ရန်ကုန် သြဂုတ် ၁၅
အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (စ) ပထမနေ့ကို ယနေ့ ညနေပိုင်း တွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းနှင့် မြောက်ကိုရီးယား အသင်းတို့ တစ်ဂိုးစီ သရေကျ ခဲ့ကြောင်း သိရသည်။
အာရှအားကစား ပြိုင်ပွဲတွင် မြန်မာအသင်း၏ ပွဲဦးထွက်ပွဲမှာ ရလဒ်ကောင်းဖြင့် စတင်နိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် မြောက်ကိုရီးယား အသင်းထံမှ အမှတ်ခွဲယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် မြောက်ကိုရီးယား အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့် ဖန်တီးနိုင်ခဲ့သလို ဂိုးသမား ကျော်ဇင်ထက်၏ လက်စွမ်းပြ မှုကြောင့်လည်း အဖွင့်လှခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုကျပ် အတွင်းကျ ရောက်နေသော်လည်း အဖွင့်ပွဲမှာပင် အမှတ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် အောင်သူ၊ မောင်မောင်စိုး၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ နန္ဒကျော်၊ ဝင်းမိုးကျော်၊ ထိုက်ထိုက်အောင်၊ ဇော်မင်းထွန်း၊ ကျော်ဇင်ထက် (ဂိုး)တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် မြောက်ကိုရီးယား အသင်းက ပိုဖိ ကစားနိုင်ခဲ့ပြီး မြန်မာ နောက်ခံလူများ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသည်။ မြောက်ကိုရီးယားအသင်း ဂိုးရနိုင်သည့် အခွင့်အရေး အချို့ရခဲ့သော်လည်း မြန်မာဂိုးသမား ကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့သည်။
မြန်မာယူ-၂၃ အသင်းသည် မိနစ် ၂ဝ နောက်ပိုင်းတွင် မြောက်ကိုရီးယားဘက်သို့ ပြန်လည် ခြိမ်းခြောက်လာနိုင်၍ ဂိုးရနိုင်သည့် အခွင့်အရေးများ ဖန်တီးလာနိုင်ပြီး ၄၅ မိနစ်တွင် မြန်မာအသင်း ဂိုးစရခဲ့သည်။ ဒုတိယပိုင်းတွင် မြောက်ကိုရီးယား အသင်းက ချေပဂိုးရရန် တိုက်စစ် အားမြှင့်လာသလို မြန်မာအသင်းကလည်း ဂိုးပြန်မပေး ရရေးအတွက် ခံစစ် ကစားသမား များထည့်ကာ ခံစစ်အားပြု ကစားခဲ့သည်။ ၅၅ မိနစ်တွင် မြောက်ကိုရီးယား အသင်း ဂိုးပြန်ရခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် မြောက်ကိုရီးယားအသင်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း ကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့၍ ဂိုးထပ်မပေးရခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် တန်ပြန် တိုက်စစ်ဖြင့်သာ ကစားခဲ့ပြီး ၆၇ မိနစ်တွင် အောင်သူ ကန်ခွင့် ရခဲ့သော်လည်း ဘားထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ အုပ်စု(စ) အခြားပွဲတွင် အီရန်အသင်းနှင့် ဆော်ဒီ အသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် သြဂုတ် ၁၇ ရက်တွင် ဆော်ဒီအာရေဗျ အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment