Latest News

Thursday, August 16, 2018

စက်သုံးဆီ သယ်ယူပို့ဆောင်ပေးမည့် အိတ်ဖွင့်တင်ဒါအောင် ကုမ္ပဏီ ထွက်ပေါ်

စက်သုံးဆီ သယ်ယူပို့ဆောင်ပေးမည့် အိတ်ဖွင့်တင်ဒါအောင် ကုမ္ပဏီ ထွက်ပေါ်

ရန်ကုန်   သြဂုတ်   ၁၆

ပြည်တွင်း၌   စက်သုံးဆီဖြန့်ဖြူးရာတွင် သယ်ယူစရိတ် သက်သာစေရန်  ပြီးခဲ့သည့် နှစ်ပတ်က    ပြည်တွင်းကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ မြတ်မေတ္တာမွန် ကုမ္ပဏီက  တင်ဒါအောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း    အတွင်းရေးမှူး  ဒေါက်တာဝင်းမြင့်ထံမှ သိရသည်။

ထိုသို့တင်ဒါခေါ်ယူခဲ့ရာတွင်  တစ်ဂါလန်လျှင် ငွေကျပ် ၁၃ဝ၊ တစ်ပီပါလျှင် အကြမ်းဖျင်း အားဖြင့် ငွေကျပ် ၆၅ဝဝ ဖြင့် တာဝန်ယူ သယ်ယူပို့ဆောင်ပေးရန် တင်သွင်းခဲ့သည့် တင်ဒါမှာ အောင်မြင်ခဲ့ကြောင်း သိရသည်။  ''ဒီလုပ်ငန်းကို   အပြီးအစီး တာဝန်ယူပြီးလုပ်နိုင်မယ့်  ကုမ္ပဏီကတော့ အလျော့တွက်တွေ ထိန်းပြီး   ဘယ်လောက်ပေးနိုင်မလဲ။ ကားထက် သက်သာမယ်ဆိုရင်တော့  လက်ခံ ဆောင်ရွက်မယ်ဆိုပြီး   တင်ဒါခေါ်ခဲ့တာပါ'' ဟု ဒေါက်တာဝင်းမြင့် ကပြောသည်။

တင်ဒါအောင်မြင်သည့်   ကုမ္ပဏီမှရရှိသော တစ်ဂါလန် ငွေကျပ် ၁၃ဝ အနက်မှ ၁ဝ  ကျပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေကျပ် ၁၂ဝ ထဲမှ  ၂ ကျပ်ကို  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းသို့ ရန်ပုံငွေအဖြစ် ပေးသွင်းရမည်ဖြစ်သည်။ ပြီးခဲ့သည့်ငါးနှစ်ခန့်က   မန္တလေးမြို့သို့ စက်သုံးဆီများတင်ပို့ရာတွင်  CP တွဲများ၊ သင်္ဘောများဖြင့် တင်ပို့ခဲ့ပြီးနောက် မန္တလေးမြို့ရှိ   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပိုင် သိုလှောင်ကန်များမှ တစ်ဆင့်  ပြန်လည်ဖြန့်ဖြူးခဲ့ကြောင်း၊     ထိုသို့တင်ပို့ရာတွင် သယ်ယူမှုအတွက် ကုန်ကျစရိတ် များပြားသည့်အပြင်  ဆီအလျော့တွက်များလည်း ရှိခဲ့သဖြင့် တစ်ပီပါလျှင် ငွေကျပ် တစ်သောင်းခန့် ကုန်ကျခဲ့ကြောင်း၊နောက်ပိုင်းတွင်  မော်တော်ယာဉ်ဖြင့် သယ်ယူခဲ့ရာ ဆီအလျော့တွက်များ မရှိသည့်အတွက်  အကြမ်းဖျင်းအားဖြင့်  တစ်ပီပါလျှင်  ငွေကျပ် ၇ဝဝဝ  သာ ကုန်ကျခဲ့ပြီး  ထပ်မံ၍ ကုန်ကျစရိတ် ပိုမိုသက်သာစေရန် တင်ဒါခေါ်ယူရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်  သယ်ယူပို့ဆောင်စရိတ် လျော့ကျသွားပါက စက်သုံးဆီ ပို့ဆောင်ပေးနေရသည့် ဒေသများ၌ ယခင်ကထက် စက်သုံးဆီဈေးနှုန်း လျော့ကျနိုင်ကြောင်း၊ သယ်ယူ ပို့ဆောင်စရိတ် မြင့်မားခဲ့သည့်အတွက် စက်သုံးဆီသုံးစွဲသူ နည်းပါးလာသဖြင့်  ကုန်ကျစရိတ် သက်သာစေရန် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment