စပျစ်ပင်စိုက်ပျိုးရေး
ဟားခါးမြို့ ချင်းပြည်နယ် ဈေးသစ် ရပ်ကွက်နေ ဦးရာလျမ်းနှင့် ဒေါ်ငွန်ဆီး မိသားစုတို့သည် ဟားခါး၌ စပျစ် နှစ်ဧက စိုက်ပျိုးကြသည်။ ဦးရာလျမ်းက စပျစ်ခြံကို သံဆူးကြိုးခတ်ထားပြီး တစ်ပင်နှင့် တစ်ပင်ခုနစ်ပေခွာ၍ အတန်းလိုက် စိုက်ထား သည်။ စပျစ်ပင်ကို စပျစ်ဖတ်၊ နွားချေး၊ ကြက်ချေး၊ အမှိုက်ရော၍ မြေသြဇာစုပုံပေးရ သည်။ စပျစ်ပင် ရှင်သန်ကြီးထွားစေရန် တစ်နှစ်လျှင် လေးခါ ခြံရှင်းရသည်။ တစ်ဦး လျှင်ငွေကျပ် ၆ဝဝဝ နှုန်း လူငါးဦးဖြင့် ငါးရက်ခန့် ရှင်းရသည်။ စပျစ်စိုက်ပျိုးသည်မှာ ကိုးနှစ် ကြာခဲ့ပြီဖြစ်သည်။ သူ့ခြံ၌ စပျစ်ပင် ၁၄ဝဝ အတွက် မြေရှင်း၊ သံဆူးကြိုးကာ ကျပ်သိန်း ၁ဝဝ ရင်းနှီးထားသည်။ နန်းကြိုးကို ငါးချောင်းစီ သွယ်တန်း၍ စပျစ်သီးရန်စီစဉ်ထားသည်။ သူ့ခြံ၌ အပင် ၁၄ဝဝ ရှိကြောင်းသိရသည်။
''စပျစ်ကို စင်နဲ့ မစိုက်ဘူးလား''ကျွန်တော် က သူ၏စပျစ်ခြံသို့ရောက်စဉ် မေးကြည့် သည်။ ''မစိုက်ဘူး၊ လေဝင်လေထွက် မကောင်းဘူး။ နေရောင်ခြည်မရဘူးဗျ''ဦးရာလျမ်းက ပြောသည်။ စပျစ်ပင်ကို ဖေဖော်ဝါရီလတွင် ခြောက်လက်မအရွယ် ဖြတ်၍ ကိုင်းကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ဇွန်လတွင် စိုက်ပျိုးကြောင်း၊ စိုက်ပြီး နှစ်နှစ်ကြာသည်နှင့် နောင်နှစ် မတ်လတွင် အပွင့်ပွင့်ကြောင်း၊ ဇူလိုင်၊ သြဂုတ်လတွင် အသီးမှည့်ကြောင်းရှင်းပြသည်။ စပျစ်မျိုး မကောင်းပါက ငါးခိုင်ခန့်ထွက်ပြီး မျိုးကောင်း ပါက ရှစ်ခိုင်မှ ၁ဝ ခိုင်ခန့် ထွက်ရှိကြောင်း သူက ရှင်းပြသည်။ စပျစ်ပင်သုံးနှစ်အရွယ် ရောက်ပါက စပျစ်လှိုင်လှိုင်သီးပေပြီ။ ''စပျစ်သီး တွေကို ရောင်းလည်းရောင်းတယ်၊ ဝိုင်လည်း ဖောက်ရောင်းတယ်။ ရန်ကုန်မြို့နဲ့ တခြား မြို့နယ်ဘက်ကလည်း လာဝယ်တယ်၊ စပျစ်သီး တစ်ပိဿာကို ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းရတယ်'' ဟု ¤င်းက ပြောသည်။ သြဂုတ်လရောက်သည် နှင့် စပျစ်သီးကမှည့်ပေပြီ။ အသီးခူးရသည်။ ပြီးသည်နှင့် သံပုံးထဲထည့်၍ ဒလက်ဖြင့် ကြိတ်မွှေသည်။ စပျစ်သီးများကွဲစေရန်ဖြစ် သည်။ ပြီးနောက် ရေထည့်ကာ ဗန်းထဲသို့ ထည့်သည်။ အလုပ်သမား ဒေါ်တင်ကျွေးနှင့် ဒေါ်နွန်ထိုင်းတို့က မမှည့်သော စပျစ်သီးများ၊ ညှာတံများ၊ အဖတ်များကို ဗန်းထဲမှ ဖယ်ရှား နေသည်ကို တွေ့ရသည်။
ပြီးနောက် ဦးရာလျမ်းက စပျစ်ပိဿာချိန် ၁ဝဝလျှင် သကြားပိဿာ ၃ဝ၊ သုံးချိုးတစ်ချိုး သကြားရောသည်။ သမအောင်မွှေပြီး သုံးပေခွဲ အရွယ် ပလတ်စတစ်ကော်ပုံးထဲသို့ ထည့်၍ စိမ်သည်။ နှစ်လခန့်ကြာသည်နှင့် စပျစ် အရည်ကြည်များရပေပြီ။ထိုအရည်ကို ထုတ်၍ စဉ့်အိုးထဲ အလုံပိတ်လှောင်သည်။ ကျန် စပျစ်ဖတ်များကလည်း အချည်းအနှီးမဖြစ် မြေသြဇာကျွေးရာ၌ သုံးရသည်။
စဉ့်အိုးထဲတွင် စိမ်ထားသော စပျစ်စိမ် ရည်များက အနည်းဆုံးခြောက်လရောက် သည်နှင့် စပျစ်ဝိုင်ဖြစ်ပေပြီ၊ တစ်နှစ်ကြာလျှင် အာနိသင် ပိုကောင်းလာသည်။ စပျစ်ဝိုင်တစ် ပုလင်းလျှင် ငွေကျပ် ၃ဝဝဝနှင့် ရောင်းရသည်။ စပျစ်က မချိုမချဉ်အရသာမို့ လူကြိုက်များ သည်။ လက်ဆောင်ပေးရန် မြေပြန့်ဒေသမှ ဧည့်သည်များက အများဆုံးဝယ်ကြသည်။ ဦးရာလျမ်း၏ စပျစ်ဝိုင်က အကောင်းဆုံးဟု သိရသည်။ စပျစ်စိုက်ပျိုးရန်အတွက် အခြေ အနေ သုံးရပ်လိုအပ်ပေသည်။
ရာသီဥတု အပူချိန်မှာ ၄-၂၆ ဒီဂရီစင်တီ ဂရိတ်နှင့် မိုးရေချိန်မှာ လက်မ ၄ဝ အောက်ဖြစ် ရမည်။ မြေအမျိုးအစားမှာSoil pH-၅-၈ နှင့် အပေါ်ယံမြေသားထူ၍ သဲနုန်းဆန်သောမြေဖြစ်ရမည်။ စိုက်ပျိုးနည်းမှာ ပင်ထောင် စိုက်နည်း၊ ချုံပုတ်သဏ္ဌာန်စိုက်နည်း၊ ကြိုးတန်း တင်စိုက်နည်း၊ စင်တင် စိုက်နည်းတို့ရှိပါသည်။ တစ်-ကြိုးတန်းတင်စိုက်နည်းမှာ ပင်ကြားxတန်းကြား ၁ဝx၈ ပေ ၅၄၄ ပင်နှင့် နှစ်-ကြိုးနှစ်တန်းထား၍ တိုင်အကွာအဝေး ပေ ၃ဝ ထားရပေမည်။ အောက်ကြိုးတန်း မြေကြီးမှ နှစ်ပေအကွာ၊ အလယ်ကြိုးတန်း မြေကြီးမှ လေးပေအကွာ၊ တောင်နှင့် မြောက်တန်း၍ စိုက်ရန်ဖြစ်သည်။
စပျစ်ပင်အား စနစ်တကျ စိုက်ပျိုးရန် အတွက် မြေချပြီးနောက် အသန်ဆုံးကိုင်းတစ်ခု ချန်၍ ကျန်ကိုင်းကို သုံးလအကြာတွင် ဖြတ်ရမည်။ အောက်ကြိုးတန်းအထက် သုံးလက်မခန့်ချန်၍ ခေါင်းကိုဖြတ်ရမည်။ ထွက်ပေါ်လာသော ကိုင်းများမှ သုံးကိုင်းချန်၍ ကျန်ကိုင်းကိုဖြတ်ရမည်။ အောက်ကြိုးတန်း နှစ်ဖက် နှစ်ကိုင်း၊ အပေါ်ကြိုးတန်း နှစ်ဖက် နှစ်ကိုင်း စုစုပေါင်း လေးကိုင်းမွေးရမည်။ သီးကိုင်းများကို အခြေတွင် တစ်ဆစ်သာချန်ပြီး ဖြတ်တောက်ပေးရမည်။ သီးငုတ်များမှ ထွက်လာသော ကိုင်းကို ခုနစ်ဆစ်သာချန်၍ ဖြတ်ပေးရမည်။ တစ်ပင်လျှင် သီးခိုင်ငါးခိုင်သာ ချန်၍ ကျန်သီးခိုင်များကို ဖြတ်ပေးရမည်။ သီးကိုင်းပေါ်ထွက်လာသော ဘေးတက်ကို ဖြတ်ပေးရန် လိုအပ်သည်။ ခေါင်ညွန့်ကို မဖြတ်ရပါ။ သီးခိုင်မှ ကျပ်ညပ်နေသော သီးလုံးလေးများကိုြေ>ွခပေးရမည်။ စပျစ် တစ်ပင်လျှင် လေးပိဿာမှ ခြောက်ပိဿာ၊ တစ်ဧကလျှင်ပိဿာ ၂ဝဝဝ-၃ဝဝဝ ထွက်ရှိ နိုင်သည်။ စိုက်ပြီး တတိယနှစ်တွင် သီးခိုင်၍ ငါး ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် ၂ဝ ရာခိုင်နှုန်း၊ ပဉ္စမနှစ်တွင် ၅ဝ ရာခိုင်နှုန်း၊ ဆဋ္ဌမနှစ်တွင် ၁ဝဝ ရာခိုင်နှုန်း အသီးထွက်ရှိသည်။ အခိုင်ကြီး၊ သီးလုံးကြီးပြီး အစေ့နည်းရန်အတွက် (G.A.3) ဟော်မုန်းဆေးသုံးစွဲရန် လိုအပ်ပေသည်။
စပျစ်ပင်ကဲ့သို့ ထောပတ်နှင့် လိမ္မော်ပင်တို့ သည်လည်း အေးမြသော ချင်းပြည်နယ်တွင် စိုက်ပျိုးရန် သင့်တော်ပေသည်။ စပျစ်ပင်ကို ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် အခြားမြို့နယ် များတွင်လည်း စိုက်ပျိုးကြသည်။ စပျစ်စိုက်ပျိုး သော ဦးရာလျမ်းအနေဖြင့် တစ်နှစ်လျှင် ငွေကျပ် သိန်း ၁၅ဝ အမြတ်ရှိကြောင်း ရှင်းပြသည်။ ချင်းပြည်နယ်ရှိ ဒေသခံတောင်သူများသည် ဝင်ငွေရရှိနိုင်သော စပျစ်သီးပင် စိုက်ပျိုးရန် စိတ်ပါဝင်စားလျက်ရှိသည်။ မိသားစုဝင်ငွေ ရရှိနိုင်သည့် စပျစ်ပင်ကို စီးပွားရေးလုပ်ငန်း အဖြစ် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။ ။
ကိုးကား
ဦးရာလျမ်းစပျစ်စိုက်ပျိုးရေးခြံ
ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာစောင်
No comments:
Post a Comment