Latest News

Saturday, August 4, 2018

အမည်သညာ ခေါ်စရာကား ''နှစ်ကျပ်ခွဲရွာ''

အမည်သညာ ခေါ်စရာကား ''နှစ်ကျပ်ခွဲရွာ''


သက်ပြည့်အငြိမ်းစား ဝန်ထမ်းဘဝကို ရောက်ရှိသွားချိန်မှာ မိတ်ဆွေအချို့က တရားစခန်းဝင်ပြီး တရားဘာဝနာ ပွားများအားထုတ်ဖို့ စေတနာကောင်းဖြင့် တိုက်တွန်း အကြံပြုကြသည်။ ဖြစ်လည်းဖြစ်သင့်ပါသည်။ ကျွန်တော့် ဘဝတစ်လျှောက်မှာ ငါးပါးသီလကို အတန်အသင့် လုံခြုံ အောင်ထိန်းကာ အလှူဒါနလေးအချို့ ပြုလုပ်နိုင်ခဲ့သည် ကလွဲ၍ ပြောပလောက်သော တရားဘာဝနာ ကျင့်ကြံ အားထုတ်မှုများ မရှိခဲ့ရိုးအမှန်ပင်ဖြစ်၏။ သည့်အတွက် သူတို့၏တိုက်တွန်းစကားကို အလေးထားမှတ်သားကာ ကျေးဇူးတင်ခဲ့ရပါသည်။ သို့သော်ငြားလည်း တရားစခန်း ကို မြန်းဖို့ရာ မဖြစ်နိုင်သေး၊ ပင်စင်စားဘဝမှာ ကျွန်တော် ၏ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကို အရင်ဆုံး အကောင်အထည် ဖော်ချင်ပါသည်။   ထိုဆန္ဒကတော့   ပုဂံဘုရားများကို သွားရောက်ဖူးမြော်လိုခြင်းပင်။

ဆောက်လုပ်လှူဒါန်းခဲ့

ဤမည်သော ဆန္ဒတစ်စုံအတွက် ကျွန်တော့်မွေးနေ့ ဇူလိုင် ၂၅ ရက်မှာ ပုဂံသို့ရောက်ဖြစ်ခဲ့၏။ ပြန်တွက်ကြည့် ပါက ယခုခရီးစဉ်သည် စတုတ္ထမြောက်ခရီးစဉ်။ ၁၉၇၈ ခုနှစ်၌ စစ်တက္ကသိုလ် ဗိုလ်လောင်းပထမနှစ် လေ့လာရေး ခရီးစဉ်နှင့်တစ်ကြိမ်၊ နဝတခေတ်တုန်းကလို့ပဲ ပြောကြ ပါစို့ရဲ့။ နယ်စပ်၊ စည်ပင်ဝန်ကြီးဌာနနှင့် သူ့လက်အောက်မှ နတလ၊စည်ပင်ဦးစီးဌာနများက တာဝန်ယူ၍ ပြန်လည် ပြုပြင်မွမ်းမံ တည်ဆောက်ပြီးစီးခဲ့သော ကွမ်းတောင် ပေါက်ဘုရား၊ ရွာဟောင်းကြီးဘုရား (ခ) လောကမာန်ကင်း စေတီတော်မြတ်နှစ်ဆူတို့အား  ဗုဒ္ဓါဘိသေက  ဘုရား အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပသည့် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ တတိယအကြိမ်ကတော့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့က ဘိုးဘွားမိဘများ ဆောက်လုပ်လှူဒါန်း ခဲ့သည့် စလေမြို့ရှိ ရှင်ပင်မဟာလာဘ''မံ'' ဆင်းတုတော် နှီးဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဘုရားကြီး၏ ဂန္ဓကုဋိတိုက် ပြုပြင်မွမ်းမံခြင်း၊ ဘုရားကြီး အဝင်လမ်းမုခ်ဦး တည်ဆောက်ခြင်းတို့အတွက် ရေစက် သွန်းချအမျှပေးဝေခြင်းအခမ်းအနား ကျင်းပရန် အသွား ပုဂံမြေမှာတစ်ည အိပ်ဖြစ်ခဲ့၍ ပုဂံဘုရားများ၏ အရိပ် အာဝါသအောက်မှာ ခေတ္တနားခိုခွင့်ရခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ  မိသားစုနှင့်အတူ ဖူးဖြစ်ခဲ့သော ရွှေစည်းခုံစေတီ၊ ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးစေတီ၊ အာနန္ဒာစေတီ၊ သဗ္ဗညုစေတီ၊ ဓမ္မရာဇကစေတီ၊ အပယ်ရတနာဘုရား၊ ထီးလိုမင်းလိုဘုရား၊ မနူဟာဘုရား အစရှိသည့် ဘုရား စေတီ အဆူဆူကို လှည့်လည်ဖူးမြော်ရင်း ကွယ်လွန်သူ ဇနီးသည်အတွက်   အမျှအတန်းပေးဝေဖြစ်ခဲ့ပါသည်။ မနူဟာဘုရား၏ ဘွဲ့တော်ရေးထိုးထားသည့် ဆိုင်းဘုတ် ရှေ့မှာ  သားတော်မောင်နှင့်ထိုစဉ်က  ဒုတိယဦးစီးမှူး ဒေါ်ခင်အေးမြင့်၏ သမီးလေး ကေကေတို့ကို ဓာတ်ပုံ ရိုက်ပေးခဲ့တာလည်း  အမှတ်ရမိပါရဲ့။    သည်တုန်းက သုံးနှစ်ခွဲအရွယ်လေးတွေ။   ရွာဟောင်းကြီးဘုရား(ခ) လောကမာန်ကင်းစေတီကို သွားရောက်ဖူးမြော်ချိန်မှာတော့ အားလုံးအပေါ် သတိရတမ်းတမှုက ကျွန်တော့်ရင်ထဲမှာ အတိုင်းအဆမရှိ ဖြစ်တည်ခဲ့ရသည်။

ပုဂံဘုရားများအား ဖူးမြော်ပြီးချိန်မှာ ကျွန်တော့် စိတ်ကူးအာရုံက ပုပ္ပားတောင်ကလပ်ဘက်ကို တိမ်းညွတ် သွားခဲ့သည်။ ပုပ္ပားကိုသွားချင်တာ တစ်ခုတည်းအတွက် ရယ်ကြောင့်တော့ မဟုတ်ပါ။   ''အဘ ပုဂံဘုရားတွေ သွားဖူးရင် ကျောက်ပန်းတောင်းမြို့နယ်ထဲက သမီးတို့ နှစ်ကျပ်ခွဲရွာကိုလည်း ရောက်အောင်ဝင်ပြီး သိမ်တော် ဘုရားကို ဖူးပါ''ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းဖြစ်သူ သမီးငယ်ဇင်မာ ၏ ဖိတ်မန္တကပြုထားမှုကို သတိရလိုက်၍လည်း ဖြစ်ပါ သည်။ ပုပ္ပားမှာ ကျောင်းတက်နေသည့် သမီးလေး ဝတီ သန်းထွန်းကိုလည်း တွေ့နိုင်သည်ပဲပေါ့။

ဇူလိုင် ၂၆ ရက် နံနက်ပိုင်းမှာ ပုပ္ပားတောင်ကလပ် ကိုတက်၍ ဖူးမြော်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ကျောက်ပန်း တောင်းမြို့နယ်ထဲမှ   နှစ်ကျပ်ခွဲရွာသို့ ထွက်ခဲ့သည်။ တကယ်တော့ နှစ်ကျပ်ခွဲရွာသည် ကျောက်ပန်းတောင်း မှ လေးမိုင်သာ ဝေးပါသည်။ ကျေးလက်ဦးစီးဌာနက  ဖောက်ပေးထားသော ကျောက်ပန်းတောင်း-နှစ်ကျပ်ခွဲရွာ  ကားလမ်းသည်   ဗျတ္တပန်းဆက်လမ်းအထိ ၁ဝ မိုင် ရှိကြောင်း သိရသည်။    တကယ်သွားလိုက်တော့မှပဲ နှစ်ကျပ်ခွဲရွာဆိုသည်မှာ အိမ်ခြေ ၁ဝဝဝ ကျော်ရှိသော၊ လျှပ်စစ်မီး ၂၄ နာရီအချိန်ပြည့်ရနေသော ရွာကြီးတစ်ရွာ ပါပေတကား။ ဝါဆိုလပြည့်နေ့ အပါအဝင် ရုံးပိတ်ရက် သုံးရက်ဖြစ်သဖြင့် တောင်ကြီးရုံးမှ သမီးငယ်ဇင်မာလည်း ရွာမှာ ရောက်နေသောကြောင့် သူ့မိဘတွေ၊ သူ့အဘိုး အဘွားတွေအားလုံးနှင့်  တွေ့ခွင့်ရခဲ့သည်။   သူ့အဘိုး များဖြစ်ကြသော ဦးလေးဦးအောင်ပေါ၊ ဦးလေးဦးချစ်ဖေ တို့လို ရှေ့မီနောက်မီပုဂ္ဂိုလ်များက ပြောပြသဖြင့် နှစ်ကျပ်ခွဲ ရွာအကြောင်း၊ ထိုရွာမှ အထင်ကရ ဘုရားတစ်ဆူဖြစ်သည့်  သိမ်တော်ဘုရားအကြောင်း သိမှတ်ဖွယ်ရာတို့ကို မေးမြန်း လေ့လာသိခွင့်ရခဲ့ပါသည်။ ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးသည် စစ်သည်ဗိုလ်ပါအလုံးအရင်းနှင့် တိုင်းခန်း လှည့်လည်လာစဉ် သည်ဒေသသို့ ရောက်ရှိခဲ့ကြောင်း၊ သ
တ္တဝါအပေါင်းတို့  သောက်သုံးရန်အတွက်  ရေကန် တူးဖော်ခဲ့ရာတွင် စစ်သည်ဗိုလ်ပါ အင်အားများပြားလှ သဖြင့် တစ်ဦးလျှင် ရွှံ့နှင့်သဲမြေ နှစ်ကျပ်ခွဲသားစီလောက် သာ တူးဖော်ခဲ့ကြရကြောင်း၊ ကန်ဆယ်ခြင်းအမှု ပြီးစီး သွားသောအခါ ထိုရေကန်ကို နှစ်ကျပ်ခွဲကန်ဟု အမည် ပေးခဲ့သလို နှစ်ကျပ်ခွဲကန်ကို အစွဲပြုလျက် နှစ်ကျပ်ခွဲရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရွာ၏မြောက် ဘက်တွင် နှစ်ကျပ်ခွဲရေကန်ရှိသကဲ့သို့ ရွာ၏ တောင်ဘက် ၌လည်း စစ်သည်ရဲမက် တစ်ဦးလျှင် တစ်ပိဿာခန့်စီ တူးဖော်၍ ရေကန်ဖြစ်သွားခဲ့သော ပိဿာကန် ရှိနေပါသေး သည်။ ကျွန်တော့်အနေဖြင့် နှစ်ကျပ်ခွဲကန်သို့ သွားရောက် ကြည့်ရှုခဲ့ပြီး ပိဿာကန်ကိုမူ မရောက်ဖြစ်ခဲ့ပါ။

သိမ်တော်ဘုရားသည် ရွာ၏ အနောက်တောင်ဘက် တွင် တည်ရှိနေပြီး အလောင်းစည်သူမင်း တည်ထား၍ ရှင်အရဟံအမှူးပြုသော သံဃာတော် အပါး ၅ဝဝ တို့ဖြင့် သိမ်သမုတ်ခဲ့သည်ဟူ၍ပဲ ခေတ်အဆက်ဆက်မှတ်သားလာ ခဲ့ကြပြီး သမိုင်းအထောက်အထား မရှိသေး၍ ပေစာ၊ ကျောက်စာများမှတစ်ဆင့် ရှာဖွေပြုစုရန်လိုသေးကြောင်း ဦးလေးချစ်ဖေက ပြောပြပါသည်။ သူက အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်ခဲ့ပြီး ရွာ၏ အနောက်တောင်ပိုင်းမှာပဲ နေပါသည်။ မနက်ဖြန် ဝါဆိုလပြည့်နေ့မှာ ဘုရားပွဲရှိနေ သောကြောင့် သူတို့ရွာမှာ ညအိပ်ရန် ဝိုင်းပြောနေသည် ကိုလည်း အားနာစွာ ငြင်းခဲ့ရသည်။

ထီးလှုပ်ဘုရား

သိမ်ဘုရားသည် ဥာဏ်တော်အမြင့် ၃၄ ပေ ၄ လက်မ၊ အုတ်ဖိနပ်တော်အလျား ၁၇ ပေ ၄ လက်မ၊ ဘုရားထီးတော် အမြင့် ၉ ပေ ၉ လက်မရှိပြီး ပထမထီးတော်ဟောင်းနွမ်း ပျက်စီး၍ ဒုတိယထီးတော်ကို ပဲခူးမြို့မှဆရာတော်ကြီး ဦးညေးယျ လာရောက်ကြီးကြပ်တင်လှူရာတွင် ဆရာတော် ကြီးက ဘုရားငြမ်းပေါ်သို့ တက်ပြီး  ကြာမှောက်ကြာလှန် နေရာမှ  ဖက်တွယ်၍  ကိုင်လှုပ်ပြခဲ့ရာ   ထီးတော်၏ ဆည်းလည်းများ  သာယာစွာ   မြည်ကြသည့်အပြင် ဖောင်းရစ်တော်မှ အောက်ခြေပစ္စယာအထိ တုန်လှုပ်သွားခဲ့ သည်ကို  စတင်ဖူးတွေ့ခဲ့ကြရခြင်းဖြစ်သည်ဟု  ¤င်းတို့ အဘိုးအဘွားများက ပြောခဲ့ကြောင်း ဦးလေးချစ်ဖေက ရှင်းပြသည်။ ယခုလည်း ရဟန်းရှင်လူအများ ထီးတော်ကို ထိုသို့ လှုပ်၍ ကုသိုလ်ယူ လိုရာဆုတောင်းနိုင်ကြသော် လည်း ပြီးခဲ့သည့် ငလျင်လှုပ်သွားပြီးနောက်ပိုင်း ဘုရား၏  ရေရှည်တည်တံ့မှုကို ရှေးရှုကာ တားမြစ်ထားကြောင်း သိရသည်။ ထိုကဲ့သို့ ထီးတော်လှုပ်သည်ကို ကြားသိရ သောကြောင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူများ လာရောက်ဖူးမြော်ကြည်ညိုကြသည်။   ဘုရား၏ မူလ ဘွဲ့တော်မှာ ''သိမ်တော်ဘုရား'' ဟူ၍ ပေးထားသော်လည်း ဘုရားဖူး ပို့ဆောင်ရေးအဖွဲ့တစ်ဖွဲ့က ¤င်းတို့၏ ခရီးစဉ် ကြော်ငြာတွင်  ''ကျောက်ပန်းတောင်းမြို့နယ်  နှစ်ကျပ်ခွဲ ကျေးရွာက  ထီးလှုပ်ဘုရား၊    ထီးေ
တ်ာရှင်ဘုရား''ဟု ထည့်သွင်းကြော်ငြာခဲ့ရာမှ ထိုသို့ အမည်တွင်သွားခြင်း ဖြစ်ကြောင်း၊ ရှေ့မီနောက်မီ ဒေသခံဘိုးဘွားများ အားလုံး ကမူ ဘုရား၏ မူလဘွဲ့တော်အတိုင်း သိမ်တော်ဘုရား ဟုသာ ခေါ်တွင်စေလိုကြသည့်ဆန္ဒရှိကြောင်း မေးမြန်း သိရှိခဲ့ရပါသည်။

ကျွန်တော်ဖူးတွေ့ခွင့်ရခဲ့သော သိမ်တော်ဘုရားတွင် ထီးတော်လှုပ်ခြင်း၊  သိမ် သုံးထပ်ရှိခြင်း၊  ဘုရား၏ အနောက်ဘက်တံတိုင်းအနီး ဆိပ်ဖလူးပင်တစ်ပင်သည် ဘိုးဘွားများလက်ထက်မှ ယနေ့ထိ မကြီးမငယ် အရွယ် မပြောင်းဘဲ တစ်ပင်တည်း ရှင်သန်နေခြင်း၊ ဘုရားကို ဦးခိုက် ဖူးမြော်နေသော  ခြင်္သေ့တစ်ကောင်နှင့် ဆင်တစ်ကောင်၏ ရုပ်တုများရှိနေခြင်း အပါအဝင် ထူးခြားချက် ကိုးမျိုးရှိ ကြောင်း လေ့လာသိရှိခဲ့ရပါသည်။ ထိုနေ့ ညနေချမ်းမှာတော့ ဦးလေးအောင်ပေါ၊ ဦးချစ်ဖေနှင့် သမီးဇင်မာတို့ မိသားစုကို နှုတ်ဆက်ကာ နှစ်ကျပ်ခွဲကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့ကြ ပါသည်။ သို့သော်..ကျွန်တော် ယုံကြည်ပါသည်၊ တစ်ချိန် မှာ နှစ်ကျပ်ခွဲကျေးရွာသို့ အရောက်သွား၍ သိမ်တော် ဘုရားအား ထပ်မံဖူးမြော်ခွင့်ရဦးမည်ဟူ၍.....။

မြင့်စိုး (နတလ)

No comments:

Post a Comment