Latest News

Thursday, August 16, 2018

စလစ်ဈေးတက်လာသဖြင့် ကားဈေးနှုန်းများလည်း တက်ရိပ်ပြ၊ အရောင်းအဝယ်အားနည်းနေဆဲ

စလစ်ဈေးတက်လာသဖြင့် ကားဈေးနှုန်းများလည်း
တက်ရိပ်ပြ၊ အရောင်းအဝယ်အားနည်းနေဆဲ


ယခုသီတင်းပတ်အတွင်း      လိုင်စင်ကားတင်သွင်းခွင့်ကို မျှော်ရင်း စလစ်ဈေးများအမြင့်ဆုံးဖြစ်လာခဲ့သည်။ စလစ်ဈေး မြင့်မားလာသဖြင့် မူလအေးနေသည့် ကားအရောင်းအဝယ် ဈေးကွက်သည် ပို၍ပင်အားနည်းလာခဲ့ပြီး ဈေးနှုန်းများသည် စလစ်ဈေးမြင့်မားလာသည့်နည်းတူ တက်ရိပ်သို့ ပြနေကြောင်း ကားလောက အသိုင်းအဝိုင်းအတွင်းက သိရှိရသည်။

''ပြည်တွင်းထုတ်ကားတွေက ရန်ကုန်လိုင်စင်ရပါတယ်။ ဒါပေမယ့်  တင်သွင်းမယ့်ကားဆိုရင်တော့  ရန်ကုန်လိုင်စင် ရချင်ရင် စလစ်မပါဘဲဘယ်လိုမှမဖြစ်နိုင်ဘူး။စလစ်နဲ့ လျှောက်မှ ရမယ်လေ။ ဒါကြောင့် စလစ်ဈေးက ပိုပြီးဈေးကောင်းလာတာပါ။ ပြီးခဲ့တဲ့ နှစ်လလောက်ကတော့ ရန်ကုန်လိုင်စင်ကားတင်သွင်း ခွင့်  ဖရီးပါမစ်နဲ့  ချပေးမယ်လို့  သတင်းတွေထွက်ခဲ့တယ်။ ကျွန်တော်တို့  ကားလောကက ဒီအတိုင်းပဲ။  သတင်းတစ်ခု ထူးခြားပြီဆိုရင်  ဈေးကလှုပ်ရှားတာ  သိပ်မြန်တယ်။ ဒါပေ မယ့် အဲဒီသတင်းကတော့ အခုအချိန်အထိ အတည်ဖြစ် မလာခဲ့တော့ ကားလောကသားတွေ ပိုပြီးထိခိုက်ကြတာပေါ့။ ဒါကြောင့်  စလစ်ဈေးက  အမြင့်ပိုင်း ပြန်ရောက်လာတာ။ ဒါပေမယ့်  ဒီရက်ပိုင်းစလစ်အရောင်းအဝယ်လည်း ပြန်ဖြစ်၊ ဈေးလည်းကောင်းလာတော့   ဈေးကွက်ထိန်းတဲ့အနေနဲ့ ဖရီးပါမစ်ကို အကန့်အသတ်နဲ့ချပေးနိုင်တယ်လို့လည်း ထင် ကြသူတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာ အသစ်သွင်း မယ့်သူတွေကလည်း ငွေကြေးဈေးမြင့်နေတော့ မသွင်းကြ ဘူး။ အဟောင်းပြန်ဝယ်မယ့်သူကလည်း ဖောက်စွပ်ပြဿနာ ကြောင့်    သိပ်မလှုပ်ရှားဘူး။     ပြည်တွင်းမှာတပ်ဆင် ထုတ်လုပ်တဲ့ ကားတွေကလည်း  ငွေကြေးဈေးမြင့်တော့ ဈေး တက်ကြတယ်။  ဒါကြောင့်  ဘယ်ကားမှ  အရောင်းအဝယ် အားမကောင်းဘူး။ ကြိုက်ရောင်းကြိုက်ဝယ်လောက်ပဲ ရှိနေ တယ်''ဟု ကားဝယ်ရောင်း  ကိုကျော်ဇေယျာဝင်းက ပြော သည်။
လက်ရှိတွင် သက်တမ်း နှစ်၂ဝ ရှိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစလစ် ရန်ကုန်လိုင်စင်များသည်ငွေကျပ်သိန်း၁၃ဝ စွန်း စွန်းဖြစ်လာနေပြီး ယခင်အပတ်ကပင် ငွေကျပ် ၁၂၇ သိန်းသာရှိ သေးသည့်အတွက် ရက်ပိုင်းအတွင်း ငွေကျပ်သုံးသိန်းကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ တိုက်ကြေစလစ်မှာမူ ငွေကျပ် ၁၁၅ သိန်း ဝန်းကျင်အထိ မြင့်တက်လာသည်။
ထို့ပြင်   ဂျပန်တစ်ပတ်ရစ်ကားဈေးကွက်တွင်လည်း အရောင်းအဝယ်ဖြစ်ရန်   အခက်အခဲများစွာ  ကြုံတွေ့နေရ ကြောင်း       ကားလောကသားများထံမှ         သိရှိရသည်။ ''တော်ရုံတန်ရုံ ရောင်းဝယ်လောက်တွေ မရှိသလောက်ပဲ။ ကားတစ်စီး အရောင်းအဝယ်ဖြစ်ဖို့  အရင်က နာရီပိုင်းပဲ ကြာတယ်။   အခုအနည်းဆုံး  သုံးရက်လောက်ကြာတယ်။ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်သူတွေကတော့ အနည်းအကျဉ်း ပိုရောင်းကြရတယ်။ ပထမဆုံး စိတ်ကြိုက်ကားရှာဖို့က အရင် လောက်မလွယ်ဘူးဖြစ်နေတယ်။ ခေါင်းထဲမှာ အမြဲစဉ်းစား ရတာက ဖောက်စွပ်ကား ဖြစ်နေမလားဆိုတာပဲ။ အချင်းချင်း လည်း မယုံကြည်တော့ဘူး။ ပြဿနာဖြစ်လာရင် ညှိနှိုင်းဖို့ မလွယ်ဘူး။ တရားစွဲရင်လည်း နှစ်နဲ့ချီပြီး အချိန်ပေးရမှာနဲ့ ဆုံးရှုံးသွားတဲ့  ပိုက်ဆံပြန်ရဖို့က မလွယ်တော့ အများစုက ဈေးနှုန်းညှိတာ တစ်ရက်၊ ကညနမှာ စစ်ဆေးတာတစ်ရက်၊ ဥပဒေနဲ့တရားဝင်ဖြစ်အောင် ငွေချေတာတစ်ရက်နဲ့ကားတစ်စီး အရောင်းအဝယ်ဖြစ်ဖို့ အရင်ကထက်အချိန်ပို ပေးရတယ်''ဟု ကားအရောင်းအဝယ်ပြုလုပ်သူ ကိုသန့်စင်ဦးက ပြောသည်။
လက်ရှိတွင် နယ်ဝယ်လက်များသည်လည်း မရှိသလောက် နည်းပါးနေပြီး အများစုမှာ နယ်မြို့များတွင်သာ ရှိသည့် ဈေးကွက်ကလေးများဖြင့် အရောင်းအဝယ်ပြုလုပ် နေကြပြီး ရန်ကုန်လိုင်စင်ရရှိရေး၊ မရှိရေးအပေါ်တွင်လည်း စိတ်ဝင်စားမှု လုံးဝမရှိသည့်အတွက် နယ်ကားများလည်း အတော်နည်းပါး နေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

ကားသစ်များ ပြည်တွင်းတွင်ရောင်းချလာကြပြီး မိုးရာသီ ဈေးရောင်းပွဲအမျိုးမျိုးဖြင့် ဝယ်သူမျှော်ကြသော်လည်း ရန်ကုန် လိုင်စင်ဖြင့်ဝယ်ယူခွင့်ယခုထက်တိုင် မရရှိသေးသဖြင့် အရောင်း အဝယ်မရှိသလောက် နည်းပါးနေကြရကြောင်းသိရပြီး ရန်ကုန် လိုင်စင်YVQC    စနစ်အတွက် လက်ရှိတွင် လုပ်ထုံးလုပ်နည်း ဆိုင်ရာ   ကိစ္စများဆောင်ရွက်နေပြီး   ယင်းစနစ်အတွက် ရှေ့နေချုပ်ရုံးသို့ အချက်အလက်များ ပေးပို့ထားပြီးလည်း ဖြစ်သည်။       

မင်းသော်

No comments:

Post a Comment