ရန်ကုန် ဇူလိုင် ၂၃
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများ၌ စည်းကမ်းချိုးဖောက်၍ အမည်ပျက်စာရင်းသွင်းကာ ထုတ်ပယ်အရေးယူ ခံထားရသည့် ယာဉ်မောင်းဦးရေ ၇ဝ ခန့်ရှိကြောင်း ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။
သတ်မှတ်စည်းကမ်း ချိုးဖောက်၍ အမည်ပျက် စာရင်းသွင်းကာ ထုတ်ပယ်အရေးယူထားသည့် ယာဉ်မောင်းများကို ပြန်လည်ခန့်အပ်ခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)က YBS ယာဉ်လိုင်းများထံ ဖြန့်ဝေထားကြောင်း သိရသည်။
ယာဉ်လိုင်း ၂ဝ ကျော်ကို တာဝန်ယူပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)တစ်ခုတည်း၌ စည်းကမ်းချိုးဖောက်သဖြင့် ထုတ်ပယ်အရေးယူခဲ့သည့် ယာဉ်မောင်းဦးရေ ၅ဝ ကျော်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပယ်ခံရသည့် ယာဉ်မောင်းစာရင်းကို သက်ဆိုင်ရာ ယာဉ်လိုင်းအချင်းချင်းလည်း ပြန်လည်ဖြန့်ဝေ အကြောင်းကြားလေ့ရှိသဖြင့် စည်းကမ်းပျက် ယာဉ်မောင်းများကို ပိုမိုစိစစ်လာနိုင်ကြောင်း Power Eleven ကုမ္ပဏီ ဒါရိုက်တာ ဦးတရုတ်လေး ကပြောသည်။
''ခန့်မှန်းခြေအားဖြင့် ၇ဝ ဦးလောက် ရှိလိမ့်မယ်။ ယာဉ်မောင်းအသစ် ခန့်မယ်ဆိုရင် ထုတ်ပယ်ခံထားရတဲ့ စာရင်းထဲမှာ ပါတဲ့သူတွေ ဟုတ်၊ မဟုတ် စိစစ်ရတယ်'' ဟု ကုန်းဘောင် ရန်ကုန်အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဒါရိုက်တာ ဦးသန့်ဇင်ကြည် ကပြောသည်။
ရန်ကုန်မြို့၌ YBS ယာဉ်လိုင်းပြေးဆွဲမှုကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ခဲ့ပြီး ယာဉ်လိုင်းအများစုတွင် ယာဉ်နောက်လိုက် ထားရှိမှုကိုလည်း ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
MWD
No comments:
Post a Comment