ရန်ကုန် သြဂုတ် ၁၄
ဓာတ်ပုံ ထိန်ဝင်း၏ နှစ် (၃ဝ) ပြည့် ရှစ်လေးလုံးလူထုအုံကြွမှု ဓာတ်ပုံပြပွဲကို သြဂုတ် ၁၈ ရက်မှ ၂ဝ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်း၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ ထိန်ဝင်း (ဦးထိန်ဝင်း) သည် ''၁၉၈၈ လူထု အုံကြွမှု'' သမိုင်းဝင်ရှားပါးဓာတ်ပုံများအား သြဂုတ်လဆန်း မှ အာဏာသိမ်းယူသည့်အချိန်ထိ လူထုလှုပ်ရှားမှုများကို နေ့စဉ်မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးထားခဲ့ပြီး အဆိုပါ ဓာတ်ပုံများကို လာမည့်ဓာတ်ပုံပြပွဲတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ ထိန်ဝင်းက ''ရှစ်လေးလုံးကာလ သြဂုတ် လဆန်းကနေ အာဏာသိမ်းတဲ့ရက် စက်တင်ဘာ ၁၈ ရက်အထိ ရိုက်ထားတာပါ။ မှတ်တမ်းတင်ထားမယ် ဆိုတဲ့သဘောနဲ့ လိုက်ရိုက်ထားတာပါ။ ပြသတဲ့ ရည်ရွယ်ချက်က ရှစ်လေးလုံးလူထုအုံကြွမှုကြီးကို မမြင် လိုက်ရတဲ့သူတွေ ဒါကိုပြန်မြင်စေချင်တယ်။ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လိုလှုပ်ရှားကြသလဲဆိုတာ ပါဝင်ခဲ့တဲ့သူ တွေအချို့ကလည်း မေ့ချင်မေ့နေမှာပေါ့။ ဒါကို ပြန်ပြီး ကြည့်စေချင်တယ်။ အဲဒီသဘောပါပဲ။ မှတ်တမ်းအဖြစ် သိမ်းထားလိုသူတွေကိုလည်း ရောင်းပေးသွားပါမယ်'' ဟု ပြောသည်။
ဓာတ်ပုံထိန်ဝင်းသည် ၄င်းရိုက်ကူးခဲ့သည့် ၁၉၈၈ လူထုအုံကြွမှု သမိုင်းဝင်ရှားပါးဓာတ်ပုံများကို နယ်သာလန် နိုင်ငံရှိ မော်ကွန်းတိုက်သို့ ပေးပို့ထားခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြန်လည်တောင်းယူ၍ ပြသခြင်းဖြစ်ကြောင်း သိရသည်။
''အဲဒီတုန်းကရိုက်ထားတဲ့ နဂ္ဂတစ်တွေကို ကျွန်တော့် မိတ်ဆွေသုံးဦးဆီမှာ သိမ်းထားခိုင်းပါတယ်။ ဒါကိုစစ်ဆေး မယ်ဆိုတာကြားလို့ သူတို့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ကျွန်တော့်ဆီမှာကျန်နေတဲ့ တစ်ဝက်ကို သိမ်းထားရင် အန္တရာယ်ရှိနိုင်တယ်လို့ယူဆပြီး နယ်သာလန်မှာရှိတဲ့ ကျွန်တော့်မိတ်ဆွေထံ ပို့ထားတာပါ။ အခုက နယ်သာလန် မော်ကွန်းတိုက်မှာသိမ်းထားတဲ့ ကျွန်တော့်ဓာတ်ပုံတွေကို ပြန်ကူးပြီး ပြသရခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးလ လောက်က ပို့လိုက်တာကို ပြန်ကူးတာပါ။ ကျွန်တော့်ဆီမှာ ဓာတ်ပုံပေါင်း ၆ဝဝ ကျော်လောက်ရှိပါတယ်''ဟု ဓာတ်ပုံ ထိန်ဝင်းက ပြောသည်။
ဓာတ်ပုံထိန်ဝင်းရိုက်ကူးခဲ့သည့် ''၁၉၈၈ လူထု အုံကြွမှု'' သမိုင်းဝင်ရှားပါးဓာတ်ပုံများကို သြဂုတ် ၈ ရက် မှ ၁၂ ရက်အထိ ဗဟန်းမြို့နယ်ရှိ ဗိဿနိုးပန်းချီပြခန်း၌ ပြသခဲ့ပြီး အားလုံးလာရောက်ကြည့်ရှုနိုင်စေရန် လောကနတ်ပန်းချီပြခန်းတွင် ထပ်မံပြသခြင်း ဖြစ်သည်။ ဓာတ်ပုံထိန်ဝင်းသည် ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့ သည့် ၁၉၇၄ ဒီဇင်ဘာလ ''ဦးသန့် ဈာပနအရေးအခင်း'' တွင်လည်း ဓာတ်ပုံများ လျှို့ဝှက်ရိုက်ကူး၍ ၂ဝ၁၄ ခုနှစ် တွင် ''၁၉၇၄ ခု ဦးသန့်အရေးအခင်း'' ဓာတ်ပုံဆောင်းပါး စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဓာတ်ပုံထိန်ဝင်း (ဦးထိန်ဝင်း) ကို ၁၉၄၆ တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၆၆ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန် ဆေးတက္ကသိုလ်(၁) တွင် ပညာသင်ကြားခဲ့သော်လည်း ဆေးပညာဘွဲ့ ရရှိခဲ့ခြင်းမရှိပေ။
သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ထိန်ဝင်း
No comments:
Post a Comment