Latest News

Sunday, August 5, 2018

သင့်နာမည် ဘယ်လောက်တန်သလဲ

သင့်နာမည် ဘယ်လောက်တန်သလဲ

''မြောက်မြားလှစွာသော ကြွယ်ဝချမ်းသာမှုထက် နာမည် ကောင်းတစ်ခုကို ရွေးချယ်သင့်သည်''ဟု စကားပုံတစ်ခုက ဆိုပါသည်။သို့သော် လူသားတိုင်း မိမိနာမည်ကို ရွေးချယ် ရန် အခွင့်အရေးမရှိခဲ့ကြပေ။ လူ့ဘဝသို့ ဝင်ရောက်လာ သည်နှင့် မိဘများက အမည်တစ်ခုကို သတ်မှတ်သမုတ်ပေး ၏။ ဤအမည်နာမဖြင့် လူ့ဘဝတစ်လျှောက် ဆက်လက် ဖြတ်သန်းရလေသည်။

မိမိတို့၏ အမည်နာမ လင်းလက်လာအောင် မိမိတို့ ကိုယ်တိုင် ကြိုးစားရမည်မှန်သော်လည်း အမည်နာမတစ်ခု ၏  တန်ဖိုးနှင့်အဆင့်အတန်းကို သတ်မှတ်ပေးသည်မှာ ပတ်ဝန်းကျင်က ဖြစ်လေသည်။ နာမည်တစ်လုံး၏ တန်ဖိုး ကို ငွေကြေးဖြင့် တိုင်းတာသတ်မှတ်၍မရ။ ထိုနာမည်၏ အရေးပါအရာရောက်မှုဖြင့်သာ တိုင်းတာနိုင်၏။ နာမည် တစ်ခု၏ တန်ဖိုးသည် ထိုနာမည်ပိုင်ရှင်၏ ကိုယ်ကျင့် သီလနှင့် ပတ်ဝန်းကျင်လူသားများအပေါ်   မည်မျှအကျိုး ပြုခဲ့သည်ဆိုတာနှင့် တိုက်ရိုက်အချိုးကျလေသည်။

ဗိုလ်ချုပ်အောင်ဆန်းအား ယနေ့ခေတ် ယနေ့အချိန် အထိ တသသလွမ်းဆွတ်၍ သတိရနေကြသည်မှာ ဗိုလ်ချုပ် ၏ ရိုးသားဖြောင့်မတ်သော သီလဂုဏ်နှင့် လွတ်လပ်ရေး အတွက် အသက်စွန့် ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် အာဏာကို သူ၏အကျိုးစီးပွား အတွက် အသုံးမချခဲ့ပေ။ သာမန်လူတန်းစားတစ်ဦးအနေ ဖြင့်သာ နိုင်ငံ၏  အဓိပတိဘဝကို ဖြတ်သန်းခဲ့သည်။ နည်းနည်းယူ၍ များများပေးဆပ်ခဲ့သူဖြစ်သည်။   ထို့ကြောင့်   ဗိုလ်ချုပ်၏နာမည်သည်  ''ရာဇဝင်အတ္ထုပ္ပတ္တိလည်း ရှိရ မယ်...မော်ကွန်းလည်း ထိုးလောက်တယ်...မြင့်မြတ် တဲ့ ဗိုလ်အောင်ဆန်းရယ်''ဟူ၍ ပြည်သူများ၏ နှလုံးသား  တွင် မော်ကွန်းထိုး  စိုက်ထူထားရလောက်အောင် တန်ဖိုး ကြီးမားခဲ့လေသည်။

ကိုယ်ကျင့်သီလ ကောင်းမွန်ပြီး နှလုံးသားလှသူတို့ သည် ၎င်း၏ပတ်ဝန်းကျင်အား ကောင်းကျိုးချမ်းသာများကို ဖြန့်ဝေပေးလေ၏။ ကိုယ်ချင်းစာစိတ်ဖြင့် လုပ်သောအလုပ် များသည် လှပကောင်းမွန်သော လုပ်ရပ်များအဖြစ် အများ က အသိအမှတ်ပြု ချီးကျူးခြင်းခံရပေမည်ဖြစ်၏။ဤသို့ သောသူများ၏နာမည်များသည် ကမ္ဘာတည်သရွေ့ လူအများ ၏စိတ်နှလုံးတွင် စွဲထင်နေမည်ဖြစ်သည်။ ၎င်းတို့၏ အမည် နာမများလည်း တန်ဖိုးဖြတ်မရအောင် ထိုက်တန်လေ၏။ပြင်သစ်လူမျိုး ဟင်နရီဒူးနန့်ဟူသော ပုဂ္ဂိုလ်ကြီးသည် အီတလီမြောက်ပိုင်း  ဆိုမာလီမြို့တွင် ဖြစ်ပွားနေသော စစ်ပွဲမှ အနိဋ္ဌာရုံမြင်ကွင်းများကို မြင်တွေ့ပြီး သနားကြင်နာ စိတ်များ ယိုဖိတ်ကျလာခဲ့လေ၏။ စစ်မြေပြင်တွင် သေဆုံး နေသောအလောင်းကောင်များကြား၌ ဒဏ်ရာရ၍ ညည်းညူ နေသူများကို သူတွေ့ရှိခဲ့ရ၏။

ဟင်နရီဒူးနန့်သည် သူ၏ စီးပွားရေးလုပ်ငန်းများကို လျစ်လျူရှုကာ ထိုအရပ်ဒေသ၌ ရက်ပေါင်းများစွာနေထိုင်ပြီး အစွမ်းကုန်စောင့်ရှောက်ပေးခဲ့၏။   ဒူးနန့်သည် သူ၏လုပ်ဆောင်ချက်များကို မှတ်တမ်းစာအုပ်အဖြစ်ရေးကာ ဖြန့်ဝေလိုက်သည်။ ထိုစာအုပ်သည် ဥရောပတိုက်ကြီးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ ဤသို့ဖြင့် ကြက်ခြေနီ အသင်း၊ ကြက်ခြေနီလုပ်ငန်းများ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ သွားခဲ့တော့၏။ ဟင်နရီဒူးနန့်၏ ကိုယ်ချင်းစာအလှတရားကို ဂုဏ်ပြုသောအားဖြင့် ပထမဆုံးသော ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုကြီးကို ချီးမြှင့်ခဲ့ကြသည်။

အနာကြီးရောဂါသည်တို့၏ဘဝ၊ မိဘမဲ့ကလေးတို့၏ဘဝများကို ကိုယ်ချင်းစာစိတ်အပြည့်နှင့် မေတ္တာမိုးရွာသွန်း ပေးခဲ့သော 'မာသာထရီဇာ'ကို တစ်ကမ္ဘာလုံးက ကြည်ညို လေးမြတ်စွာဖြင့် အမေဟု ခေါ်ဝေါ်ခဲ့ကြသည်။  ခရိုင်း မီးယားစစ်မြေပြင်၌ ယမ်းငွေ့များဝေနေသောကြားတွင် အတိဒုက္ခရောက်နေသော စစ်သည်များအပေါ် သက်စွန့် ဆံဖျား ကူညီခဲ့သော နိုက်တင်ဂေးကိုလည်း မီးအိမ်ရှင် မလေးဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ အာဖရိကတောကြီး မျက်မည်းထဲတွင် အနာကြီးရောဂါဝေဒနာရှင်တို့အပေါ် ကရုဏာအပြည့်ဖြင့် ဆေးကုသပေးခဲ့သော ဒေါက်တာ ရွိုက်ဇာ၊ မြန်မာနိုင်ငံမှ ဒေါ်ဦးဇွန်း၊ စိုင်းအောင်လှိုင်မြင့်၊ လေယာဉ်မယ်တင်တင်လှိုင်၊ သူနာပြုဆရာမကြီးဒေါ်သိန်းရီ စသည်တို့သည်လည်း   ကိုယ်ချင်းစာတရားအပြည့်ဖြင့် စိတ်အလှကို ဖော်ကျူးခဲ့သူများဖြစ်ကြသည်။ ဤပုဂ္ဂိုလ် ကြီးများ၏ အမည်နာမများသည် ယနေ့ထက်တိုင် မပျောက် မပျက် ကမ္ပည်းတင်ထားရသည့် အဖိုးမဖြတ်နိုင်သော နာမည်များဖြစ်ကြလေ၏။

ကိုယ်ချင်းစာတရား   ပြည့်ဝသူတို့ကြောင့်  ကမ္ဘာ လောကကြီး သာယာအေးချမ်းမှုရှိသော်လည်း အတ္တသမား ငါသမားများကြောင့် ကမ္ဘာကြီးပူဆွေးသောက ရောက်ခဲ့ရ သည့် အဖြစ်အပျက်များလည်းရှိခဲ့သည်။ စစ်တိုက်ရခြင်းကို ခုံမင်သော  စစ်ဘုရင်ကြီး  နပိုလီယံဘိုနာဘတ်ကြောင့် ဥရောပတစ်ခွင် ယမ်းငွေ့များဖုံးလွှမ်းခဲ့ရသည်။ ကိုယ့်လူမျိုး ကောင်းစားရေးသာ ရှေ့တန်းတင်ပြီး လူမျိုးကြီးဝါဒကို လက်ကိုင်စွဲထားသည့် ဂျာမနီမှဟစ်တလာ၊ အီတလီမှ မူဆိုလီနီတို့၏ ကြမ်းတမ်းရက်စက်သော ဖက်ဆစ်စနစ် ဆိုးကြီးကြောင့် ကမ္ဘာအနှံ့ စစ်မီးများတဟုန်းဟုန်းတောက် လောင်ခဲ့ရသည်။ ကိုယ်ချင်းစာတရားအပြည့်ဖြင့် နှလုံးလှ သူများ၏ အမည်နာမများကို ကမ္ဘာတည်သရွေ့ ကြည်ညို လေးစားနေကြမည်ဖြစ်သလို အတ္တဝါဒီ ကိုယ်ကျိုးကြည့်သမား များ၏ အမည်နာမများသည်လည်း ကမ္ဘာတည်သရွေ့ ကဲ့ရဲ့ ရှုတ်ချခံနေရမည်ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်ကြီးများ၏ အမည် နာမများမှာ ယနေ့ထက်တိုင် ထင်ကျန်နေခဲ့သော်လည်း လူအများ၏ တန်ဖိုးထားခြင်းကိုမူ မရရှိပေ။

မိမိနာမည်ကို တန်ဖိုးမြင့်တက်အောင် မိမိကိုယ်တိုင် စွမ်းဆောင်ရမည်ဖြစ်သကဲ့သို့ မိမိနာမည်၏ တန်ဖိုးလျော့ကျ အောင်၊ တန်ဖိုးမဲ့သွားအောင် လုပ်မည့်သူမှာလည်း မိမိ ကိုယ်တိုင်ဖြစ်ကြောင်း သတိချပ်သင့်ပါသည်။

လူတိုင်းလူတိုင်းသည် မိမိတို့၏ အမည်နာမများအား သမိုင်းတွင် ကျန်ရစ်လိုကြသည်။ ထို့အတွက် ကြိုးစားကြ သည်။ သို့သော် လူတိုင်း၏နာမည်များ သမိုင်းတွင်မကျန် ခဲ့ပေ။ သမိုင်းတွင်ကျန်ခဲ့သည့် နာမည်များတွင်မှ တချို့သော အမည်နာမများသည် တန်ဖိုးမဲ့စွာ နာမည်ဆိုးဖြင့် ကျန်ခဲ့ ခြင်းဖြစ်၏။ အကျင့်သီလ ပြည့်စုံသူတို့၏  အမည်နာမ များသည် အလိုလိုပင် တန်ဖိုးမြင့်တက်နေလေ၏။ ''နာမည် သေပါက ဘဝဆုံးပြီ''ဟုဆိုကြပါသည်။ ထို့ကြောင့် လူတိုင်း မိမိတို့အမည်နာမများ၏ တန်ဖိုးကို မြှင့်တင်ကြဖို့လိုပါ သည်။ မိမိတို့ နာမည်များ၏ တန်ဖိုးများကို အမြဲဆန်းစစ်၍ တန်ဖိုးမြင့်သော နာမည်ပိုင်ရှင်များဖြစ်အောင် ကြိုးစား သင့်ပါသည်ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။

မိုးသောက်ထွန်း

No comments:

Post a Comment