Latest News

Sunday, August 5, 2018

စာအုပ်နှင့် စာအုပ်မျက်နှာဖုံး

စာအုပ်နှင့် စာအုပ်မျက်နှာဖုံး

ကျွန်တော့် စိတ်ထဲ၌ သဘောမကျသည့် မြင်တွေ့မှု အချို့ကို လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်အနေဖြင့် ချရေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် စာအုပ်ကို  ဝယ်ယူသောအခါ(သို့)ဖတ်မည်ဟု ကောက်ကိုင်လိုက်သောအခါ စာရေးသူ၏ ကလောင်နာမည်ကို အရင်ကြည့်လေ့ရှိပါသည်။ ခေါင်းစဉ်ကို ဘယ်လိုပေးထားလဲ စိတ်ဝင်တစားဖတ်ပါ၏။ စာအုပ်မျက်နှာဖုံးတွင် ရေးဆွဲ ထားသော သရုပ်ဖော်ပုံကို အရသာခံ၍ ကြည့်ပါ၏။ ပြီးမှ စာအုပ်အတွင်းထဲ၌ ပါသော စာရေးသူ၏ ကိုယ်ရေးအကျဉ်း၊ အမှာစာ၊ ဇာတ်လမ်းသဘောကို  ခံစားဖတ်ရှုလေ့ရှိပါသည်။ အရေးအသား၊ စေတနာ၊ ရည်ရွယ်ချက် ကောင်းလျှင် ကောင်းသလို စာရေးသူကို စိတ်ထဲ၌ ကျိတ်၍ ချီးကျူးလေ့ရှိပါ၏။ ရိုသေလေး စားခြင်းသည်လည်း သူ့အလိုလို ဖြစ်ပေါ်တတ်ပါသည်။ သို့သော် သူ၏စာဖတ် ပရိသတ်တော့ ဖြစ်ချင်မှ ဖြစ်ပါ့လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကျွန်တော့်အနေဖြင့် စာရေးဆရာတစ်ယောက်၏ ဝတ္ထုတစ်ပုဒ်၊ စာအုပ်တစ်အုပ်ကိုဖတ်ပြီး  ထိုစာရေးဆရာ၏ စာဖတ်ပရိသတ် ဖြစ်ချင်ဖြစ်လိမ့်မည်၊ မဖြစ်ချင် မဖြစ်ပါဘူး။ ပုံသေတွက်လို့ မရပါ။ ရှင်းပါမည်။ အချို့သော စာရေးဆရာများသည် သူတို့၏ ပထမဦးဆုံးလက်ရာ၌ လက်ကို အစွမ်းကုန်ထည့်ရေးထားတာ ဖြစ်သောကြောင့် အလွန်ကောင်းမွန်လေ့ရှိသည်ကို တွေ့ရတတ်ပါသည်။ နောက်လက်ရာများ၌ တော်ရိရော်ရိလေးပဲ အားထုတ်ထား တာဖြစ်သဖြင့် ပထမလက်ရာကို မမှီတတ်တာလည်း ကြုံရတတ်ပါသည်။ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ရေးလာတတ်ကြပါသည်။ အရည်အသွေးထက် အရေအတွက်များလာခြင်း ဖြစ်ပါသည်။ ပြီးလျှင်  ဘာမှမကျန်သော စာရေး ဆရာ ဖြစ်သွားတတ်ပါ၏။ အချို့ဆရာများကတော့ စာမူကောင်းကြီး အမြဲ တမ်းမရေးနိုင်ဘူးဆိုသည့်အတိုင်း ကောင်းသည့်အခါရှိသလို ညံ့သည့်အခါလည်း ရှိတတ်ပါသည်။ ပြောရမည်ဆိုလျှင် မူလလက်ရာကို မမှီဘဲ လက်ရာညံ့လာသော သို့ စာပေလောကနှင့်သွေဖည်လာသော စာရေးဆရာလက်ရာများကို ကျွန်တော့် အနေဖြင့် အချိန်ကုန်ခံ၍ ဖတ်လေ့မရှိပါ။  မူလလက်ရာကို   မီအောင်(သို့) မူလလက်ရာထက်ကောင်းအောင် အပင်ပန်းခံ ကြိုးစားအားထုတ်ရေးလေ့ရှိသော စာရေးဆရာစာအုပ်ကိုမူ ဖတ်လေ့ရှိပါသည်။ ထိုစာရေးဆရာ စာအုပ်များက သာလျှင် ကျန်ရစ်နေသည်ဟု မြင်မိပါသည်။

ထိုသို့ ကြိုးစားအားထုတ်သော စာရေးဆရာများကို နာမည်တစ်လုံးနှင့် နေသည့် စာရေးဆရာများဟူ၍ ကင်ပွန်းတပ်လျှင် မမှားပါ။ ထိုစာရေးဆရာ များကိုမူ မည်သူတစ်ဦး၊ တစ်ယောက်ကမှ လာပါ၊ ကြည်ညိုလှည့်ပါ မပြောရပါ ဘဲနှင့် လေးစားတန်ဖိုးထားတတ်ကြပါသည်။ ကျွန်တော့်အနေဖြင့် သူများဆရာ ခေါ်တိုင်း လိုက်ခေါ်တတ်လေ့မရှိသည်ကိုလည်း ကျိန်ပြီး ပြောဝံ့ပါသည်။ ကျွန်တော်၏ Óဏ်တစ်ထွာတစ်မိုက်လေးဖြင့် စဉ်းစား၊ ဝေဖန်ပြီးမှ ဆရာခေါ် လေ့ရှိပါသည်။

နောက်ပြီး ထိုစာရေးဆရာများသည်  လူရှေ့၊ သူရှေ့ သိပ်ထွက်ပြလေ့မရှိဘဲ မိမိအလုပ်ကိုယ် မိမိတာဝန်ကျေပွန်အောင် လုပ်ဆောင်တတ်လေ့ရှိသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ဂုဏ်သတင်းကျော်စောမှုကို ထုတ်ဖော်ပြသစရာ မလိုခြင်း ကပဲ ပို၍ဂုဏ်သတင်းကျော်စောခြင်းကို ဖြစ်ပေါ်စေသည်လား မပြောတတ်ပါ။ အနေအထိုင် သိုဝှက် ကျစ်လျစ်သည်ဟု ပြောလို့ရမည် ထင်ပါသည်။ နေရာ တကာဝင်၍ ပါလေ့မရှိပါ။ သည်တော့ လေးစားရသည့် ဆရာများသည် လူ နောက်ကွယ်မှာပဲ နေလေ့ရှိသဖြင့် မတော်တဆလမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်တောင် မှတ်မိနှုတ်ဆက်ဖို့ ခက်ခဲလွန်းပါသည်။ (အခုကတော့ Facebook သုံးကြတာများပြီး ဆရာများကိုယ်တိုင် ပုံတွေတင်ကြတာမို့  လမ်းတွေ့ မမှတ်မိ စရာအကြောင်းမရှိတော့ပါ)။

ဤတွင်  စာအုပ်မျက်နှာဖုံးကိစ္စနှင့်  ဆက်စပ်လာပြီးဖြစ်တာကြောင့် အနည်းငယ်ပြောချင်ပါသည်။ ကျွန်တော်ဖတ်ရှုခဲ့ရသော ဆရာကြီးများသည် သူတို့၏ရုပ်ပုံလွှာကို သူတို့၏စာအုပ်မျက်နှာဖုံးတွင် ဖော်ပြလေ့မရှိဘဲ စာအုပ်ထဲ က ကိုယ်ရေးအကျဉ်းမှသာ လိုင်စင်ဓာတ်ပုံကဲ့သို့ ပုံသေးသေးလေးဖြင့်သာ ထည့်သွင်းလေ့ရှိသည်ကို တွေ့ရတတ်ပါသည်။ ယေဘုယျ အားဖြင့်တော့ မှန်ပါသည်။  ဘာကြောင့်လည်းဆိုတော့ အချို့သောဆရာကြီးများကတော့ မိမိ၏ရုပ်ပုံလွှာဖြင့် စာအုပ်ထုတ်တာ တွေ့မြင်ရပါသည်။ ဆရာကြီး၏ စိတ် ဆန္ဒကြောင့်လား၊ စာအုပ်တိုက်၏ စီစဉ်မှုကြောင့်လား မပြောတတ်ပါ။ နောက် ကွယ်လွန်ပြီးသော စာရေးဆရာကို ဂုဏ်ပြုရေးသားထားသော စာအုပ်၌လည်း စာရေးဆရာ၏ မျက်နှာပါပါသည်။ ကဗျာပေါင်းချုပ်များမှာလည်း တွေ့မြင်ရ တတ်ပါသည်။ သို့သော် သတိပြုရန် အချက်မှာ မိမိ၏စာအုပ်ကို မိမိ၏ရုပ်ပုံလွှာ ဖြင့် ထုတ်ဝေကြသော ဆရာအများစုသည် စာပေနယ်တွင် ခိုင်ခိုင်မာမာနေရာ တစ်ခု ရပ်တည်စိုက်ထူထားကြသူများဖြစ်ကြောင်းကိုမူ  မမေ့သင့်ဟု ထင်ပါ သည်။

ယခုမူ အချို့ ကလောင်သစ်များသည်(ကျွန်တော် မဖတ်ဖူးတာလည်း ဖြစ်နိုင်ပါတယ်) မအောင်မြင်ခင် ထင်ပေါ်လိုစိတ် အခံရှိသည်လား မပြောတတ် ပါ။  မိမိ၏ရုပ်ပုံဖြင့်  မိမိ၏စာအုပ်မှာ အသုံးပြု၍ ထုတ်လာတတ်သည်ကို မြင်တွေ့မိပါသည်။ ကိုယ်တိုင်းရေးအတ္ထုပ္ပတ္တိ မဟုတ်ပါဘဲနှင့် ဘယ်လိုအကြောင်း ပြချက်ဖြင့် ထုတ်တာလည်း မပြောတတ်ပါ။ ဥပမာ နာမည်ကြီး စာရေးဆရာ တစ်ယောက်ဖြစ်သည့်   ဘာသာပြန်တက်ကျမ်းများကိုရေးသော   ဆရာ တစ်ယောက်ဆိုလျှင်လည်း မျက်စိဆံပင်မွေးစူးအောင် သူ၏ပုံများဖြင့် စာအုပ် ထုတ်လေ့ရှိပါ၏။ သဘောမကျ၍ ဖတ်လည်း မဖတ်ပါ။ သူ့အရင်  ရေးခဲ့သော ဆရာကြီး ပီမိုးနင်း၊ ဆရာဖေမြင့်တို့တောင် ထိုသို့လုပ်လေ့လုပ်ထမရှိခဲ့တာ သေချာပါ၏။

တကယ်တော့ ထိုကိစ္စသည်ကောင်းသလိုလိုနှင့် မကောင်းဘူးဟု ကျွန်တော် ထင်ပါသည်။ တကယ်တော့ စာရေးဆရာတစ်ယောက်၏ အဓိကရည်ရွယ်ချက်မှာ ကိုယ်မွေးထုတ်လိုက်သောစာတစ်ပုဒ်ကို စာဖတ်သူ အကျိုးရှိအောင်၊ ကောင်းသည် ထက်ကောင်းအောင် ကြိုးစားရေးသားရမည့် တာဝန်ရှိသည်ဟု ထင်မိပါသည်။

အမှန်တော့ အရည်အချင်းရှိတယ်ဆိုလျှင်  ကိုယ်ရည်သွေးတီးလုံးတီးပြ နေဖို့ မလိုပါ။ အချိန်နှင့် စာဖတ်သူကသာ ဆုံးဖြတ်သွားလိမ့်မည်ဟု ထင်မိပါ တော့သည်။    ။

ဟိန်းဇော်မြင့်(တောင်တွင်းကြီး)

No comments:

Post a Comment