အမရပူရ၊ ဘုရင့်ဂူသုံးလုံးနှင့် ဘိုးတော်ဘုရား
ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ ရှည် ကြာခဲ့သည့် ကုန်းဘောင်ခေတ်တွင် ဘုရင်နှစ်ပါး နန်းစိုက်ခဲ့သည့် အမရပူရသည် မြန်မာ့နန်းမြို့ တော်ဟောင်းတစ်ခုအဖြစ် ယနေ့တိုင်ထင်ရှား လျက်ရှိသည်။ အမရပူရမြို့နယ်တွင် တည်ရှိနေ သည့် ဦးပိန်တံတား၊ ပုထိုးတော်ကြီး၊ နေပူခံကိုယ် တော်ကြီး၊ ကျောက်တော်ကြီး ရုပ်ပွားတော်၊ ရွှေ ကြက်ယက်၊ ရွှေကြက်ကျစသည့် ကုန်းဘောင် ခေတ် အမွေအနှစ်များသည် လာရောက်လည် ပတ် လေ့လာသူများဖြင့် စည်ကားနေလေ့ရှိ သည်။ သို့သော် အမရပူရတွင်ရှိနေသည့် ကုန်း ဘောင်ခေတ်ဘုရင်သုံးပါး၏ ဂူဗိမာန်များကိုမူ အများအားဖြင့် သတိမထားမိကြပါချေ။
အမရပူရမြို့တော်သည် ဗဒုံမင်းလက်ထက် တွင် ခရစ်နှစ် ၁၇၈၃ ခုနှစ်မှ ၁၈၂၃ ခုနှစ်အထိ တစ်ကြိမ်၊ သာယာဝတီမင်း လက်ထက်တွင် ခရစ် နှစ် ၁၈၃၇ ခုနှစ်မှ ၁၈၅၇ ခုနှစ်အထိတစ်ကြိမ် ကုန်းဘောင်ခေတ်နေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ သည်။
ယခုအခါတွင် အမရပူရသည် မန္တလေးတိုင်း ဒေသကြီး မန္တလေးခရိုင်တွင်ပါဝင်ကာ မန္တလေး မြို့နှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသည်။ ၈ဝ ဒသမ ၁၁ စတုရန်းမိုင်ကျယ်ဝန်းသည့် အမရ ပူရမြို့နယ်ကို မြို့နှစ်မြို့(အမရပူရနှင့် မြစ်ငယ်)၊ ရပ်ကွက် နှစ်ခု၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာ ၁၇ဝ ဖြင့် ဖွဲ့စည်းထားရာ အရှေ့ဘက် တွင် ပုသိမ်ကြီးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ အနောက်ဘက်တွင် တံတားဦးနှင့် စစ်ကိုင်း မြို့နယ်၊ တောင်ဘက်တွင်စဥ့်ကိုင်မြို့နယ်နှင့် မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်တို့ တည်ရှိသည်။
ပိုးထည်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းများဖြင့် ထင်ရှားသည့် အမရပူရသည် မြန်မာနိုင်ငံ ဗုဒ္ဓ သာသနာတော်တွင် အလွန် ထင်ရှားခဲ့ကြသည့် ပရိယတ္တိ ကျမ်းပြုအကျော် ဆရာတော် အရှင် ဇနကာဘိဝံသနှင့် ပဋိပတ္တိကျင့်စဉ် မိုးကုတ် ဝိပဿနာ တရားတိုက်များကို ထူထောင်ခဲ့သည့် မိုးကုတ်ဆရာတော် ဦးဝိမလတို့ သီတင်းသုံး နေထိုင်ခဲ့သည့်ဒေသလည်း ဖြစ်ပေသည်။
အမရပူရမှ ဘုရင့်ဂူဗိမာန် သုံးခု
အမရပူရတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည့် ကုန်း ဘောင်ဘုရင်သုံးပါး၏ ဂူဗိမာန်များကို အရိုးအိုး စေတီများအဖြစ် မြင်တွေ့ကြရသည်။ ဘိုးတော် ဘုရားဗဒုံမင်း(ခရစ်နှစ် ၁၇၈၂-၁၈၁၉) သည် ၁၈၁၉ ခုနှစ် ဇွန် ၅ ရက်၊ စနေနေ့တွင် နတ်ရွာစံ ခဲ့ပြီး မြေးတော် အိမ်ရှေ့မင်းသားက နန်းမြို့ အတွင်းရှိလွှတ်တော် အရှေ့မြောက်ဘက်၌ ဇွန်လ ၇ ရက်တွင် သင်္ဂြိုဟ်ခဲ့သည်။
ယခုအခါ၌ ဘိုးတော်ဘုရား၏ ဂူဗိမာန်ကို အမရပူရမြို့၏ နန်းမြို့ဟောင်း အရှေ့တောင်ဘက် ရှိ ရွှေစကားစေတီတော်၏ မြောက်ဘက်တွင် မြင်တွေ့ကြရသည်။ အုတ်ဂူစေတီသို့ တောင် သမန် ကန်ပတ်လမ်းမှ ဖြစ်စေ၊ မြို့ရိုးတောင် ဘက်တံခါးရှိ တပ်တွင်းဝင်ပေါက်မှဖြစ်စေ သွား ရောက်နိုင်သည်။ ပေ ၈ဝကျယ်ဝန်းသည့် ပရိဝုဏ် အတွင်း ပေ ၅ဝ ပတ်လည် ကုလားကျောင်းခံ ထားသည့် စေတီသည် ဘိုးတော်ဘုရား ဗဒုံမင်း ၏အရိုးအိုးစေတီမဟုတ်ချေ။ စေတီအပေါ်ရင်ပြင် အနောက်တောင်ထောင့်တွင် တည်ရှိသည့် အုတ်ဂူပြာသာဒ်သည်သာ ဘိုးတော်ဘုရား၏ ဂူဗိမာန်ဖြစ်ပြီး ပြာသာဒ်ရှေ့တွင် ဘိုးတော် ဘုရားနှင့် ဆက်နွှယ်သည့် အကြောင်းအရာများ ကို ရေးထိုးထားသည့် ကျောက်စာကိုစိုက်ထူထား သည်။
ဘိုးတော်ဘုရားဗဒုံမင်း နတ်ရွာစံပြီးနောက် နန်းတက်ခဲ့သည့် မြေးတော် စစ်ကိုင်းမင်း (ခရစ်နှစ် ၁၈၁၉-၁၈၃၇) သည် နန်းကျဘုရင် အဖြစ် ညီတော် သာယာဝတီမင်း၏ စောင့် ရှောက်မှုကို ခံယူခဲ့ကာ ၁၈၄၆ ခုနှစ် အောက်တို ဘာလ ၁၅ ရက်တွင် နတ်ရွာစံခဲ့သည်။ စစ်ကိုင်း မင်း၏ ရုပ်အလောင်းကို အမရပူရ ဝင်းတော် အတွင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်။
ဘကြီးတော်စစ်ကိုင်းမင်း၏ အုတ်ပြာသာဒ် စေတီသည် အမရပူရနန်းတော် အနောက် တောင်ထောင့်ရှိ ပြာသာဒ်ကြီးကျေးရွာ ရွှေ လင်းပင်ဘုရားရှေ့ ကန်ပတ်လမ်းတွင်တည်ရှိ သည်။ ပေ ၄ဝ ပတ်လည် ပရိဝုဏ်အတွင်း၌ ပေ ၂ဝ ပတ်လည် ကုလားကျောင်းခံ မုခ်သုံးပေါက် စေတီအတွင်း၌ ထိုင်တော်မူရုပ်ပွားတော် တစ်ဆူ ရှိသည်။ အုတ်ဂူပြာသာဒ် ဝင်ပေါက်ဘေးတွင် စစ်ကိုင်းမင်းနှင့် ပတ်သက်သည့် အကြောင်း အရာများရေးထိုးထားသော ကျောက်စာကို စိုက်ထူထားသည်။
စစ်ကိုင်းမင်းအုတ်ပြာသာဒ်သည် တောင် သမန်အင်းကိုမျက်နှာပြုလျက်ရှိရာ စစ်ကိုင်းမင်း ၏ မိဖုရား နန်းမတော်မယ်နုကို ရေချကွပ်မျက်ခဲ့ သည့် နေရာကို မျက်နှာမူတည်ထားခဲ့သည်ဟု ဆိုကြသည်။ သို့သော် နန်းမတော်မယ်နုကို အမရပူရ သရက်တစ်ပင် သင်္ချိုင်းတွင် ကွပ်မျက် ခဲ့သည်ဟုလည်း ယူဆချက်များရှိသည်။
စစ်ကိုင်းမင်းကို နန်းချခဲ့သည့် ညီတော် သာယာဝတီမင်း(ခရစ်နှစ် ၁၈၃၇-၁၈၄၆) သည် နောင်တော်စစ်ကိုင်းမင်း နတ်ရွာစံပြီး တစ်လ အကြာ ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် နတ်ရွာစံခဲ့ရာ သားတော် ပုဂံမင်းက လွှတ်တော် အရှေ့မြောက် ပဟိုရ်စင်အနီးတွင် မီးသင်္ဂြိုဟ်ခဲ့ သည်။
သာယာဝတီမင်း၏အုတ်ဂူကို အမရပူရနန်း မြို့ဟောင်းအလယ်တွင် မြင်တွေ့နိုင်သည်။လက်ရှိ တပ်တွင်း အထက်တန်းကျောင်း၏ မြောက်ဘက်တွင် ကပ်လျက်တည်ရှိနေသည့် သာယာဝတီမင်းအုတ်ဂူသည် ရတနာပုံခေတ် တော်ဝင်မိသားစုဝင်များ၏ အုတ်ဂူများနှင့် တူညီ နေသဖြင့် ပြန်လည် တည်ဆောက်ခဲ့သည့် ဂူဖြစ် နိုင်ကြောင်း ယူဆကြသည်။ မူလအုတ်ဂူသည် အုတ်ခုံပေါ်တွင် လေးတိုင်စင်ထူ၍ အမိုးပြာသာဒ် တင်ထားသည့် အဆောက်အအုံဖြစ်ကြောင်း သမိုင်းသုတေသီ ရန်နောင်စိုး (စာရေးဆရာ ရနောင်-ဒွယ်) က ရေးသားခဲ့သည်။
အမရပူရမြို့တည် ဗဒုံမင်း
ဘိုးတော်ဘုရားဗဒုံမင်း မောင်ဝိုင်းသည် အလောင်းမင်းတရားကြီး၏ စတုတ္ထသားတော် ဖြစ်ပြီး ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် တူတော် စဥ့်ကူးမင်းကိုစီရင်ပြီး အင်းဝထီးနန်းကို သိမ်းပိုက်၍ ကုန်းဘောင်ဆက်၏ ဆဋ္ဌမမြောက် ဘုရင် ဖြစ်လာခဲ့သည်။
ဗဒုံမင်းသည် တောင်သမန်အင်း၊ ဒုဋ္ဌဝတီမြစ်၊ ရွှေတချောင်း၊ တက်သေးအင်းနှင့် အောင် ပင်လယ်ကန်တို့ ဝန်းရံနေသည့် ထီးပေါင်းကား အရပ်၌ မြို့တည်ရန် ၁၇၈၂ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်တွင် မြို့၊ ကျုံး၊ ရွှေနန်း၊ ရွှေဂူ၊ ကျောင်း၊ ပိဋ ကတ်တိုက်၊ ကန် ခုနစ်ဌာနကို တစ်ပြိုင်တည်း ရွှေပန္နက်၊ ငွေပန္နက် စိုက်ခဲ့ပြီး ၁၇၈၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် မြို့တော် ခုနစ်ဌာနကို တစ်ပြိုင်တည်း စတင်တည်ဆောက်ခဲ့သည်။မြို့တော် လေးမျက်နှာ၌ တံခါး ၁၂ ပေါက်၊ ပြ ၃၅ ခုနှင့် ပြာသာဒ်တို့ကို ပြုလုပ်ခဲ့သည်။ အမရပူရ ကို တည်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်ကို ''အင်းအိုင် ဝိုက်လည်၊ အမရတည်''ဟု မှတ် သားခဲ့ကြသည်။
ဗဒုံမင်းသည် ၁၇၈၃ ခုနှစ် ဇွန်လ ၁ ရက်တွင် အမရပူရမြို့တော်ကို အရှေ့မျက်နှာ ဦးနှိမ်တံခါးမှ ထွက်၍ လက်ယာရစ်လှည့်ပြီး သိမ်းပိုက်ခဲ့ကာ ကုန်းဘောင်မင်းဆက်တွင် သက်တမ်းအရှည်ဆုံး အုပ်ချုပ်ခဲ့သည့်ဘုရင် ဖြစ်လာခဲ့သည်။ ဗဒုံမင်း သည် ၁၇၈၃ ခုနှစ် မေလ ၁၇ ရက်တွင် အမရပူရ ရွှေနန်း၌ ရာဇဘိသေက ခံယူခဲ့သည်။
သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်း ထွန်းက အင်းဝသည် အထက်မြန်မာပြည်၏ အကောင်းဆုံး မင်းနေပြည်တော်နေရာဖြစ်ပြီး နေပြည်တော်ကို အင်းဝမှ အမရပူရသို့ ပြောင်း ရွှေ့ခြင်းသည် နိုင်ငံနှင့်ပြည်သူများအား အကျပ် အတည်း အခက်အခဲများ ဖြစ်စေကြောင်း သုံး သပ် ရေးသားခဲ့သည်။
ဗဒုံမင်းသည် နိုင်ငံ၏ အရေးကိစ္စအဝဝကို ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စစ်တမ်းတစ်ခုကို အမြော်အမြင် ကြီးမားစွာ ကောက်ယူခဲ့ခြင်းသည် ကုန်းဘောင်ခေတ်၏ သမိုင်းဝင် လုပ်ဆောင်ချက် တစ်ရပ်ဖြစ်ခဲ့သည်။ ဗဒုံမင်းသည်နိုင်ငံတော်တစ် ဝန်း အိမ်ခြေစာရင်းကိုစစ်ဆေးကောက်ယူစေ ပြီး မြို့ရွာ နယ်နိမိတ်အပိုင်းအခြား၊ မြို့ရွာအိမ် ခြေစာရင်းများကိုထန်းဖူးများတွင် မှတ်တမ်းပြု ခဲ့သည်။
ဗဒုံမင်း၏ စစ်တမ်းများအရ မြန်မာပြည်မ နေ လူဦးရေသည် ၁၈၃၁၄၅၇ ဦး၊ ရခိုင်နှင့် တနင်္သာရီ ဒေသများ၏ လူဦးရေသည် ၁၇ဝဝဝဝ ဖြစ်သဖြင့် တစ်နိုင်ငံလုံးလူဦးရေသည်၂ဝဝ၁၄၆၇ ဦးဖြစ်ကြောင်း သိရှိခဲ့ကြရပေသည်။
ဗဒုံမင်း၏ စစ်ပွဲများ
ဗဒုံမင်းသည် သားတော်မဟာဥပရာဇာကို အချုပ်ပြုစေလျက် ရခိုင်ဓညဝတီသို့ ၁၇၈၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်တွင် စစ်ချီစေခဲ့သည်။ ၁၇၈၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် ရခိုင်ကို သိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံအကျယ်အဝန်း သည် ခမည်းတော် အလောင်းမင်းတရားလက် ထက်ကထက် ပိုမိုကျယ်ပြန့် ကြီးမားခဲ့သည်။ သို့ သော် ၁၇၈၅ ခုနှစ် ဇူလိုင်လ ၄ ရက်နှင့် ၁၇၈၇ ခုနှစ် သြဂုတ်လ ၂၉ ရက်တွင် ယိုးဒယားသို့ စစ်ချီ ခဲ့ရာ အောင်မြင်မှုမရရှိဘဲ တပ်များဆုတ်ခွာခဲ့ရ သည်။
၁၇၉၂ ခုနှစ် မတ်လတွင် ထားဝယ်မြို့ဝန် မြင်စိုင်းသား နေမျိုးကျော်ထင်သည် ဗဒုံမင်းကို သစ္စာဖောက်ဖျက်၍ ယိုးဒယားသို့ ခစားဝင်သွား ခဲ့သဖြင့် အတွင်းဝန်မင်းကြီး မဟာ သက်တော် ရှည် အချုပ်ပြုလျက် ထားဝယ်သို့ ချီစေခဲ့သည်။ ထားဝယ်တွင် တပ်စွဲနေသည့် ယိုးဒယားတပ် များသည် မြန်မာတပ်များကို ခုခံတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလတွင် ဆုတ်သွားခဲ့သည်။ ၁၇၉၇ ခုနှစ် အောက်တိုဘာလတွင် ဇင်းမယ်ကိုသိမ်းယူရန် နေမျိုးကျော်ထင်သီဟသူ ဦးစီးသည့် တပ် များကို ချီစေခဲ့သော်လည်း အောင်နိုင်မှုမရရှိဘဲ ၁၇၉၈ ခုနှစ် မတ်လတွင် တပ်များဆုတ်ခဲ့ရ သည်။
စံချိန်ရှင် ဘိုးတော်ဘုရား ဗဒုံမင်း
ဘိုးတော်ဘုရားဗဒုံမင်း မောင်ဝိုင်းသည် မြန်မာ့သမိုင်းတွင် စံချိန်အမျိုးမျိုးချိုးနိုင်ခဲ့သည့် ဘုရင်တစ်ပါးဖြစ်ကြောင်း ကုန်းဘောင်ရှာပုံ တော်စာအုပ်တွင် ဖတ်ရှုရပေသည်။ ကုန်းဘောင် ခေတ်တွင် နန်းသက်အရှည်ဆုံးဘုရင်ဖြစ်သူ ဗဒုံ မင်းသည် အိမ်နိမ့် ၃၈ နှစ်၊ နန်းစံ ၃၇ နှစ် ဖြစ် သည်။ ထို့အတူ မိဖုရား၊ မောင်းမ၊ မိဿံ၊ ဆွေ တော်မျိုးတော်များသည် စံချိန်တင်လောက် အောင် များပြားခဲ့ကာ မိဖုရား၊ ကိုယ်လုပ်တော် ၅၄ ဦးနှင့် သားတော်သမီးတော် ၁၃၇ ဦးအပါ အဝင် ဆွေတော်မျိုးတော်ဦးရေ ၅ဝဝ ရှိခဲ့သည်။
ကုန်းဘောင်ခေတ်တစ်လျှောက်တွင် ဗဒုံမင်း သည် အကျယ်ပြန့်ဆုံး မြန်မာနိုင်ငံဧရိယာကို ပိုင်ဆိုင်ခဲ့ကာ မြန်မာနိုင်ငံတွင်အကြီးဆုံးသော မင်းကွန်းခေါင်းလောင်းတော်ကိုလည်း သွန်းလုပ် လှူဒါန်းခဲ့သကဲ့သို့ အပြီးမသတ်ခဲ့သည့် ထုထည် အကြီးမားဆုံးသော မင်းကွန်းပုထိုးတော်ကြီး ကိုလည်း တည်ဆောက်ခဲ့သည်။ ဗဒုံမင်းသည် နန်းတက်ချိန်တွင် အရှည်လျားဆုံးသော ဘွဲ့ တံဆိပ်နာမတော် ''သီရိ ပဝရ ဝိဇယာ န္တယသ တြိဘဝနာ ဒိတျာဓိပတိ ပဏ္ဍိတမဟာဓမ္မရာဇာဓိ ရာဇာ''ဟူသည့် စာလုံး ၃၃ လုံးပါရှိသည့်ဘွဲ့ကို ခံယူခဲ့သည်။
ကုန်းဘောင်ခေတ်ကို နှစ်ပိုင်းပိုင်းလျှင် အလောင်းဘုရား နန်းတက်ချိန်မှ ဗဒုံမင်း နတ်ရွာစံချိန်အထိကာလသည် ပထမပိုင်းဖြစ်၍ ဘကြီးတော် စစ်ကိုင်းမင်း နန်းတက်ချိန်မှ သီပေါ မင်းပါတော်မူသည့် အချိန်အထိကာလသည် ဒုတိယပိုင်းဖြစ်သည်။ ကုန်းဘောင်သက်တမ်း ၁၃၃ နှစ်တွင် ရှေ့ပိုင်း ၆၆ နှစ်သည် ကုန်းဘောင် ၏ နေတက်ချိန်ဖြစ်၍ နောက်ပိုင်း ၆၆ နှစ်သည် ကုန်းဘောင်၏ နေကျချိန်ဖြစ်ကြောင်း သတင်းစာ ဆရာကြီးညိုမြက တင်စား ရေးသားခဲ့သည်။
ဗဒုံနှင့်အင်္ဂလိပ်များ
ဗဒုံမင်းလက်ထက်တွင် မြန်မာနိုင်ငံနှင့် နယ်ချဲ့ အင်္ဂလိပ်များအကြားတွင် ပြဿနာ ကြီးကြီး မားမား မရှိခဲ့ချေ။ အင်္ဂလိပ်တို့က ဗဒုံမင်းသည် ကျားကဲ့သို့ ရက်စက်ကြမ်းကြုတ်ကြောင်းမှတ် ချက်ပြုခဲ့ပြီး ဗဒုံမင်းလက်ထက်တွင် မြန်မာနိုင်ငံ ကို ရန်မရှာခဲ့သော်လည်း စစ်ကိုင်းမင်း၊ ပုဂံမင်း နှင့် သီပေါမင်းတို့ လက်ထက်တွင် စစ်ပွဲများဖြင့် အနိုင်ယူကာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ကြ သည်။
ဗဒုံမင်းလက်ထက်တွင် အင်္ဂလိပ်တို့နှင့် စစ် မက်ဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ကောင်းမွန် သောဆက်ဆံရေးကား မရှိခဲ့ချေ။ ခမည်းတော် အလောင်းမင်းတရားလက်ထက်တွင် မွန်တို့နှင့် စစ်ဖြစ်နေချိန်တွင် မွန်များကို လက်နက်များ ရောင်းချပေးခဲ့သဖြင့် ၁၇၅၅ ခုနှစ် မေလ ၂၂ ရက်တွင် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့၏စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အင်္ဂလိပ်တို့ သည် နှစ် ၃ဝ ကြာ ငြိမ်နေခဲ့ကြသည်။ သို့သော် ဗဒုံမင်းနန်းတက်လာအပြီး သုံးနှစ်အကြာ ၁၇၈၅ ခုနှစ်တွင် အင်္ဂလိပ်များသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်လာခဲ့ကြသည်။
အင်္ဂလိပ်တို့သည် အမရပူရတွင် သံတဲ ဆောက် လုပ်ရန် မြေတစ်နေရာ အပိုင်စားပေးရန်တောင်း ဆိုခဲ့ရာ ဗဒုံမင်းက ငြင်းပယ်ခဲ့သည်။ ခရစ်နှစ် ၁၈၁၃ ခုနှစ်တွင် ယုဒသန် ခေါ် ဂျပ်ဆင်နှင့် ဇနီးသည် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ခရစ်ယာန်သာသနာပြု လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။ ဗဒုံမင်းသည် ဂျပ်ဆင်အား ခရစ်ယာန် ဘာသာတရားများ ဟောကြားခွင့်ပြုခဲ့သည်။
ကျောက်စာများစုဆောင်းခြင်း
ဗဒုံမင်းသည် နိုင်ငံအတွင်း မြေခွန်ကင်းလွတ် ခွင့်ရရှိနေသည့် သာသနာ့မြေများကို သိရှိနိုင်ရန် တစ်နိုင်ငံလုံးရှိ ကျောက်စာများကို စုဆောင်းခဲ့ ရာ မြေခွန်တော် ကိစ္စရပ်များကို စီမံရာတွင် များစွာအထောက်အကူဖြစ်ခဲ့သည်။ ချမ်းသာ ကြွယ်ဝသူများသည် မြေများကို သာသနာဆိုင် ရာ အဆောက်အအုံများ ဆောက်လုပ်ရန် လှူ ဒါန်းခဲ့ကြသဖြင့် သာသနာ့မြေများ များပြား လာခဲ့ကာ မြေခွန်ရရှိမှု လျော့နည်းလာခဲ့ သည်။
ကျောက်စာများစုဆောင်းစိစစ်ခြင်းလုပ်ငန်းကို တွင်းသင်းတိုက်ဝန် မဟာစည်သူနှင့်သက်ပန်း အတွင်းဝန် ဗလရာဇကျော်ထင်တို့အား တာဝန် ပေးခဲ့သည်။ ရှေးကရေးခဲ့သော ရာဇဝင်ကျမ်းများ သည် ကျောက်စာများနှင့် ညီညွတ်မှုမရှိသဖြင့် ကျောက်စာများနှင့် ညီညွတ်သော ရာဇဝင်သစ် တစ်စောင်ရေးသားရန် ဗဒုံမင်းက တွင်းသင်း တိုက်ဝန်အား တိုက်တွန်းခဲ့သည်။ ထို့ကြောင့် နှောင်းလူတို့ အထောက်အထားပြုကြရသည့် တွင်းသင်းမဟာရာဇဝင်သစ် ထွက်ပေါ်လာခဲ့ သည်။
ဗဒုံမင်းသည် အောင်မြင်သောဘုရင်တစ်ပါးဖြစ်ခဲ့ပြီး စစ်သူရဲကောင်းများနှင့် အမတ်ကြီး များက သူ၏အောင်မြင်မှုများကို ပံ့ပိုးပေးခဲ့ကာ မြန်မာရှင်ဘုရင်များ အလွန်တန်ဖိုးထားသည့် ဆင်ဖြူတော်များကို ကိုးကောင်အထိ ပိုင်ဆိုင်ခဲ့ သည်။
ဗဒုံမင်း၏သားတော် အိမ်ရှေ့မင်းသည် ၁၈ဝ၉ ခုနှစ် မတ်လ ၂၉ ရက်တွင် ကွယ်လွန်ခဲ့သဖြင့် မြေးတော်စစ်ကိုင်းမင်းအား အိမ်ရှေ့အရာပေးခဲ့ သည်။ ဗဒုံမင်းဟုထင်ရှားသည့် ဘိုးတော်ဘုရား သည် ကုန်းဘောင်ထီးနန်းကို ၁၇၈၂ ခုနှစ်မှ ၁၈၁၉ ခုနှစ် ဇွန်လ ၅ ရက်အထိ စိုးစံကာ နတ်ရွာလားခဲ့ပြီးနောက် စစ်ကိုင်းမင်းသည် ကုန်းဘောင်ထီးနန်းကို ဆက်ခံခဲ့သည်။
ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် မင်းတုန်း မင်းသည် ရတနာပုံ မန္တလေးကို တည်ထောင်၍ အမရပူရမှ ပြောင်းရွှေ့ နန်းစိုက်ခဲ့သဖြင့် အမရ ပူရသည် နန်းမြို့ဟောင်းတစ်ခုအဖြစ်ကျန်ရှိခဲ့ သည်။ အမရပူရတွင် ဗဒုံမင်းနှင့် သာယာဝတီမင်း တို့ နန်းစိုက်ခဲ့စဉ် တည်လုပ်ခဲ့သည့် ဘုရား၊ ပုထိုး၊ စေတီများအပါအဝင် ရှေးဟောင်း အဆောက် အအုံများသည် ယခုတိုင် ကျန်ရှိနေပေသည်။ မြန်မာ့သမိုင်း၏ အတိတ်ပုံလွှာများအဖြစ် အမရ ပူရတွင် တည်ရှိနေသည့် ကုန်းဘောင်ခေတ် အမွေအနှစ်များကို ထိန်းသိမ်းကာ မြန်မာ့ ယဉ်ကျေးမှု အထောက်အထားများကို ကာကွယ် စောင့်ရှောက်ခဲ့ကြသဖြင့် ကုန်းဘောင်ဘုရင် သုံးပါး၏ ဂူဗိမာန်များအပါအဝင် အမရပူရရှိ ရှေးဟောင်းအဆောက်အအုံများသည် မြန်မာ တို့၏ မြင့်မားသော သမိုင်းတန်ဖိုးကို ဖော်òန်း လျက်ရှိနေကြပေသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)
No comments:
Post a Comment