ညောင်ဦး သြဂုတ် ၁၅
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ မြင်ကွင်းအလှကို ကြည့်ရှု ခံစားနိုင်မည့် အမိုးဖွင့် မင်္ဂလာဘတ်စကား ခရီးစဉ်ကို သြဂုတ်၂ဝ ရက်တွင် ပုဂံဒေသ၌ စတင်ပြေးဆွဲမည် ဖြစ်ကြောင်း Mingalarbus ဝန်ဆောင်မှု ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အဆိုပါ ဝန်ဆောင်မှုကို သြဂုတ် ၂ဝ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ ပရိုမိုးရှင်း ကာလအဖြစ် သတ်မှတ်ထားပြီး ယင်းကာလအတွင်း လက်မှတ်ခအနေဖြင့် ပြည်တွင်း ခရီးသည် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ဖြစ်ကာ နိုင်ငံခြား ခရီးသွား ဧည့်သည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ ကျသင့်မည် ဖြစ်ကြောင်း၊ ပုံမှန်ဈေးနှုန်းမှာ ပြည်တွင်း ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ၊ နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။
''သြဂုတ် ၂ဝ ရက်ကနေ စက်တင်ဘာ ၃ဝ ရက်အတွင်း ပရိုမိုးရှင်းကာလအဖြစ် လျှော့ဈေးနဲ့ ပြေးဆွဲပေးမှာပါ။ ဒီကာလပြီးရင်တော့ ဈေးနှုန်း အပြောင်းအလဲရှိပါတယ်''ဟု ၄င်းက ပြောသည်။
အမိုးဖွင့် မင်္ဂလာဘတ်စကား ဝန်ဆောင်မှုကို Aquamarine Ecotourism Development ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး ကနဦး အနေဖြင့် ပုဂံဒေသ၌ အမိုးဖွင့် မင်္ဂလာဘတ်စကား သုံးစီးဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းကို ရန်ကုန်မြို့၌ မတ်လက စမ်းသပ် ပြေးဆွဲခဲ့ပြီး မန္တလေးနှင့် ပြင်ဦးလွင်မြို့ တို့၌လည်း ယာဉ်တစ်စီးဖြင့် တိုးချဲ့ ပြေးဆွဲရန် ဆောင်ရွက်ထားကာ စင်းလုံးငှားယာဉ် အဖြစ်လည်း ဝန်ဆောင်မှု ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၌ စမ်းသပ်ကာလအဖြစ် မတ်လတစ်လလုံး ပြေးဆွဲခဲ့ပြီး ပြည်သူများ စိတ်ဝင်စားမှု ရှိသဖြင့် ပုဂံဒေသ၌ စတင်ပြေးဆွဲခြင်း ဖြစ်ကာ ရန်ကုန်မြို့၌ အောက်တိုဘာလတွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားပိုင် Aquamarine Ecotourism Development ကုမ္ပဏီသည် ၂ဝ၁၆ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်၍ အမိုးဖွင့် မင်္ဂလာ အပန်းဖြေ ဘတ်စကားများ ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment