Latest News

Tuesday, August 21, 2018

ဖားကန့် ရဲတပ်ရင်းမှ အရာရှိတစ်ဦး တလင်တမယား ဥပဒေမုဒ်မ ၁၃ဖြင့်အမှုဖွင့်ခံထားရ ....



ဇော်မိုးထက် ( ဖားကန့် )
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မော်လကင်ကျေးရွာ ရဲတပ်ရင်း (၃၀) မှ ရဲမှူး မြင့်ဦးအား တလင်တမယား ဥပဒေပုဒ်မ ၁၃ ဖြင့် ကိုသိန်းအေး (၃၉) နှစ် ၊ (ဘ) ဦးသန်းအောင် ၊ မှတ်ပတ်တင်အမှတ် ၁/မညန (နိုင်) ၁၀၄၇၇၆ဆိုသူ သြဂုတ်လဆန်းပိုင်းက ဖားကန့်မြို့ရှိ မြို့မရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့သည်ဟု သိရပါသည် ။

တိုင်တန်းသူ ကိုသိန်းအေးမှ ၄ င်း၏ဇနီးဖြစ်သူ မမော်မော်ကြည် နှင့် ရဲမှူးမြင့်ဦးတို့ ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် အုပ်စု (၇) ရှိ ကိုသိန်းအေး ၏ နေအိမ်တွင် အကြင်လင်မယားအဖြစ် တရားမဝင်နေထိုင်သောကြောင့် တိုင်တန်းခဲ့သည်ဟု သိရပါသည် ။ ၂၀၁၄ သြဂုတ် လဆန်းပိုင်းတွင် ဇနီးသည်နှင့်အတူခရီးထွက်ရင်း ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့အနီးတွင် ကိုသိန်းအေးဟာ မူးယစ်ဆေးဝါးနှင့် ဖမ်းဆီးခံခဲ့ရပြီး သီပေါထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ငါးနှစ် ကျခံနေရာ လျှော့ရက်များရရှိပြီး သုံးနှစ်ဖြင့် လွတ်မြောက်လာခဲ့ရသည်ဟု သိရပါသည် ။ ကိုသိန်းအေး ထောင်ကျနေစဉ်တွင် ၎င်း၏ ဇနီးဖြစ်သူ မမော်မော်ကြည် နှင့် ရဲမှူးမြင့်ဦးဟာ ကိုသိန်းအေးတို့ ဇနီးမောင်နှံပိုင်ဆိုင်သော နေအိမ်တွင် အကြင်လင်မယားအဖြစ် တရားမဝင်နေထိုင်သည်ကို အိမ်နီးချင်းများနှင့် ပတ်ဝန်းကျင်မှ ပြောဆိုမှု သက်သေများ ၊ ကိုသိန်းအေး၏ အမဖြစ်သူများ၏ တွေ့ရှိရသော သက်သေခံအထောက်အထားများဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်းကို ဖားကန့် မြို့မရဲစခန်းမှ သိရှိရပါသည် ။

အမှုဖွင့် တိုင်တန်းခံရသူ ရဲမှူး ဦးမြင့်ဦးဟာ ဖားကန့်မြို့နယ် ဆိပ်မှုအုပ်စု မော်လကင်ကျေးရွာအနီးရှိ တိုက်ခိုက်ရေး ရဲတပ်ရင်းအမှတ်(၃၀) တွင် တာဝန်ထမ်းဆောင်နေစဉ် တိုင်တန်းခံခဲ့ရသည်ဟုလည်း သိရပါသည် ။ တိုင်တန်းခံရသူ ရဲမှူးဦးမြင့်ဦးကို ဆက်သွယ်ခဲ့ပေမဲ့ လက်ကိုင်ဖုန်းများ ပိတ်ထားတာကြောင့် ဆက်သွယ်မရခဲ့ပါဘူး ။ အမည်မဖော်ပြလိုသူ ရဲမှူး မြင့်ဦးရဲ့ မိတ်ဆွေတစ်ဦးက “ ဒီကိစ္စက စွပ်စွဲ ခံရတာလဲ ဖြစ်နိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒီမှာက ဒါမျိုးဖြစ်စဉ်တွေက မကြာခဏ ကြားနေရတာလေ " ဟု ပြောပါသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖားကန့်မြို့မ ရဲစခန်းမှ တာဝန်ခံ အမှုစစ် ရဲအရာရှိတစ်ဦးမှ တိုင်တန်းခဲ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါသည် ။ “ အမှုဖွင့်ထားတာ ဟုတ်ပါတယ် ။ တလင်တမယားဥပဒေ နဲ့ လာဖွင့်တာပါ " လို့ အမှုစစ် ရဲအရာရှိက ပြောပါသည် ။ ကိုသိန်းအေးမှ အကြင်လင်မယားအဖြစ် တရားမဝင် ပေါင်းသင်းနေထိုင်သူ ရဲမှူး မြင့်ဦးနှင့် ၎င်း၏ ဇနီး မမော်မော်ကြည်တို့ နှစ်ဦးစလုံးကို တိုင်တန်းခဲ့သည်ဟု သိရပါသည် ။

ကိုသိန်းအေးနဲ့ ဇနီးဖြစ်သူ မမော်မော်ကြည်ဟာ တိုင်တန်းချိန်အထိ တရားဝင် အကြင်လင်မယားဖြစ်နေဆဲဟုလည်း သိရပါသည် ။ ကိုသိန်းအေးတို့ ဇနီးမောင်နှံမှာ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ မသိမ့်သူခိုင် နှင့် ၁၀ အရွယ်ရှိ ငါးတန်းကျောင်းသူ မကြယ်စင်ဖွေး တို့ သမီးနှစ်ဦး ရှိသည်ဟု သိရပါသည် ။ အဆိုပါ သမီးနှစ်ဦးမှာ ဟိုပင်မြို့ အမှတ်( ၂ ) အ .ထ.က တွင် ပညာသင်ကြားနေသည်ဟု သိရသည် ။ ရဲမှူး ဦးမြင့်ဦး တွင်လည်း တရားဝင်း ဇနီးဖြစ်သူရှိနေပြီး ဇနီးဖြစ်သူမှာ အထက်တန်းပြ ကျောင်းဆရာမ တစ်ဦး ဖြစ်သည်ဟုလည်း ရဲစစ်ဆေးချက်များအရ သိရပါသည် ။
ဇော်မိုးထက်
photo-July C Thu

No comments:

Post a Comment