ဟိုင်းကြီးကျွန်း သြဂုတ် ၎
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီး ကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စုအတွင်းရှိ မော်တင် စွန်းပင်လယ်ကမ်းခြေတွင် ယခုနှစ်မိုးရာသီ၌ပင်လယ်ရေတိုက်စားမှုမြင့်တက်ခဲ့ပြီး ယခင်နှစ်များ ထက် ကျောက်တန်းများ ပေါ်ထွန်းလာမှု ပိုများ လာခြင်းကြောင့် ကမ်းခြေမှသွားလာကြသည့် ကားနှင့် ဆိုင်ကယ်များ နတ်တောင်အနီး ကမ်းခြေ၌ မောင်းနှင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ကျောက်တန်းများပေါ်ထွန်းလာခြင်းမှာ နှစ်စဉ် မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိပြီး မိုးနှောင်းကာလတွင် ရာသီလေနှင့် ရေစီးကြောင်းများကြောင့် ကျောက် တန်းများပေါ်သို့ သဲများပြန်လည်ဖုံးအုပ်သွားကာ သဲသောင်ပြင်အဖြစ် ဆက်လက်တည်ရှိနေသည် မှာ ဒေသ၏ သဘာဝတစ်ခုဖြစ်သည်။ ယခင်နှစ် များကလည်း မိုးရာသီတွင် ကျောက်တန်းများ ပေါ်ထွန်းလာသော်လည်း အဆိုပါကျောက်တန်း များကြားတွင် သဲသောင်ခုံများ ကျန်ရှိနေသည့် အတွက် ယာဉ်များ မောင်းနှင်ရန် အဆင်ပြေနေ သေးသော်လည်း ယခုနှစ်တွင် ပင်လယ်ရေတိုက် စားမှု မြင့်တက်လာကာ သဲသောင်ခုံများ ကျန်ရှိ ခြင်းမရှိတော့သည့်အတွက် ကားနှင့်ဆိုင်ကယ် များ မောင်းနှင်သွားလာရေး ခက်ခဲနေခြင်းဖြစ် ကြောင်း သိရသည်။
ပင်လယ်အတွင်းသဲတူးခြင်းကြောင့်
မော်တင်စွန်းကမ်းခြေသို့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုနှင့် ပင်လယ်ရေတိုက်စားမှုများမှာ ပြီးခဲ့ သည့် ဇွန်လနှင့် ဇူလိုင်လများအတွင်း အများ ဆုံးဖြစ်ပေါ်ခဲ့ပြီး ကမ်းခြေတစ်လျှောက် ကမ်းဘေး မြေသားနံရံများကိုပင် လှိုင်းရိုက်ခြင်းများရှိလာ ကြောင်း ဒေသခံများထံမှသိရှိရသည်။
ပင်လယ်ကမ်းခြေဒေသများတွင် ကမ်းခြေ တစ်ခု၌ ပင်လယ်ရေတိုက်စားခံရပါက အခြား ကမ်းခြေတစ်ခုတွင် သဲသောင်ခုံများ ဖြစ်ထွန်း လေ့ရှိပြီး ယင်းကိုဒေသခံများအားလုံးက သဘာဝ ဖြစ်စဉ်တစ်ခုအဖြစ် မှတ်ယူထားသည်။ သို့ရာတွင် ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်တွင် ကုမ္ပဏီ တစ်ခုက သဲတူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည့် နောက်ပိုင်းတွင် ပင်လယ်ကမ်းခြေဒေသများ ၌ ပင်လယ်ရေတိုက်စားမှုနှင့် ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုများ မြင့်တက်လာသော်လည်း သဲ သောင်ခုံများဖြစ်ထွန်းမှု နည်းပါးလာရာ ထိုသို့ ပင်လယ်အတွင်း သဲတူးယူခြင်းကြောင့် ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်သည်ဟု ဒေသခံများက ယုံကြည် နေကြသည်။
မုတ်သုံလေအားကောင်း
''ဒီနှစ် မိုးရာသီက လေဖိအားနည်းရပ်ဝန်းက လည်း ပင်လယ်မှာ မကြာခဏဖြစ်နေပြီး မုတ်သုံ လေကလည်း အားကောင်းနေတာကြောင့် ပင်လယ်မှာ လှိုင်းလေကြမ်းတဲ့အပြင် ကမ်းခြေ တွေမှာလည်း လှိုင်းရိုက်တာတွေ၊ လေတိုက်တာ တွေက ယခင်နှစ်ထက်စာရင် ပြင်းတယ်လို့ပြောရ မှာပေါ့၊ အခုရက်တွေဆို ကျွန်တော်တို့ ကမ်းနီး ငါးဖမ်းစက်လှေတွေ ရာသီပြင်းလို့ နားနေကြရ တာ''ဟု ကံချိုင်ကျေးရွာမှ ဒေသခံရေလုပ်သား တစ်ဦးက ပြောသည်။
သတိပြုရမည့်ကမ်းခြေများ
နှစ်စဉ် မိုးရာသီသို့ရောက်ရှိလာသည်နှင့် ဟိုင်း ကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ၌ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုနှင့် ပင်လယ်ရေ တိုက်စားမှု အဖြစ်အများဆုံး နေရာများမှာ အမှတ်(၂)ရပ်ကွက် ကပ္ပလီကမ်းခြေ၊ အမှတ် (၃)ရပ်ကွက် ပင်လယ်ကမ်းခြေ၊ ချောင်းဝ ကျေးရွာအုပ်စု ချောင်းဝကျေးရွာ ပင်လယ်ကမ်း ခြေ၊ ကံချိုင်ကျေးရွာအုပ်စု ဘန့်ဘွေးကျေးရွာ ကမ်းခြေနှင့် ယခု မော်တင်စွန်းကမ်းခြေများဖြစ်ရာ သတိပြုရန် လိုအပ်သည့်နေရာများဖြစ်ကြောင်း သိရသည်။
မော်တင်စွန်းဒေသမှ ဒေသခံများအနေဖြင့်မူ ပင်လယ်ကမ်းခြေ၏ နှစ်စဉ်နှင့်အမျှ ပြောင်းလဲ လာမှုများကို သတိပြု စောင့်ကြည့်လျက်ရှိပြီး ယခု နှစ်တွင် ပင်လယ်ရေတိုက်စားမှုများ၍ ကျောက် တန်းများ ပေါ်နေသော်လည်း နောက်ပိုင်းတွင်မူ မော်တင်စွန်းကမ်းခြေအနီး နတ်တောင်ခြေရှိ ကျောက်တန်းများပေါ်သို့ ယခင်နှစ်များအတိုင်း သဲများပြန်လည်ဖုံးအုပ်လာလိမ့်မည်ဟု ဒေသခံ များက ယုံကြည်မျှော်လင့်ထားကြောင်း သိရ သည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
No comments:
Post a Comment