(၁)
''အနောက်နှစ်လမ်းကျော်က ကိုဘဦး ဆုံးပြီ''
ဒီသတင်းကြားတော့ ကျွန်မ ပျော်သလိုလိုတောင် ဖြစ်သွားမိတယ်။ဒီရက်ပိုင်းထဲ ဈေးက ရောင်းမကောင်းတာ နဲ့ဆို အတော်ပဲလေ။ ခုတစ်လော အဖေဖြစ်သူကလည်း ကျန်းမာရေးသိပ်ကောင်းတာမဟုတ်။ ရှိတာလေးတွေ ပေါင်နှံရောင်းချပြီး ကုနေရင်း ဈေးရင်းကလေး ပျောက်မ သွားအောင် မနည်းလုံးပန်းနေရတာမဟုတ်လား။
ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ ကန်စွန်းဥပြုတ်ဆိုတဲ့ ရာသီပေါ် မုန့်ပဲသရေစာ ရောင်းရတာသာပြောတာ ဟိုဟာ နည်းနည်း၊ ဒီဟာနည်းနည်းနဲ့ အရင်းအနှီးကတော့ သိပ်များ များစားစားကြီး မဟုတ်ပေမယ့် သုံးတဲ့အထဲပါသွားရင် တော်တော်နဲ့ရှာမရ။
အခုတော့ ကျွန်မအတွက် ''ဂွင်''တစ်ခု ပေါ်လာပြီ။ဟုတ်တယ်လေ ဒီရပ်ကွက်အထာကို ကျွန်မအသိဆုံး။
ရပ်ကွက်ထဲ အိမ်တစ်အိမ်က နာရေးဖြစ်ပြီဆို ရပ်ရေး ရွာရေးဝိုင်းဝန်းကူညီကြတဲ့ လူငယ်လူရွယ်အချို့က ''နာရေး မဏ္ဍပ်''ထိုးဖို့ ဝိုင်းဝန်းကူညီကြမယ်။ အခုနောက်ပိုင်း နာရေးကူညီမှုအသင်းတွေပေါ်လာလို့သာ တော်ရော့တာ။အရင်ကဆို ဘာတဲ့ ''မသာကန်ထရိုက်''ဆိုလား လုပ်ကြ သေးတာ။ ထားပါ ဒါက ကျွန်မနဲ့ဆိုင်တာမဟုတ်ဘူး။ဆုံးတဲ့သူက ဆင်းရဲတဲ့သူဖြစ်ဖြစ်၊ ချမ်းသာတဲ့သူဖြစ်ဖြစ်၊ အပေါင်းအသင်းနည်းသူဖြစ်ဖြစ်၊ များသူဖြစ်ဖြစ် သေတဲ့ သူကသေလို့ နာရေးမဏ္ဍပ်ထိုးပြီး သိပ်မကြာခင်ပဲ လူစုလူ ဝေးကြီးတပ်ချီပြီး ရောက်လာကြတော့မှာ။ နာရေးသတင်း လာမေးကြတာတော့မဟုတ်။ ဖဲလာရိုက်ကြတာ။
အဲ ကျွန်မတို့ရပ်ကွက်က ဆင်းရဲတဲ့ရပ်ကွက်ဆိုပေမယ့် စားဖို့သောက်ဖို့နဲ့ လှူဖို့တန်းဖို့လောက်ပဲ ဆင်းရဲကြတာ။အခုလို ဖဲရိုက်ဖို့အတွက်ဆိုရင် ပိုက်ဆံတွေ ဘယ်တွင်းထဲက နှိုက်လို့နှိုက်လာကြမှန်းကို မသိတာ။ ဒါ ဒီရပ်ကွက်ရဲ့ထူးခြား ချက်ပဲ။ ရှင်းရှင်းပြောရရင် ဒီရပ်ကွက်က ဖဲသမားရပ်ကွက် ဆိုပါတော့။ ဒါပေမယ့် ဖဲသမားများလေ ကျွန်မကြိုက်လေ ပါပဲ။ လမ်းထိပ်က ရောင်းနေကျ ခပ်နဲ့နဲ့ဆိုင်ခုံလေးကို နာရေးမဏ္ဍပ်နားရွှေ့ပြီး ရောင်းလိုက်ရုံပဲ။ အရင်က တစ်နေ ကုန်လို့မှ ငွေငါးထောင်ဖိုးလောက်တောင် ဖြစ်ဖြစ်မြည် အောင် ရောင်းနေရတဲ့ ကျွန်မအတွက် အဲ့ဒီလိုနေ့မျိုးဆို တစ်သောင်းခွဲဖိုးလောက်ကတော့ အသာလေးရောင်းရ တယ်။
ဖဲဝိုင်းကလည်း သုံးဝိုင်းလောက်ဆိုတော့ ကလေး လူကြီး အစုံပါသေးတယ်။ တချို့ဆို ထမင်းဟင်းတောင် ပြန်မစားနိုင်ကြဘူး။ ပြောင်းဖူးပြုတ်ဝယ်စားလိုက်၊ မြေပဲ ပြုတ်ဝယ်စားလိုက်နဲ့ ကျွန်မမှာ အတော်လေးလက်သွက် လို့နေတာပဲ။ နေ့လယ်နေ့ခင်းအတွက် ရှောက်ကွင်းလေး၊ အချဉ်ပေါင်းလေးကလည်း တော်တော်အလုပ်ဖြစ်သေး တယ်။ ဒါကြောင့် ''နာရေး''အသံကြားရင် ပျော်သလိုလို ဖြစ်နေတာေ အကျင့်ကလေးရနေတတ်ပြီ မဟုတ်လား။
ဟိုတစ်လောကလည်း ရပ်ကွက်ထိပ်က ကုန်ခြောက် ဆိုင်ပိုင်ရှင် ကိုအုန်းငွေရဲ့နာရေးကို ဈေးသွားရောင်းတာ ခုနစ်ရက်လုံး အတော်လေးရောင်းကောင်းလိုက်သေးတယ်။နာရေးပြီးတော့ အငယ်မလေးကို နားစွဲလေးတစ်ရန်တောင် လုပ်ပေးဖြစ်လိုက်သေးတယ်။ အခုတော့ မရှိတော့ပါဘူး။ ဖေဖေ့ကျန်းမာရေးအတွက် ဆေးဖိုးလိုလို့ အပြတ်ရောင်း လိုက်ရပြီ။ ဒီတစ်ခေါက်ပိုက်ဆံလေးပိုထွက်ရင်တော့ အိမ် အနောက်ဘက်ခြမ်းကို ဝါး၊ ထရံလေးဝယ်ပြီးပြင်ဖို့ စိတ်ကူး တော့ရှိသားရယ်။ မိုးကလည်းစနေပြီဆိုတော့ အခုကတည်း က ပြင်ထားမှတော်ကာကျမယ်လေ။
''ဟူး''
အသက်မပါလှတဲ့ သက်ပြင်းတစ်ချက်ကို ကျွန်မ လေးလေးပင်ပင်ပဲ မှုတ်ထုတ်လိုက်မိတယ်။ပြောရင်းဆိုရင်း အနောက်ဘက်က မိုးရိပ်မိုးသက်တွေ အလိပ်လိုက်အလိပ် လိုက်။
(၂)
''အငယ်ကောင် ထင်းကိုနိုင်အောင်ထိုးနော်၊ မီးမ သေစေနဲ့၊ အစ်ကြီးမကန်စွန်းဥတွေ၊ မြေပဲတွေကို ရေပြောင် အောင်ဆေးပြီးရင် လမ်းထိပ်မှာ ထင်းနှစ်စည်းသွားဝယ် ပေးဦး''
ကျွန်မ ဒီမနက် တော်တော်လေးတက်ကြွနေတယ်။တက်ကြွဆို ခုချိန်လောက်ဆို ဖဲဝိုင်းကအတော်လေး လူစုံ နေလောက်ပြီ မဟုတ်လား။
လုပ်စရာရှိတာတွေကို ဇာယ်ဆက်သလိုလုပ်ရင်း အတိတ်ကဇာတ်လမ်းအချို့ကို အမြင်အာရုံတစ်လျှောက် တရေးရေးမြင်ယောင်နေမိတယ်။ ကျွန်မဘဝက ကံဆိုးလွန်းလှတယ်လို့ဆိုနိုင်ပါတယ်။ အငယ်မလေးကို ကိုယ်ဝန် လွယ်ထားရင်းနဲ့ ယောင်္ကျားဖြစ်သူက လုပ်ငန်းခွင်မတော် တဆလို့ ဆိုပြီးတိမ်းပါးသွားခဲ့တယ်။
ဘာမှမလုပ်တတ် မကိုင်တတ်တဲ့ ကျွန်မအတွက် လျော်ကြေးဆိုတာကိုလဲ နားမလည်ခဲ့ပါဘူး။ နောက်ဆုံး တော့ ပိုက်ဆံနည်းနည်းရလိုက်တာကလွဲလို့ ခင်ပွန်းသည် တစ်ယောက် လူ့လောကထဲက လက်ပြနှုတ်ဆက်သွားတာပဲ အဖတ်တင်ခဲ့တယ်။ ဒုံရင်းက ဒုံရင်းပါပဲ။
ဒုက္ခတွေကို ခါးထစ်ခွင်ရင်း အိမ်ရဲ့စားဝတ်နေရေး အတွက် အဝတ်လျှော်၊ မီးပူတိုက်၊ ဈေးရောင်းနဲ့ ရရာ အလုပ်ကို နေရာမရွေး၊ အချိန်မရွေးလုပ်ရတော့တယ်။
နောက်ဆုံးတော့ မုဆိုးမတစ်ဖြစ်လည်း ကျွန်မဘဝက ဒုက္ခတွေနဲ့ စည်းချက်ကိုမှန်လို့။
(၃)
''ဟူး ဒီရက်ပိုင်းထဲ၊ နာရေးတွေကလည်း ရှားလိုက် တာနော်''
''ဟဲ့ သမီး၊ ဘာတွေပြောနေတာလဲ၊ နာရေးဆိုတာ ဖြစ်တိုင်းကောင်းတယ်ထင်နေလား၊ ကိုယ်အဆင်ပြေဖို့ တစ်ခုတည်းအတွက် ဘယ့်နှသူများကို ဒုက္ခရောက်စေချင် ရတာလဲကွယ့်''
အနောက်က အဖေ့အော်သံကြားမှ ကျွန်မ သတိပြန် ဝင်လာတယ်။ အမှန်တော့ စိတ်ထဲကနေပြောလိုက်တာရယ် ပါ။ ဒါပေမယ့် နှုတ်က ယောင်ပြီးထွက်သွားတယ်ထင်ပါ ရဲ့။ ဒီအတွေးက မကောင်းမှန်း ကျွန်မသိပါတယ်။ သို့ပေသိ ''ကိုယ့်ဝမ်းနာ ကိုယ်သာသိ'' မဟုတ်လား။
''အိုတော် မကောင်းတာတော့ မကောင်းတာပေါ့ အဘရယ်၊ ဒီရက်ပိုင်းထဲ ပိုက်ဆံပြတ်တယ် အဘရဲ့၊ တော်ပါပြီ၊ အဘနဲ့ဆက်ပြောနေလည်း ဘာမှထူးမှာမဟုတ် ဘူး၊ အပြင်သွားလိုက်ဦးမယ်''
ပြောပြောဆိုဆို အိမ်အပြင်လှမ်းခဲ့ပေမယ့် ကျွန်မရဲ့ စိတ်တွေ လေးလံနေမိတာတော့ အမှန်။
(၄)
ကျွန်မခြေလှမ်းတွေက သွက်သထက်ပိုသွက်နေတယ်။အသက်ရှူဖို့တောင် မေ့လျော့နေရလောက်အောင် အပြေး တစ်ပိုင်းလျှောက်ခဲ့ရတာကြောင့် စီးလာတဲ့ဖိနပ်လည်း ဘယ်နားမှာ ကျွတ်ကျန်ခဲ့မှန်းမသိ။ စိုးရိမ်စိတ်တွေကပဲ ခေါင်းထဲမှာနေရာယူလို့။ ပြေးသာပြေးနေရတာ မျက်လုံး တွေက ပြာဝေနေတာကြောင့် ခလုတ်ကန်သင်းတွေကိုလည်း မမြင်နိုင်တော့။
နာကျင်ကျိန်းစက်လှတဲ့ ခြေဖဝါးရဲ့ ခံစားချက်တွေ ကိုလည်း အမှုမထားနိုင်။ အိမ်အမြန်ပြန်ရောက်ဖို့ အရေး ကြီးပါတယ်ဆိုမှ ပြေးနေရင်းခရီးကမတွင်သလို ခံစားနေ ရတယ်။
''မစန်းမေ...နင့်အဖေ မူးလဲလို့တဲ့''
သုံးဘီးဆိုင်ကယ်မောင်းရင်း အော်ပြောသွားတဲ့ သောက်ရေဘူးပို့သမား ကိုလှမောင်ရဲ့အသံက နားထဲမှာ ပဲ့တင်ပြီးပြန်ကြားနေတယ်။ လေဖြန်းထားတဲ့ အခံရှိလို့ ဖေဖေလမ်းကောင်းကောင်းပြန်မလျှောက်နိုင်တာ ကျွန်မ အသိဆုံး။
''ဘုရား၊ သကြားမလို့ ဖေဖေဘာမှမဖြစ်ပါစေနဲ့'' လို့ပဲ စိတ်ထဲက တတွတ်တွတ် ဆုတောင်းနေမိတော့တယ်။
''ဟင်''
လမ်းချိုးတစ်ခုအကွေ့၊ စိုးရိမ်စိတ်တို့နဲ့ အိမ်ကို လှမ်း အကြည့်မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်မ ခြေလှမ်းတွေကို ရပ်တန့်သွားစေတယ်။ မတ်တတ်မတ်တတ်နဲ့ လူအများစုက ကျွန်မ အိမ်ရှေ့မှာ အပြည့်။ အမျိုးအမည်မသိတဲ့ ခံစားမှု ကြီးက ကျွန်မခေါင်းထဲမှာ အဆက်မပြတ် ခုန်ပေါက်လို့။စိုးရိမ်စိတ်တွေကို ချက်ချင်းခါထုတ်ပြီး အိမ်ရှိရာကို ဆက် ပြေးဖို့ပဲ ဟန်ပြင်လိုက်တယ်။
''မေမေ ဘိုးဘိုး အသက်မရှိတော့ဘူး၊ ဟီ်း ဟီး''
စိုးရိမ်စိတ်တွေနဲ့ အိမ်ပေါ်ပြေးအတက် ကြားလိုက်ရ တဲ့စကားအဆုံးမှာ ကျောက်ရုပ်တစ်ရုပ်လို ကျွန်မကို အသက်မဲ့သွားစေခဲ့တယ်။ မိုးကြိုးပစ်သံများလည်း နားထဲ မှာ လျှပ်တစ်ပြက်ဆူညံကုန်လို့။ အိပ်ရာထက်မှာတော့ အသက်မဲ့ပြီး လှဲလျောင်းနေတဲ့ ဖေဖေ။
''ဟုတ်တယ် မစန်းမေ၊ နင့်အဖေ အပြင်ကပြန်လာပြီး မူးတယ် မူးတယ်ပြောတာပဲ၊ဆရာလေးကတော့ ဦးနှောက် သွေးကြောပြတ်တယ်တဲ့ဟယ်''
ကျွန်မ ခေါင်းကို ဆက်တိုက်ခါယမ်းမိလိုက်တယ်။သွားပြီ။ ကျွန်မ တောင့်တခဲ့တဲ့ ''နာရေး''။ အခုတော့ ကျွန်မရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ခဲ့ပြီ။
ဘယ်သူ့အတွက်မှမကြည့်။ ကိုယ့်အတွက်ပဲ ကိုယ် ကြည့်ပြီး သူများနာရေးဖြစ်ရင် ပျော်နေတတ်တဲ့ ကျွန်မ အတ္တတွေအတွက် ဘုရားရိုက်တာ။
ကမ္ဘာလောကကြီးတစ်ခုလုံး ဖျတ်ခနဲ မှောင်မိုက်သွား ပြီး အသက်ရှူသံတွေကို ကျွန်မနားထဲမှာ ကျယ်ကျယ် လောင်လောင်ကြားလိုက်ရတယ်။ ရပ်ထားတဲ့ ခြေထောက် တွေလည်း တဖြည်းဖြည်း အားလျော့ပျော့ခွေလာတယ်။နောက်ဆုံးခန္ဓာကိုယ်ကြီးတစ်ခုလုံး လေထဲမှာ လွင့်မျော သွားသလို။
''မစန်းမေ...မစန်းမေ''
''ဂျိမ်း...ဂျလိမ်း''
ခေါ်သံတွေအဆုံး မိုးချိန်းသံ၊ မိုးကြိုးပစ်သံတွေက နားထဲတိုးဝင်လာနေဆဲ။ ကျွန်မမှားခဲ့တယ်။ ကျွန်မ သိပ် မှားခဲ့တယ်။အဲဒီအမှားတွေအတွက် ဖေဖေ့ကို တောင်းပန်ရ လိမ့်မယ်။
ရှိုင်းမင်းညို
No comments:
Post a Comment