လေးစားဂုဏ်ပြုပါသည် - ဆောင်းပါး
၂ဝ၁၈ ခုနှစ် ရေဘေးကာလတွင် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ အပြင်းအထန် ရေဘေးဒဏ်တွေ့ကြုံစေခဲ့သည်။ မှတ်မှတ်ရရ အဘိဓမ္မာအခါတော်နေ့ ဒုတိယဝါဆိုလပြည့်နေ့မှစတင်ကာ နိုင်ငံအနှံ့ မိုးကြီးသည်းထန်စွာ ရွာသွန်းခဲ့သည်။ နေရောင်မမြင်ရလောက်အောင် မှိုင်းမည်းညို့ကာ ဆက်တိုက်ရွာသွန်းလာသည့် မိုးနှင့်အတူ ရေကြီးရေလျှံမှုများ တွေ့ကြုံကြရသည်။ ရေဘေးစတင် သည်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေး၊ ကာကွယ် တားဆီးရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ကြသည်ကို တွေ့နိုင်သည်။ အထူးသဖြင့် စေတနာ့ဝန်ထမ်း၊ ပရဟိတစိတ်ပြင်းထန်လှသော နိုင်ငံသားများ၏ စေတနာထက်သန်စွာ ကူညီဆောင်ရွက်မှုများကို ထင်ရှားစွာတွေ့ရသည်။ နိုင်ငံသားအများစု၏ ပရဟိတစိတ်ဓာတ်နှင့် လက်တွေ့ဆောင်ရွက်မှုများကို အထူးတင်ပြရေးသားလိုရင်း ဖြစ်သည်။
ပရဟိတလုပ်ငန်းများစွာတွင် သီတဂူဆရာတော်၏ ဆောင်ရွက်တော်မူခဲ့မှုများကို ထင်ရှားစွာ တွေ့နိုင်သည်။ နှစ်ကာလအတန်ကြာကပင် ဆရာတော်ကြီးသည် လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။
သီတဂူဆရာတော်ကြီး၏ ကုသိုလ်ဖြစ်နှင့် သာသနာပြု လုပ်ငန်း ဓမ္မကထိကအလုပ်အပြင် လုပ်ငန်းကြီးလေးရပ်ရှိ ကြောင်း သိရသည်။ စစ်ကိုင်းတောင်ရိုး ရေအလှူတော်၊ အာယုဒါနဆေးရုံ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ်နှင့် အမေရိကန်နိုင်ငံတွင် ဝိဟာရကျောင်းတော်တို့ဖြစ်သည်။ (၂ဝဝ၅ခုနှစ်အထိ၊ ယခုမူ ထို့ထက် တိုးပွားနေမည်ဖြစ်သည်)။ တက္ကသိုလ်ကျောင်းတော်အတွက် တပည့်သံဃာတော်များ ကိုလည်း ဆရာတော်ကြီး၏ အထောက်အပံ့စီမံမှုဖြင့် ပြည်ပသို့ ပညာတော်သင် စေလွှတ်ထားသည်ကိုလည်း သိရသည်။ ယခုတင်ပြလိုသည်မှာ သီတဂူအာယုဒါန ဆေးရုံတော်ကြီးနှင့် ပတ်သက်သည့်အကြောင်း ဖြစ်သည်။ ဆေးရုံတွင် ရဟန်း လူ ဂိလာနများအတွက် အခမဲ့ စေတနာသန့်သန့်ဖြင့် ဆေးကုပေး နေ၏။ အဓိကတာဝန်ခံ ဆရာဝန်ကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးခင်မောင်စိန်နှင့် ဆရာဝန်၊ ဆရာမများက အတွင်းလူနာ၊ အပြင်လူနာများကို ကုပေးသည်။ သေမည့်လူနာ တစ်ဦး ထိုဆေးရုံတွင် အသက်ရှင်သွားခဲ့ပုံကို ဖော်ပြလိုပါသည်။ တစ်နေ့ဆေးရုံရှေ့သို့ နစ်ဆန်းပစ်ကပ်ကားတစ်စီး လူအပြည့်နှင့် ရောက်လာသည်။ သတိမေ့နေသော လူနာတစ်ယောက်ကို လာပို့ခြင်း ဖြစ်သည်။ ဒေါက်တာ ဦးခင်မောင်စိန်က လူနာကို ကားပေါ်မှ မချမီ စစ်ဆေးသည်။”
ပြည့်စုံသော စကား
''သွေးတိုးပြီး သတိမေ့သွားတာပါ။ ဆေးရုံတင်ပါ''ဟု ဆရာက ဆိုလေရာ၊”''ဆရာကြီး လူနာက အသက်ရှင်မှာလား။ ကုမရရင်လည်း ကျွန်တော်တို့က ရွာပြန်ခေါ်ချင်တယ်။ ကုရရင်တော့ ကုတာပေါ့'' ဟု လူနာရှင်တို့က အမေးရှိ လာ၏။ ယင်းသည် မမေးအပ်သောမေးခွန်းဟု သုံးသပ်လျှင် လည်းရ၏။ သို့သော် လူနာရှင်များဘက်က ကြည့်တော့ ဆေးရုံမှာသေလျှင် သူတို့အခက်ကြုံရမည်။ စစ်ကိုင်းမှာ ဆွေမစုံမျိုးမစုံနှင့် မသဂြုင်္ိဟ်လို။ ဆုံးပါးပြီးမှ ရွာပြန်ယူက အခက်များစွာ ကြုံရဦးမည်။ ဆရာဝန်ကြီးက ”''အသက်နဲ့ ရောက်လာတဲ့ လူနာ၊ ကျွန်တော်ကတော့ ကုမှာပဲ'' ဟူ၍ ဖြေ၏။ ''ဆေးရုံရောက်မှတော့ မသေသေးတဲ့လူနာကို ကုကြ ပါဗျာ။ ပြန်ခေါ်သွားလို့သေရင် ခင်ဗျားတို့ တာဝန်မကျေသလို ဖြစ်မှာပေါ့။ ဒီက ဆရာကြီးတွေကလည်း အစွမ်းကုန်ကုမယ်။သေလည်းကံ။ ရှင်လည်းကံ။ ရှင်တော့ ခင်ဗျားတို့ အားလုံးက ကုသိုလ်ရ။ ဆရာကြီးလည်း ကုသိုလ်ရ'' ဟု ဝင်ပြောလိုက် သည်။ ရိုးရိုးသားသား ကျေးလက်လူနာရှင်များက သဘော ပေါက်သွားကြကာ လူနာကိုကားပေါ်မှချ၊ ဆေးရုံတင်၊ ဆရာဝန် ကြီးက လိုအပ်သည်များ လုပ်ခိုင်း၊ ဆေးထိုးခိုင်း၊ ဆေးသွင်း ခိုင်းသည်။ အစစဂရုစိုက်ဆောင်ရွက်ပေးကြသည်ကို တွေ့ရ သည်။ နောက်တစ်နေ့ နံနက် ဆေးရုံသို့ရောက်၍” ဆရာ မနေ့ကလူနာဘယ်လိုနေလဲ'' ဟုမေးမြန်းရာ ''သတိရနေပြီဗျ။ မနက်ဖြန်လောက်ဆို အိမ်ပြန်နိုင်မယ်။ သွေးထပ်မတိုးအောင် တော့ ဂရုစိုက်ခိုင်းရမှာပေါ့''”ဟု ဆိုရာ ကျွန်တော် အလွန်ဝမ်း သာသွားသည်။ ''ကျွန်တော်သာ ဝင်မပြောခဲ့ရင် သူတို့က လူနာကို ဆေးရုံတင်လိုမည်မဟုတ်။ ဆရာဝန်ကြီးကိုယ်တိုင်က ဒေါက်တာရမ်းကုမဟုတ်။ အသပြာဆရာဝန် မဟုတ်တာမို့ အသက်ရှင်စေရမယ်။ ကျုပ်အာမခံတယ်''ဟု အဘယ်မှာပြော ပါမည်နည်း။” ''အသက်နဲ့လူနာ ကျုပ်တို့က ကြိုးစားရမှာပဲ''ဆိုသည်က ဆရာဝန်ကြီးဘက်က ပြည့်စုံသော စကားဖြစ်သည်။
သီတဂူအာယုဒါနဆေးရုံ
ဆေးရုံနာမည်က သီတဂူအာယုဒါနဆေးရုံ။ အသက်ကို စောင့်ရှောက်သောဌာန။ အသက်တစ်ချောင်းကို ကယ်တင်လိုက် သည်ကို ကိုယ်တွေ့ကြုံရသည်။ ကုသိုလ်ဖြစ်ဆေးခန်းများ သည် ဆင်းရဲနွမ်းပါးသူများ၊ သက်ကြီးရွယ်အိုများအတွက် အထူးအားကိုးအားထားစရာ နေရာများဖြစ်လာသည်။ ဆီးချို၊ သွေးတိုး စသောရောဂါများ၊ မျက်စိရောဂါများ၊ လေဖြတ်၊ နှလုံး ရောဂါများစသည့်အဖြစ်များသော ရောဂါများကို ဆေးမကုနိုင် သည်ကလည်း ထိုသူများ အများစုဖြစ်နေသည်။ ယခုကဲ့သို့ ကုသိုလ်ဖြစ်ဆေးခန်းများ ပေါ်ပေါက်လာခြင်းနှင့်အတူ အမှန် တကယ်လိုအပ်နေသူများ ဆေးကုသမှုခံယူနိုင်ကြခြင်း၊ အသက် ကယ်တင်နိုင်ကြခြင်းတို့ကို လက်တွေ့ တွေ့မြင်နေရခြင်းများ က သာဓုအကြိမ်ကြိမ်ခေါ်စရာ ပရဟိတလုပ်ငန်းများ ဖြစ်နေပေ သည်။ အလားတူပင် နိုင်ငံတစ်ဝန်း စေတနာရှင်များစွာ ပေါ် ပေါက်ကာ နိုင်ငံအနှံ့ရှိ ဘေးဒုက္ခတွေ့ကြုံရာ ဒေသများကို အမြန်သွားရောက် ကူညီဆောင်ရွက်ပေးနေကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ အထူးသဖြင့် ယခုတွေ့ကြုံနေရ သော ရေဘေးဒုက္ခများတွင် စေတနာရှင်များက ထိရောက် စွာ သွားရောက်လှူဒါန်းကြခြင်း၊ လိုအပ်သည်တို့ကို ကူညီ ဆောင်ရွက်ပေးခြင်းတို့ကို တွေ့ရသည်။ စေတနာရှင်တို့၏ ကူညီဆောင်ရွက်ပေးမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အောင်မြင်ခဲ့ပြီး လူအသေအပျောက်ပင် မကြားရလောက် အောင် ဖြစ်ခဲ့သည်။ နိုင်ငံတစ်ဝန်းမှ စေတနာရှင်များအား လှိုက်လှဲစွာ ကျေးဇူးတင်မိ။ သာဓုလည်း ခေါ်မိသည်။ ပရဟိတ လုပ်ငန်းများနှင့် ပတ်သက်၍ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးသော''လိုတရမယ်ဆိုရင်'' ဆောင်းပါးကို ကောက်နုတ် ဖော်ပြလိုပါသည်။
ကူညီဆောင်ရွက်ပေး
ရှေးအခါ အများအလုပ်ကိစ္စမှန်သမျှကို ကူညီဆောင် ရွက်ပေးလေ့ရှိသော အလုပ်သမားတစ်ဦး (ကူလီဟုရေးထား သည်) ရှိသည်။ သူသည် အများ၏ဝန်ထုပ်ဝန်ပိုးတို့ကို ကူညီ သယ်ပေးလေ့ရှိသည်။ သူအလုပ်လုပ်သော ဈေးဆိုင်က ပစ္စည်း များဆိုလျှင် ပြောဖွယ်မရှိလောက်အောင်၊ အများကျေနပ် အောင် ဆောင်ရွက်ပေးတတ်သဖြင့် လူအများက ချစ်ခင်ကြ သည်။ သူကလည်း အများအတွက်အလုပ်လုပ်ပေးရသည်ကို နှစ်သက်ပျော်ရွှင်နေတတ်သဖြင့် သူ့ကို''မောင်ပျော်'' ဟု ခေါ်ကြသည်။ လူကြီး လူငယ် မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အခကြေးငွေ မမျှော်ကိုးဘဲ ကူညီတတ်သူဖြစ်သည်။ ကလေး မိခင်များဆိုလျှင်လည်း လိုအပ်သလို အချိန်မရွေး ကူညီပေး တတ်သဖြင့် ကလေးများရော မိခင်များကပါ ချစ်ခင်ကြသည်။ မောင်ပျော် အလုပ်လုပ်သည့်ပစ္စည်းမှာ ဝါးဖြင့်လုပ်ထားသည့် ထမ်းပိုးတစ်ခုသာဖြစ်သည်။ ထိုထမ်းပိုးဖြင့် အစွန်းနှစ်ဖက်တွင် ပစ္စည်းများကိုချိတ်ဆွဲကာ ပခုံးပေါ်တင်ထမ်းရသည်။
တစ်ခါတစ်ရံတွင် အိပ်ပျော်နေသော ကလေးငယ်ကို ထမ်းပိုးတစ်ဖက်တွင် တင်၊ ဝန်ထုပ်ကို အခြားတစ်ဖက်တွင် ချိတ်ဆွဲကာ ထမ်းလာတတ်သဖြင့် ကလေးမိခင်များသက်သာ ကြသလို ကလေးများကလည်း ပျော်ရွှင်ကြသည်။ မောင်ပျော်သည် ထမ်းနေပါ များလာသောအခါ သူ့ပခုံးသား မှာ အသားမာများဖြစ်လာသည်ကို တွေ့ရသည်။ မညည်းညူ ဘဲ သီချင်းလေး တအေးအေးဖြင့် အလုပ်လုပ်နေရင်း ''သိ ကြားမင်းရဲ့ တာဝန်ဟာ ဆင်းရဲနေတဲ့လူတွေကို စောင့်ရှောက် ဖို့ပဲ။ တစ်နေ့ကျရင် သူ့ပ္တုကမ္ပလာ တင်းလာမှာ။ အဲဒီအခါ သူ့တာဝန်ကို သိလာလိမ့်မယ်''ဟု မောင်ပျော်က ယုံကြည် သည်။ သိကြားမင်း၏ ပ္တုကမ္ပလာသည် အလွန်နူးညံ့ပျော့ ပျောင်းသဖြင့် ထိုင်လိုက်လျှင် ခါးအထိမြုပ်သွားသည်။ သို့သော် သိကြားမင်းက သူ့တာဝန်များကို မေ့လျော့နေသော အခါတွင်မူ ကျောက်ဖျာကဲ့သို့ တင်းမာလာမည်။ ထိုအခါ လူ့ပြည်တွင် ဒုက္ခရောက်နေသူ တစ်ဦးဦးရှိနေပြီး သူကူညီရ တော့မည်ကို သိပေလိမ့်မည်ဟု လည်း မောင်ပျော်က ယုံကြည်သည်။
သူထင်ထားသည့် အတိုင်း သိကြားမင်းက သူ့ရှေ့သို့ ရုတ်တရက်ရောက်လာပြီး ''ကိုင်း မောင်ပျော် မင်းလိုရာ ဆုတောင်းပေတော့''ဟု ဆိုလေသည်။ ထိုအခါ မောင်ပျော် က”''အလွန်နူးညံ့ပျော့ပျောင်းတဲ့ ကတ္တီပါစနဲ့ ဖုံးထားတဲ့ ခေါင်းအုံးလေးဖြစ်ပါတယ်။ အရှင် သိကြားမင်း''ဟု ဖြေလိုက်ပါ သည်။ ''အလို မောင်မင်း လိုချင်တာ ဒါပဲလား''ဟု သိကြား မင်းကမေးရာ ''ဟုတ်ပါတယ် အရှင်သိကြားမင်း၊ ကျွန်တော် ထမ်းပိုးကို ပခုံးပေါ်တင်ရွက်တဲ့အခါ သက်သာစေဖို့ ဖြစ်ပါ တယ်''ဟု ဖြေလိုက်ပါသည်ဟု ရေးထားသည်ကို ဖတ်ရပါ သည်။
ယခုကဲ့သို့ အမှန်တကယ်လိုအပ်နေသော ဘေးအန္တရာယ် တွေ့ကြုံနေရာဒေသများသို့ သွားရောက်ကူညီလှူဒါန်းကြသည့် စေတနာရှင်များ၏စိတ်တွင် မည်သည့်အရာကိုမှ မျှော်ကိုးခြင်း မရှိဘဲ”''မောင်ပျော်'' ကဲ့သို့ပင် ကတ္တီပါစဖုံးထားသည့် ခေါင်း အုံးလေးကိုသာ လိုသလို စိတ်ထားများဖြင့် ဆက်လက်ဆောင် ရွက်နိုင်ကြလိမ့်မည်ဟု တွေးနေမိပါတော့သည်။
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
No comments:
Post a Comment