ကြီးတွေနဲ့ ဂိုဒေါင်၂လုံးအပြည့်ရှိတယ်။ လာအိုနယ်စပ်မှာပါ။ ဗီယက်နမ်စစ်ပွဲတုန်းကပိုတဲ့ သေနတ်တွေ။ အေကေ၊ အမ်၁၆ အသစ်တွေရတယ်။ နောက်ပိုင်းသုံးတာတွေက ဂျာမဏီက အိပ်ခ်ျကေကုမ္မဏီထုတ်သေနပ်တွေကိုသုံးတယ်။သူက အမ်၁၆ ကျီဆံနဲ့တသားထဲ ပစ်လို့ရတယ်။ ငွေကြေးအထောက်အပံ့ကတော့ ရှင်းရှင်း ပြောရရင်စီအိုင်အေ ပိုက်ဆံနဲ့ထောင်တာ။ အပေးအယူက တချက်ထဲပါ။ တိုင်းပြည်အုပ်ချုပ်ခွင့်ရရင် ရေနံနဲ့သယံဇာတတွေ အမေရိကန်ကုမ္မဏီတွေကိုပဲလုပ်ခွင့်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ပါ။

မေး..။ ပြည်ချစ်တပ်တွေက ဘယ်မှာ အခြေချသလဲဆရာ..။

ဖြေ။တပ်တွေက ဗိုလ်ချုပ်ရန်နိုင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊( နဂါးမောက်အထူးတပ်ရင်းဆိုတာလည်းဖွဲ့ထားတယ်၊ဗိုလ်ဂျင်မီ(ခ) မင်းနိုင်က ကိုင်တယ်။ ဗိုလ်ရန်နိုင်သား ရန်လင်းနိုင်က ဒုတပ်ရင်းမှုး)
အလယ်ပိုင်းတိုင်းကိုဦးသွင်ကိုင်တယ်။ (သူလည်း ပေါက်ကျိုင်းတပ်ရင်းအပါအ၀င် အထူးတပ်တွေရှိတယ်)
မြောက်ပိုင်းတိုင်းကိုကရင်နီနယ်ထဲမှာ ဗိုလ်မှုးအောင်ကိုင်တယ်။
တခြားလူတွေက ဌာနချုပ်မှာများတယ်။
နောက်ပိုင်းမှာ ဦးနုကမရှိတော့ဘူး။ အိန္ဒိယထွက်သွားပြီ။ ပါတီဥက္ကဌကဗိုလ်လင်္ကျာ၊ စစ်ဦးစီးချုပ်က စောကြာဒိုး။

မေး..။ ဆရာကမြွေဟောက်တပ်ကလို့သိရတယ်။ ဘယ်လိုပုံစံနဲ့တပ်ဖြစ်လာတာလဲ၊ဘယ်မှာအခြေစိုက်လဲ။

ဖြေ…။ဗိုလ်ချုပ်စောကြာဒိုးကို ကိုယ်က ကွန်မင်ဒိုတပ်ဖွဲ့ပေးဘို့ လိုအပ်တဲ့ အကူအညီနဲ့သင်တန်းပေးဘို့ပြောတယ်။
သူကရန်ကုန်ဗဆွေနဲ့တွဲပြီးထည့်ပေးလိုက်တယ်။ ဒါနဲ့ ဗိုလ်မှုးအောင်ရဲ့ မြောက်ပိုင်းတပ်ရှိတဲ့သော်လဲထ၊ စောထ တို့မှာ လူမသိအောင် ကွန်မင်ဒိုတပ်ထောင်တယ်။မြွေဟောက်တပ်နာမည်နဲ့၊ အစောပိုင်းလူ ၆၀ပဲ ရှိတယ်။ နောက်ပိုင်း လူ ၄၀၀ ဖြစ်လာတယ်။ ဗထူး ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးခင်မောင်မြင့်(ဗထူး ကျောင်းအုပ်ကြီးဟောင်း)က လေ့ကျင့်ပေးတယ်။
၁၉၇၉အကုန်လောက် ကရင်ပြည်နယ် သံတောင်ဘက်ကို တပ်တွေဆင်းတယ်။ကော်သူးလေ ကရင်တပ်တွေနဲ့ရံပြီးသွားတာ။ ဟိုဘက်ကမ်းမှာ KNUP က ဗိုလ်ချုပ်မြမောင်တပ်တွေရှိတယ်။သူတို့က KNU နဲ့မတည့်ဘူး။ ဗိုလ်ချုပ်မြမောင်က ကိုယ့်အမေရဲ့ မောင်ဝမ်းကွဲတော်တယ်၊ ကိုယ့်ကိုခေါ်တယ်။ဒါပေမယ့် ပြည်ချစ်အနေနဲ့ပဲလက်ခံတယ်။KNU အနေနဲ့လက်မခံဘူး။
နောက်ပိုင်းတောင်ငူနယ်ဘက်လှုပ်ရှားတယ်။ တခါတလေ တော်လှန်ရေးက ရီစရာလည်း ကောင်းတယ်။ ကိုယ့်တပ်က နောက်ဆုံးဗိုလ်မြရဲ့ စပါးသိမ်း၊ စပါးယူ တပ်ဖြစ်နေတာကို ကိုယ်တို့ကမသိဘူး။ ၄နှစ်လောက် အဲဒီအတိုင်းရွာလည်နေတယ်။

နောက်ပိုင်းဗိုလ်ချုပ်လက်င်္ကျာကိုယ်တိုင် ကြီးမှုးတဲ့ တောင်ပိုင်းက တပ်တခုဆီပို့လိုက်တယ်။ တပ်ရင်းမှုးကသူ့သား အောင်လကျာင်္။ ကိုယ်ကတော့ မြွေဟောက်တပ်ရင်းအတိုင်းနေတယ်။ အောင်လင်္ကျာက ဂဠုံအထူးတပ်ရင်းဆိုပြီးဖွဲ့တယ်။အဲဒီတော့ အထူးတပ်ရင်း ၃ရင်းဖြစ်သွားတယ်။ (နဂါးမောက်၊ ဂဠုံ၊ မြွေဟောက်)။
အဲဒီတုန်းကနွားလဘို့တောင်တန်းခြေရင်းမှာတပ်ချတယ်။ယိုးဒယားနဲ့ မြန်မာထွက်ပေါက်ဝင်ပေါက်လမ်းတွေမှာပါ။သစ်တောတွေ၊ နယ်ခြားဂိတ်တွေကနေမှောင်ခိုသမားတွေ၊ သစ်ခုတ်သမားတွေဆီက အခွန်အကောက်လုပ်တယ်။ကိုယ်တို့တပ်က ခဲမိုင်းတွေကိုင်တယ်။ သိပ်အဆင်မပြေဘူး။ ဘယ်လောက်ထိဖြစ်လဲဆိုတော့ ရဲဘော်တွေစောင်ပတ်ပြီးနေရတဲ့ထိ အ၀တ်အစားမလုံလောက်ဖူး။ အဲဒီအချိန် အောင်လင်္ကျာတပ်တွေက ယူနီဖောင်းအသစ်၂စုံ ၃စုံနဲ့။ အဲဒီတော့ ကိုယ်က ကိုယ့်တပ်ကိုလည်း ပြန်ကြည့်ဘို့၊ အခြေအနေအရပ်ရပ်ကိုအစည်းအဝေးမှာတင်ပြတယ်။
ကိုယ်စီးထားတဲ့နယ်မြေကို၃နှစ် ပေးဘို့။အဲဒီ၃နှစ်အတွင်း ကိုယ့်ငွေကိုယ်ရှာ၊ လက်နက်နဲ့ ယူနီဖောင်းဆင်ပြီး ပြည်ချစ်တပ်အနေနဲ့ပဲမြောက်ပိုင်းကနေ ပြည်တွင်းအရောက် ကရင်နီနဲ့ဆက်ပြီး လှုပ်ရှားမယ့်အကြောင်း ပြောတယ်။
အဲဒီအစည်းအဝေးပြီး၂ရက်အကြာ အောင်လင်္ကျာတပ်တွေက ကိုယ့်တပ်ကိုဝင်တိုက်တယ်။ ရဲဘော်၂ယောက်နဲ့ အတူ ကိုယ့်ဘယ်လက်ထိပြီးလက်ကျိုးဒါဏ်ရတယ်။ ဒါ့အပြင်သူတို့က တပ်ဘေးနားတွေမှာ မိုင်းလာထောင်ထားလိုက်တယ်။ ကိုယ့်တပ်ခွဲကရဲဘော်၃ယောက်ကျသွားတယ်။ ပြန်မတိုက်ဘူး။ ကိုယ့်ဘက်ကအားမရှိတဲ့အပြင် ပြန်တိုက်ရင် ဗိုလ်င်္ကျာတပ်ပြန်တိုက်သလိုပုံစံဖြစ်မှာစိုးလို့ပါ။ဒါနဲ့ ကိုယ့်ဖာသာပဲ လုံခြုံရေးယူပြီးနေတယ်။စားနပ်ရိက္ခာဝယ်ထားလိုက်တယ်။ ခါတိုင်းလို ဗဟိုကို အခွန်အကောက်တော့ မပေးတော့ဘူး။ တပ်ကွဲသွားပြီပဲဆိုပါစို့။
အမှန်တော့ တပ်တွေက ဗိုလ်ရန်နိုင်တို့နဲ့ အရင်ဆုံးစကွဲခဲ့တာ။ဗိုလ်လင်္ကျာနဲ့စကားများပြီးကွဲကြတာတဲ့။ကိုယ်က လက်ဒါဏ်ရာရတော့ ဗိုလ်ရန်နိုင်ဆီသွားခိုနေရတယ်။ ဘန်ကောက်တက်ပြီး ဗိုလ်ရန်နိုင်ရဲ့ နဂါးမောက်တပ်မှုးဗိုလ်မင်းနိုင်(ဂျင်မီ)ကဆေးကုပေးတယ်။ကိုယ့်ရဲဘော်တွေကိုလည်းပြောထားတယ်။ ဘယ်သူ့မှ သွားမစနဲ့ မတိုက်နဲ့ ကိုယ့်ဖာသာနေပြီး စခန်းလုံခြုံရေး၊ အခွန်ကိစ္စပဲဖိစီးလုပ်ကိုင်ဘို့ကိုယ့်ညီ မန်းဘုန်းဆိုင်နဲ့ ဗိုလ်သွေးကို ပြောထားတယ်။
ဗိုလ်ရန်နိုင်စခန်းကနေ ကိုယ့်စခန်းအသွား ယိုးဒယားက နယ်ခြားဖြတ်ကျော်အမှုနဲ့ကိုယ်ရယ်ရဲဘော် ၁၁ ယောက်ကိုဖမ်းတယ်။ထောင်ထဲ ၂ပတ်နေရတယ်။
အဲဒီနောက် ကိုယ့်တပ်ကို ပြန်ရောက်တော့ အောင်လကျာင်္တပ်တွေခဏခဏရန်စတယ်။ကိုယ်က ပြန်မလုပ်ဖူး။

မေး..။ ဗိုလ်လကျာင်္လုပ်ကြံခံရတဲ့ အခြေအနေက ဘယ်က ဘယ်လိုဖြစ်လာတာလဲဆရာ၊ဘယ်သူတွေ ဘယ်အဖွဲ့တွေက လုပ်ကြံတာလဲ..။

ဖြေ..။ ကိုယ့်နယ်မြေထဲ ကရင်ရောက်လာတာက အဲဒီလုပ်ကြံမှု ဖြစ်လာဖို့အကြောင်းတခုလို့ပဲ ပြောရမလားမသိဘူး။ ကိုယ့်တပ်လုံခြုံရေး၊ စီးပွားရေးက အခြေအနေမဟန်တော့ဘူး။နောက်ပိုင်း ကရင်ကလည်း သူတို့နဲ့ ပေါင်းဘို့ ဆက်သွယ်လာတယ်။ ဗိုလ်မှုးကြီး GladStona ( ကော်သူလေး စစ်ဆင်ရေးချုပ်) သူကကိုယ့်ဆီလာစကားပြောတယ်။ နောက်ပိုင်းမှာ ဗိုလ်မှုးကြီးမာဘယ်လ်ဆိုတဲ့လူကိုလွှတ်လိုက်မယ်၊ဆက်ဆွေးနွေးပါဆိုတော့ မာဘယ်လ် လာတဲ့အခါ တွေ့ကြတယ်။ ကိုယ်က ကိုယ့်တပ်တွေ ကရင်နီနယ်ထဲသွားဖို့ရှိတယ်ချောင်နေတဲ့နေရာတွေမှာ ခင်ဗျားတို့ဝင်နိုင်တယ်၊ နေနိုင်တယ်။ ပြီးတော့ ကျနော်တို့ကိုအကုန်ထောက်ပံ့ရမယ်၊ လက်နက်၊ ရိက္ခာနဲ့ ငွေကြေးအစပေါ့။ အဲဒီကမ်းလှမ်းချက်ကို ဗိုလ်မြကသဘောတူတယ်။ဒီတော့ ကိုယ်တို့လည်း သွားဖို့ပြင်တယ်။ ဒီစခန်းတခုလုံးက ပြည်ချစ်အနေနဲ့ မဟုတ်တော့ဘူး၊ကရင်က ၀င်ထိုင်မယ်ဆိုလည်းထိုင်ပေါ့၊ နောက်တော့ကရင်တပ်တွေရောက်လာပါလေရော.။ လက်နက်ကြီးတွေသယ်လာတယ်။
မင်းတို့ဟာက နောက်ပွင့်တွေနဲ့ ဘာတွေနဲ့ များလှချေလားဆိုတော့၊ကျနော်တို့က ဗိုလ်လင်္ကျာတို့နဲ့ ပဋိပက္ခဖြစ်ပြီတဲ့. ဆွေးနွေးရေး မပြေလည်ဘူးတဲ့၊ အဲဒါကျနော်တို့နဲ့အဓိက ရန်သူဖြစ်သွားပြီတဲ့.။ ဒီတော့ကိုယ်က အဲဒါဆိုရင် ငါတို့တော့မပါဘူးနော်၊ ငါတို့မတိုက်ဖူး၊ဒါပေမယ့် မင်းတို့ဖာသာ တိုက်ရင်တိုက် ငါတို့တော့ မကန့်ကွက်ဖူးလို့ ပြောတယ်။ ဒီတော့မာဘယ်လ်က ခင်ဗျားတို့ကိုလည်း ဗိုလ်လင်္ကျာတပ်တွေချထားတာပဲ ဘာညာနဲ့ ပြောတယ်။ ကိုယ်က..ဟာ.အဲဒီလိုပြောလို့မရဘူး၊ကျနော်တို့ဆီကချာတိတ်တွေကလည်း မတိုက်ချင်ဘူး၊ အချင်းချင်းတွေ၊ တချိန်တုန်းက တတပ်ထဲတွေ၊ကျနော်လည်း မတိုက်ချင်ဘူးလို့ ဗြောင်ပဲပြောတယ်။ ဒါပေမယ့် ကိုယ်က လက်ခံထားပြီးအိမ်ရှင်လိုဖြစ်နေတော့စောင့်ရှောက်ရတယ်။ အဲလိုတွေဖြစ်ကုန်ရော..။

အဲဒီတော့ သူတို့က ကိုယ့်တပ်ခွဲမှုးလေးတယောက် လမ်းကျွမ်းကျင်တဲ့ဗိုလ်ထွန်းခင်ဆိုတာနဲ့သွားညှိတယ်။ တပ်ရင်းမှုးဖြစ်တဲ့ကိုယ့်တောင်အသိမပေးပဲ ဗိုလ်ထွန်းခင်နဲ့သွားညှိတာ။ ဟိုကလည်း လမ်းပြမယ်ဆိုပြီး တိုက်ဖို့အစီအစဉ်တွေလုပ်နေတာပေါ့။ နောက်တော့ သတင်းကပေါက်ရော.။ အဲဒီတော့ကိုယ်က မဖြစ်ချေဘူးဆိုပြီးထပ်စကဲ ဆိုတဲ့မြို့လေးကို ဆင်းသွားတယ်၊ ပြီးတော့ အောင်လင်္ကျာရဲ့ ဒုတပ်ရင်းမှုး၊ ( အဲဒီအချိန်အောင်လင်္ကျာကျသွားခဲ့ပြီသူက လုပ်ကြံခံလိုက်ရတာ၊ စီးပွားကိစ္စ မပြေလည်လို့ ထိုင်းကြေးစားကသတ်လိုက်တာ)။ ထားဝယ်သား ဗိုလ်မှုးသာစင်က တပ်အားလုံးကိုဦးစီးရတဲ့ တပ်ဦးစီးမှုး။ သူ့ကို လှမ်းခေါ်တော့ ကိုယ့်ဆီ ညဘက်ကြီး၈ နာရီလောက် မော်တော်ဆိုင်ကယ်နဲ့ ဆင်းလာတယ်။ ကိုယ်တို့တွေ့တာက ယိုးဒယားက သစ်အကြီးအကျယ်ထုတ်တဲ့တပ်ကြပ်ကြီး(ကြာ)မိုင်ရဲ့ အိမ်မှာဖြစ်တယ်။ ကိုယ်ကသူ့ကို ငါတော့ မတတ်သာလို့ လောလောဆယ် ကရင်နဲ့ ပေါင်းလိုက်ရပြီ။ ဒါပေမယ့်တပ်ပေါင်းတာတော့မဟုတ်ဖူး၊ ငါ့ဆီရိက္ခာ၊ ကျီဆံပေးတယ်လို့ ရှင်းပြတယ်။ ဒီကောင်တွေ မင်းတို့ကိုတိုက်တော့မယ်၊ လက်နက်ကြီးတွေပါလာတယ်၊ မင်းတို့ခံနိုင်မှာမဟုတ်ဖူး၊ အဲဒါ အရေးကြီးတာကအဖိုးကြီး။ အဖိုးကြီးကို ဗိုလ်ချုပ်ကြာဒိုးဆီ ချက်ချင်းပို့ပါ။ အဖိုးကြီးကြားညှပ်လိမ့်မယ်၊သေချာမင်းတာဝန်ယူပြီးချက်ချင်းပို့လို့ပြောပြတယ်။
မေး..။ ဟုတ်ကဲ့ ဗိုလ်လင်္ကျာကိုလုံခြုံရာရွှေ့ဖြစ်သလားဆရာ..။နောက်ပိုင်းအခြေအနေဆက်ပြောပါအုံး။
ဖြေ..။ သူတို့တိုက်တွန်းနားချပေမယ့် အဖိုးကြီးက ခေါင်းမာတယ်။မသွားဘူးတဲ့။ သူတို့တပ်တွေကလည်း မိုင်းတွေအပြည့်ထောင်ပြီး လုံခြုံရေးသေချာလုပ်ထားတာပါပဲ.။ဒါပေမယ့်
ကရင်ကလည်းလည်တယ်။ ယိုးဒယားအာဏာပိုင်တွေကို ငွေ ၂သိန်းပေးပြီးစစ်ကားတွေနဲ့လာကြိုခိုင်းတာ..။ ပြီးတော့မှ အောက်ဖက်ကနေပတ်ပြီး တက်တိုက်တာ။ အဲဒီမှာတင် ဗိုလ်ချုပ်လကျာင်္ကျတာ။သူက ပစ်ကျင်းထဲမှာတင် ငုတ်စိငုတ်စိနဲ့လို့ ပြောတယ်။ ဘာမှပြန်မခုခံဘူးတဲ့..။ ကရင်ရဲဘော်တယောက်ကပစ်တာလို့ပြောတယ်။

မေး..။ ဘယ်သူဦးစီးပြီးဘယ်တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်တာလဲ..

ဖြေ..။ ကော်သူးလေတပ်ပါ၊ ဗိုလ်မှုးအော်လီဗာရဲ့တပ်။ အော်လီဗာရဲ့စစ်ဦးစီးက ဗိုလ်မှုး ဒါးကျော်တဲ့ သူက ဦးစီးတိုက်တာပါ..။ ကိုယ့်တပ်က မပါသွားဘူး။ လမ်းပြဖို့ခေါ်သွားတဲ့(၆) ယောက်တော့ပါသွားတယ်။ တကယ်တန်းတော့ လမ်းမပြဖြစ်ပါဘူး။ ကရင်က အပိုင်လုပ်တာ။ ယိုးဒယားနယ်ကိုကိုယ့်နယ်ကနေဆင်းတာ၊ ပြီးတော့ သူတို့နယ်ကိုကျော်ပြီး အနောက်ဖက်ကနေ ပတ်တိုက်တာ။ကိုယ်တို့တပ်နဲ့သူတို့တပ်ကြားက လမ်းကို ပိတ်ထားပြီး မိုင်းချထားတာတွေကအလကားဖြစ်ကုန်တာပေါ့..။ နောက်ကတိုက်တာ။ဗိုလ်လကျာင်္အိမ်ကလည်းတောင်အမြင့်ဆုံးမှာ တအိမ်တည်းသီးသန့်လေးရှိတာ။ အောက်ပိုင်းမှာတပ်စခန်းရှိတယ်။တိုက်ပွဲဖြစ်တော့ အဲဒီတပ်သားတွေမခုခံနိုင်ဘူးလို့ကြားတယ်။ ဗိုလ်လကျာင်္ကိုကာကွယ်ဖို့ကျနော်ကိုယ်တိုင်ပေးထားတဲ့ ၀င်းနိုင်ဆိုတဲ့ဟင်္သာတသားလေးတယောက်ရှိတယ်၊ ဗိုလ်လကျာင်္တပ်တတပ်လုံးထွက်ပြေးတဲ့အချိန်ဝင်းနိုင်တယောက်ထဲ ဗိုလ်လကျာင်္အတွက်ခံတိုက်တယ်။နောက်ဆုံးသူလည်းလက်ပစ်ဗုံးဒါဏ်နဲ့ ကျသွားတယ်။

မေး..။ ဆရာက အဲဒီအချိန်မပါဘူးလား၊ ဘယ်မှာလဲ..။

ဖြေ..။ ကိုယ်မရှိဘူး။ သူတို့အဲဒီစစ်ဆင်ရေးမလုပ်ခင် ၂ရက်အလိုမှာကိုယ်နဲ့ ဇနီးရယ်၊ ကိုဖုန်း(ကိုယ့်ညီ) ကိုယ်ရံတော် နယ်လ်ဆင်နဲ့ ထားဝယ်တပ်က ဗိုလ်ကြီးသိန်းဇော်၊ဗိုလ်ကြီးလှထွန်းရယ် တပ်ပြောင်းဖို့ကိစ္စ ဆွေးနွေးဖို့ ကော်မတီလေးတရပ်ဖွဲ့ပြီး ဘန်ကောက်ကိုလွှတ်လိုက်တယ်။ဘန်ကောက်မှာလည်း စောဘဦးကြီး(ကရင့်ခေါင်းဆောင်ကျဆုံး) ရဲ့သားမက် ကော်သူးလေနိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံဗိုလ်မှုးကြီး ရှယ်ဖရီကတိုး ရှိတယ်။ သူပိုင်တဲ့ အိမ်တအိမ်မှာ ကိုယ်တို့ကိုထားတယ်။ အဲဒီအချိန်မှာပဲတိုက်ပွဲဖြစ်တာ။ ကိုယ်ကသူတို့အစီအစဉ်ထဲ ၀င်ရှုတ်မှာစိုးလို့ လွှတ်လိုက်တာ။ ကိုယ်သိရတဲ့အချက်တွေကဗိုလ်သွေး ကြေးနန်းခိုးပို့လို့သိရတာတွေပါ.။ ဗိုလ်သွေးပဲ ဗိုလ်လကျာင်္ အသုဘကိစ္စတွေအကုန်စီစဉ်ပေးခဲ့တာတွေသိရတယ်။

မေး..။ ဘာကြောင့် ဆရာတိုက်တယ်လို့ နာမည်ထွက်ရတာလဲ..။
ဖြေ..။ ကိုယ့်တပ်နဲ့ကိုယ့်ပယောဂမပါဘူးဆိုပေမယ့် ကိုယ့်နယ်မြေဘက်ကနေသွားတဲ့တပ်တွေကိုး၊အဲလိုကောလဟာလတွေထွက်တာပေါ့။ ပြီးတော့ ကိုယ့်မြွေဟောက်တပ်နဲ့ အောင်လကျာင်္ တပ်ပဋိပက္ခဖြစ်ခဲ့တာလည်း လူတိုင်းသိတာပဲလေ။ ဗိုလ်လကျာင်္ကိုကရင်ဝင်တိုက်တော့ ကိုယ့်အကူအညီမပါပဲ ဒီနယ်မြေကို ကရင်ဝင်လို့မရဘူး၊ ကိုယ့်မှာတာဝန်ရှိပါတယ်လို့လုပ်ကြတာပေါ့။ တကယ်တော့ ကိုယ်သဘောမတူ၊ မပါဝင်တဲ့စစ်ဆင်ရေး။ လုပ်ကြံမှုမဖြစ်ခင် မှာဘန်ကောက်ကိုတပတ်ရိုက်အပို့ခံလိုက်ရတာ။

မေး..။ ဒီလုပ်ကြံမှုနောက်ပိုင်း ပြည်တွင်းနိုင်ငံရေးလောကမှာရောဘာဂယက်တွေထလဲဆရာ..။

ဖြေ..။ ၂/၈၀ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကိုယ်တို့ပြန်တယ်။ အဲဒီတော့ ဗိုလ်နေ၀င်းက ရဲဘော်သုံးကျိတ်ဝင်ဗိုလ်လကျာင်္ကိုအချင်းချင်းသံယောဇင်ရှိပုံရတယ်၊ သူက ဗိုလ်မှုးအောင်ကို သွားမေးတယ်၊ ဗိုလ်လကျာင်္ကိုသတ်တာမြင့်ဆိုင်လားလို့..။ ဗိုလ်မှုးအောင်က သူမြောက်ပိုင်းမှာရှိတာ၊ ဗိုလ်လကျာင်္ကတောင်ပိုင်းဖြစ်တယ်၊ဒါပေမယ့် ခွန်ရဲနောင်(ဗိုလ်မှုးကြီး၊ ပအို့ဝ်တော်လှန်ရေးဥက္ကဌ)ကိုမေးကြည့်သိနိုင်တယ်ပြောတော့၊ဦးနေ၀င်းက သူ့လူတွေနဲ့ စုံစမ်းတယ်။ ကံကောင်းတိုက်ဆိုင်ချင်တော့ ခွန်ရဲနောင်အိမ်မှာကိုယ်ကဗိုလ်လင်္ကျာတို့ကို ကရင်တိုက်တော့မယ့်အစီအစဉ်တွေ ပြောပြခဲ့ဖူးတဲ့ ဗိုလ်မှုးကြီးသာစင်ကရောက်နေတယ်။ အဲဒီတော့ ဗိုလ်မှုးသာစင်နဲ့ ခွန်ရဲနောင်နဲ့ ကိုယ်တိုင် ဦးနေ၀င်းဆီသွားရှင်းရတယ်တဲ့။အဲဒီမှာဗိုလ်မှုးသာစင်က ကိုယ် စွန့်စားပြီး သတင်းကြိုပေးခဲ့ပုံ၊ဗိုလ်လကျာင်္ကို အသက်ဘေးလွတ်အောင်စီစဉ်ဘို့သတိပေးခဲ့ပုံ၊ ဗိုလ်လကျာင်္ကိုယ်တိုင် ခေါင်းမာပြီးစခန်းမှာနေ လို့ကျဆုံးတာတွေပြန်ရှင်းပြခဲ့တယ်လို့ကြားတယ်။အဲဒီတော့မှ ကိုယ်လည်း ဆမလက်မှတ်( ဆေးကုသခွင့်) ပြန်ရတာ.။ တကယ်လို့ စစ်ဆင်ရေးကိစ္စသတင်းကြိုပေးတာပေါက်ကြားလို့ကတော့ကိုယ်လည်း အသက်ရှင်မှာမဟုတ်ဘူး။အခုထိ သာစင်တို့ရှိအုံးမယ် ခေါ်မေးကြည့်၊ သူတို့သိတယ်။

မေး..။ ဗိုလ်လကျာင်္အပေါ်ဘယ်လိုမြင်လဲဆရာ..။..
ဖြေ..။ သူကသူတော်ကောင်းကြီး။ သူ့ဖာသာအေးအေးနေတာ၊ ပန်းချီဆွဲမယ်၊ပုတီးစိတ်မယ်၊ လမ်းလျှောက်မယ်၊ ကြမ်းကြုံတ်ရုံ့ရင်းတဲ့စကား ဘယ်တော့မှ ပါးစပ်ကမထွက်ဖူးတဲ့သူတော်ကောင်း။အင်မတန်မှသူတပါးကိုကြင်နာတတ်သူ၊ သူငယ်ချင်းတွေကိုလည်း အသက်ပေးပေါင်းသူတွေ။ ဂျပန်တပ်ကသူနဲ့အင်္ဂလိပ်စစ်တပ်က ဗိုလ်ချုပ် စောကြာဒိုးတို့က ညီအကိုလိုပဲ ယုံယုံကြည်ကြည်ပေါင်းကြတာ။ဘယ်လောက်ချစ်ကြလဲဆို မြေတောင်အတူတူဝယ်၊ထက်ခြမ်းခွဲပြီး ဟိုဘက် ဒီဘက် အိမ်ဆောက်နေသူတွေ။တယောက်နဲ့တယောက် အဖိုးကြီး၊ အဖိုးကြီးနဲ့ အပြန်အလှန်ခေါ်ကြတာ။ ပြောမနာဆိုမနာတွေ။ သူတို့ညီအကိုရင်းတွေလိုခင်ကြတာ။ဗိုလ်လကျာင်္ကအေးဆေးတယ်။စစ်ဗိုလ်၊ နိုင်ငံရေးသမားလည်း ဖြစ်ဖို့မကောင်းဘူး။ တည့်တည့် မာမာကြီး။ ဒီလူက တက္ကသိုလ်ကပါမ္ခောတို့၊ပညာရှင်တို့ဖြစ်ဘို့ကောင်းတဲ့သူ။ လူအများကို ပညာဝေငှတဲ့၊ စာပြတဲ့ အရည်အချင်းမျိုးရှိသူပါ။ဘုန်းကြီးဝတ်ရင်လည်း စာချဆရာတော် ဖြစ်သင့်တာ။ သူ့ကို ဘယ်သူမှမမုန်းပါဘူး။ ဗိုလ်မြလည်းမမုန်းပါဘူး။သေစေလိုတဲ့စိတ်လည်း မရှိကြပါဘူး။
နောက်ဆုံးတော့..နယ်မြေ၊ ငွေ အာဏာတွေပေါ့ကွာ..။

မေး..ပြည်ချစ်တော်လှန်ရေးကရတဲ့ အသိနဲ့ သင်ခန်းစာကဘာလဲဆရာ.။

ဖြေ..။ တော်လှန်ရေးဟာ တော်လှန်ရေးနဲ့တူအောင်မလုပ်ခဲ့လို့ပါ။စစ်တပ်အားကိုးတဲ့အစိုးရကို စစ်နိုင်အောင်မတိုက်ပဲ နိုင်ငံရေးစကားပဲပြောတော့ မအောင်မြင်ခဲ့ဘူး။
သေနတ်ကိုင်ပြီး ရန်သူ့ဆီပြောင်းမလှည့်နိုင်တော့ ကိုယ့်အချင်းချင်းလှည့်တိုက်တာပေါ့.။

ကိုညို( အော်စလို)
၂၈အောက်တိုဘာ ( စာပြီးရက်)

No comments:

Post a Comment