Latest News

Thursday, August 16, 2018

မုံရွာ-ရေဦးလမ်းတွင် လမ်းပေါက်များဖာရန် ဆုထူးပန်ကုမ္ပဏီအားနှစ်ကြိမ်တိုင် ညွန်ကြားသော်လည်း မလုပ်၍ လွှတ်တော်တွင်မေးခွန်းထုတ်

မုံရွာ-ရေဦးလမ်းတွင် လမ်းပေါက်များဖာရန်  ဆုထူးပန်ကုမ္ပဏီအားနှစ်ကြိမ်တိုင် ညွန်ကြားသော်လည်း မလုပ်၍ လွှတ်တော်တွင်မေးခွန်းထုတ်

မုံရွာ-ရေဦး ကားလမ်းတွင် လမ်းပေါက်များအား ဖာထေးရန် BOT  စနစ်ဖြင့် လုပ်ဆောင်နေသော ဆုထူးပန်ကုမ္ပဏီအား နှစ်ကြိမ်တိုင် ညွန်ကြားသော်လည်း လုပ်ဆောင်ခြင်းမရှိ၍ မုံရွာမြို့ လွှတ်တော်ကိုယ်စားလှယ်  ဒေါ်အောင်ကြည်က မေးခွန်းထုတ်လိုက်ကြောင်းသတင်းရရှိသည်။
   
     မုံရွာမြို့တွင်း ဗိုလ်ချုပ်ကြေးရုပ်မှ အလုံမြို့သစ်နှင့် နမခ တပ်နယ်မြေအထိ လမ်းတွင်လမ်းပေါက်ဖာရန် ကုမ္ပဏီအား ညွန်ကြားရေးမှူး (မြို့ပြ)ရုး စစ်ကိုင်းတိုင်း လမ်းဦးစီးဌာန မှ  အကြောင်းကြားစာ နှစ်ကြိမ်ထုတ်ညွန်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စအား သြဂုတ်၇ ရက်တွင်ပြုလုပ်သည့် ၁၅ကြိမ်မြောက်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

    “ ညွန်ကြားချက်ကိုလည်း တစ်နှစ်နီးပါးနေမှ အကြောင်းပြန်တယ်၊ စီမံချက်ရေးပြီး ဇူလိုင်လကုန်ထိ တစ်မိုင်အပြီးလုပ်မယ်လို့ပြောပေမယ့် အခုထိ လမ်းပေါ်မှာ ဘာမှလုပ်ငန်းစတင်ထားတာ မတွေ့ရဘူး၊ မိုးကြီးတော့မယ့်အချိန်ရောက်တော့ လမ်းတွေ ပိုပျက်တော့မှာ” ဟု ဒေါ်အောင်ကြည်က ပြောသည်။

        မုံရွာ-ရေဦးလမ်းပိုင်း  မိုင်တိုင် (၈၄/၀ မှ ၈၅/၁)အထိ အရှည် ၅မိုင်ကိုလည်းနှစ်အလိုက်လမ်းခင်းခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီး မုံရွာမြို့နယ်အတွင်းဗိုလ်ချုပ်ကြေးရုပ်မှ Denko ဆီဆိုင်အထိ အရှည် တစ်မိုင်ကိုလည်း ယခုနှစ်အတွင်း AC ကတ္တရာကွန်ကရစ် ခင်းရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနနှင့်သဘောတူထားကြောင်း သိရသည်။
 
     “ ကျွန်တော်ထံကို နောက်ဆုးံ ရီပို့ အရ လမ်းသားချဲ့ခြင်း၊ချိန်ညှိခြင်း၊ သစ်ငုတ်တွေ ဖယ်ရှားခြင်းတွေကို ကုမ္ပဏီက လုပ်နေတယ်လို့သိရပါတယ်၊အဲဒီတစ်မိုင်ကို  ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ မဖြစ်မနေ ခင်းဖို့ ညွန်ကြားပေးသွားမယ်” ဟု လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း ကပြောသည်။
 
    စစ်ကိုင်းတိုင်းအတွင်း တည်ဆောက်၊လည်ပတ်၊လွှဲပြောင်းစနစ် (BOT)ဖြင့် လုပ်ဆောင်နေသော ကုမ္ပဏီ ၅ ခုအား နေပြည်တော်မှ ခေါ်ယူညွန်ကြားမှုများလုပ်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှလည်း  ၂ကြိမ်တိုင် တွေ့ဆုံလုပ်ငန်းညှိနှိုင်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment