Latest News

Sunday, July 29, 2018

Marina Bay Sands Hotel လေ့လာရေးခရီးစဉ်

Marina Bay Sands Hotel လေ့လာရေးခရီးစဉ်

Marina Bay Sandsဆိုတာ စင်ကာပူနိုင်ငံမှာသာမက
ကမ္ဘာမှာပါ ထင်ရှားကျော်ကြားတဲ့ အပန်းဖြေ ဇိမ်ခံ
ဟိုတယ်ကြီး ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ အထင်ကရ အဆောက်အအုံ (Landmark) များထဲက တစ်ခုလည်း
ဖြစ်ပြီး စင်ကာပူဆိုတာနဲ့ ရှည်ရှည်မျောမျော သင်္ဘော
တစ်စင်းကို  မြင့်မားလှတဲ့   အဆောက်အအုံသုံးခုနဲ့ ပင့်မြှောက်တည်ဆောက်ထားတဲ့   အသွင်သဏ္ဌာန်နဲ့ Marina Bay Sands  အဆောက်အအုံကြီးကို ပြေးမြင်
တတ်ကြပါတယ်။ အချို့ကလည်း အဲဒီအဆောက်အအုံ
ကြီးကို   အဆောက်အအုံကြီးမှန်း   မသိကြပါဘူး။
ဒါကြောင့် ဒီဆောင်းပါးမှာ Marina Bay Sands ဟိုတယ်
ကြီးအကြောင်းကို အကျယ်တဝင့် ရေးပါမယ်။ အဲဒီလို
ဟိုတယ်ကြီးအကြောင်း  ဆောင်းပါးတစ်ပုဒ်  ရေးရ
အောင်လည်း အကြောင်းကဖန်လာပါတယ်။

စာရေးသူ စင်ကာပူမှာ ရောက်ရှိနေခိုက် စင်ကာပူရဲ့
ထင်ရှားတဲ့နေရာတွေ သွားလည်ပတ်ပြီးရင်  အတွေ့
အကြုံဆောင်းပါးတွေ ရေးသားလေ့ရှိပါတယ်။ ဒါက
စင်ကာပူမှတင် မဟုတ်ပါဘူး။ ပြည်ပနိုင်ငံတွေ ရောက်ရှိ
တိုင်း ကိုယ်တွေ့ကြုံခဲ့တာတွေကို ခရီးသွားဆောင်းပါး
သဘော  စာဖတ်သူတွေကို  ဗဟုသုတမျှဝေချင်လို့ ရေးသားပါတယ်။Marina  Bay Sands ကို မသွားခင်
ဟိုတယ်ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အီးမေးလ်က
တစ်ဆင့် မိတ်ဆက်ပြီး ကျွန်တော်က မြန်မာနိုင်ငံက စာရေးဆရာဖြစ်တယ်။ သတင်းစာ၊ ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးသားနေသူဖြစ်တယ်။ ဆောင်းပါး
ဘယ်နှပုဒ်၊ စာအုပ်ဘယ်နှအုပ် ရေးသားထုတ်ဝေပြီးပြီ၊ လက်ရှိ  စင်ကာပူမှာ   ဧည့်သုတေသီသဘောမျိုး
ရောက်ရှိနေတယ်။ မင်းတို့   ဟိုတယ်ကြီးအကြောင်း
ဆောင်းပါးရေးသားချင်တယ်ဆိုပြီး       အီးမေးလ်
ပို့လိုက်ပါတယ်။

အဲဒီက တာဝန်ရှိသူတစ်ယောက်က အခြားဝက်ဘ်ဆိုက်
လိပ်စာတစ်ခု လှမ်းပို့ပြီး အဲဒီကို ဆက်သွယ်ကြည့်ပါလို့ ဆိုပါတယ်။ ဒါနဲ့ သူပို့တဲ့ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တော့ Marina Bay Sands Social Media Collaboration Requestsဆိုပြီး တွေ့ပါတယ်။ ပြီးတော့Blogger &
social media influencer request formဆိုတာ ဖြည့်ရပါတယ်။  Marina Bay Sandsက ကမ္ဘာတစ်လွှား
ထင်ရှားကျော်ကြားတဲ့ ဘလော့ဂါတွေ၊ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးမှုရှိသူတွေကို ကြိုဆိုပါတယ်ဆိုပါတယ်။ ဒီတော့
ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့မေးခွန်းက ငါက ဘလော့
ဂါလား၊ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးမှုရှိသူလားဆိုတာ
ဖြစ်ပါတယ်။ ကိုယ်က ပုံနှိပ်မီဒီယာတွေမှာ စာရေးသူ
ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ရေးတဲ့သူမဟုတ်ပါ
ဘူး။  နောက်မေးထားတာတစ်ခုက Marina Bay Sandsရဲ့ ဘယ်နေရာတွေကို  သွားချင်တာလဲပေါ့။Marina
Bay Sands Hotelနဲ့Skypark လား၊ ArtScience
Museum လား၊ ဒါမှမဟုတ် ဘယ်ကိုလဲပေါ့။ တစ်ခုပဲ
ရွေးလို့ရပါတယ်။ ဒါနဲ့ ရှေ့ဆုံးမှာဖော်ပြထားတဲ့ ဟိုတယ်နဲ့
မိုးပျံဥယျာဉ်  (Skypark) ဆီ   သွားချင်တယ်လို့
ဖြည့်လိုက်တယ်။ နောက်ထပ်မေးပါသေးတယ်။ ဟိုတယ်
အခန်းတွေဆီ သွားချင်တာလား၊ အစားအသောက်တွေ
လေ့လာချင်သလား စသည်ဖြင့်မေးပါတယ်။

နောက်ဆက်မေးတာတွေက  ဘယ်နေရာတွေမှာ
မင်းက  စာရေးတာလဲပေါ့။Blog၊ Website  မှာလား၊ Instagram  မှာလား၊ Twitter မှာလား၊Facebookမှာလား၊Youtube  မှာလား၊ ဒါမှမဟုတ် အခြားနေရာတွေ
(Other) မှာလားပေါ့ဗျာ။

ဒါနဲ့ ကျွန်တော်လည်း ငါ  မင်းတို့ကို   ပြောပြီးပြီ။ သတင်းစာ၊ ဂျာနယ်တွေ (printed media) မှာ အောင်
အောင်IR နာမည်နဲ့ စာရေးနေသူ ဖြစ်တယ်။ ငါ့ကိုယ်ရေး
အကျဉ်းလည်း ပို့ထားတယ်။ ဆောင်းပါးတွေစုပြီး
ထုတ်ထားတဲ့စာအုပ်ကြည့်ချင်ရင်တော့ ငါယူလာခဲ့လို့
ရတယ်။ ရည်ရွယ်ချက်က မင်းတို့ဟိုတယ်ကြီးအကြောင်း
ကို မြန်မာပြည်သူတွေ၊ ငါ့ရဲ့စာဖတ်သူတွေနဲ့ မိတ်ဆက်
ပေးဖို့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅ဝ
ကျော်တယ်။ ဂျာနယ်တွေ၊ သတင်းစာတွေက တစ်နိုင်ငံ
လုံးဆီရောက်တယ်။ မင်းတို့အတွက်လည်း ငါ့လိုစာရေး
ဆရာနဲ့   တွေ့ဆုံဖိတ်ခေါ်ခွင့်ရတာ  အခွင့်အလမ်း
တစ်ရပ်ဖြစ်တယ်။  ဒါဟာ  နိုင်ငံတကာဆက်ဆံရေး၊
ပြည်သူ့ဆက်ဆံရေး လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်၊ ဖေ့စ်ဘွတ်မှာရေးတာ၊ ဆိုရှယ်မီဒီယာတွေမှာရေးတာ ကြာရင်ပျောက်သွားတယ်။ ငါက စာရွက်တွေပေါ်မှာရေး
တာဖြစ်ပြီး တစ်နှစ်ပြီးရင် ရေးခဲ့တဲ့ ဆောင်းပါးတွေစုပြီး စာအုပ်တစ်အုပ်ထုတ်တယ်။     အဲဒီစာအုပ်တွေကို ပြည်တွင်းမှာသာမက နိုင်ငံတကာက စာကြည့်တိုက်
တွေကို လှူတယ်။ အခုလည်း ငါ့စာအုပ်တွေ စင်ကာပူ
စာကြည့်တိုက်တွေမှာ လှူထားတယ်။ ဒါကြောင့် ငါရေး
တဲ့ဆောင်းပါးတွေက ရာသက်ပန်ပဲ။ ပျောက်ပျက်မသွား
ဘူး စသဖြင့် အလုံးအကြီးကြီးတွေနဲ့ လှမ်းပစ်တာပေါ့ဗျာ။
နောက်
ဆုံး ဟိုတယ်ဘက်က မင်းဘယ်ရက်အားလဲဆိုပြီး ရက်ထပ်ညှိ၊ နောက်ဆုံး သူတို့ပေးတဲ့ရက်ကိုယူပြီး ရုံးချိန်
အတွင်းဖြစ်နေလို့ ရုံးကနေနေ့တစ်ဝက်ခွင့်တင်ပြီး Marina Bay Sands ဆီ သွားခဲ့ပါတော့တယ်။

Marina Bay Sands

Marina Bay Sands ဆိုတာ စင်ကာပူနိုင်ငံ မာရီနာ
ပင်လယ်အော်ကို မျက်နှာမူတည်ဆောက်ထားတဲ့  ဧက
၁၅ ဒသမ ၅ အကျယ်ရှိတဲ့ ပြုပြင်ယူထားတဲ့ လူလုပ်
မြေသားပေါ်မှာ ဟိုတယ်တွေ၊ ကာစီနိုလောင်းကစားရုံ
တွေ၊ ကဇာတ်ရုံကြီးတွေ၊ ညီလာခံခန်းမဆောင်ကြီးတွေ၊ ပန်းဥယျာဉ်ကြီးတွေ၊ ဖျော်ဖြေပွဲတွေ၊ တန်ဖိုးကြီး ညစာ
အခမ်းအနားတွေ ပေါင်းစပ်ပါဝင်တဲ့ အပန်းဖြေဟိုတယ် အဆောက်အအုံကြီး  ဖြစ်ပါတယ်။  မြေအပါအဝင် အဆောက်အအုံကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံခန့်ကျသင့်ပြီး ဒီကနေ့အထိ ကမ္ဘာ့
ကုန်ကျစရိတ်အကြီးမားဆုံး ကာစီနိုပါရှိတဲ့ ဟိုတယ်ကြီး အဖြစ် မှတ်တမ်းဝင်ပါတယ်။ ဟိုတယ်ကြီးကို ၂ဝဝ၇ ခုနှစ်
မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့
ပါတယ်။ လက်ရှိမှာ ဟိုတယ်ကြီးနဲ့ ဆက်စပ်အဆောက်
အအုံတွေမှာ ဝန်ထမ်းပေါင်း ၉၇ဝဝ လုပ်ကိုင်ဆောင်ရွက်
နေပါတယ်။ ဟိုတယ်ကြီးမှာ အထပ် ၅၇ ထပ်စီပါဝင်တဲ့
အဆောက်အအုံ သုံးလုံးပါရှိပြီး အခန်းစုစုပေါင်း ၂၅၆၁
ခန်း ရှိပါတယ်။ စီတန်းဆောက်လုပ်ထားတဲ့ မြင့်မားတဲ့ အဆောက်အအုံသုံးခုကို သူတို့ရဲ့ အပေါ်ဆုံးမှာSands
Skypark လို့ ခေါ်တဲ့ မိုးပျံဥယျာဉ် (ခေါင်မိုးတွဲ) နဲ့ ဆက်စပ်
ထားပါတယ်။ လူအချို့ အဝေးကနေ အလွယ်မြင်နေတဲ့ အဆောက်အအုံပေါ်က သင်္ဘောပုံသဏ္ဌာန်ကို Sands
Skypark လို့  ခေါ်ပါတယ်။ Skypark  ဟာ ၅၇ ထပ်
အမြင့်မှာ တည်ရှိပြီး   ၁၂ဝဝဝ  စတုရန်းကီလိုမီတာ (၁၂၉၁၆၆ စတုရန်းပေ) ကျယ်ဝန်းပါတယ်။

Skypark  မှာ တည်ရှိတဲ့ မြေပြင်ကနေ ၁၉၁ မီတာ
(၆၂၇ ပေ) အမြင့်မှာ ဖန်တီးပြုလုပ်ထားတဲ့ ရေသားနဲ့
မိုးကောင်းကင်  တစ်ဆက်တည်းသဖွယ်  ထင်မှတ်
မှားအောင် ဖန်တီးပြုလုပ်ထားတဲ့ အရှည် ၁၄၆ မီတာ
(၄၇၉ ပေ)ရှည်လျားတဲ့   ရေကူးကန်ကြီး (Infinity
Pool) ဟာ ကမ္ဘာမှာ   အဆောက်အအုံခေါင်မိုးမှာ
ဆောက်ထားတဲ့  အရှည်အလျားဆုံးနဲ့ အမြင့်မားဆုံး
ရေကူးကန်ကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။ အဲဒီရေကူး
ကန်ကြီးကို စတီးလ်ပေါင်ချိန် ၄၂၂ဝဝဝ နဲ့   ပြုလုပ်
ထားတာဖြစ်ပြီး ရေဂါလန်ပေါင်း ၃၇၆၅ဝဝ ဝင်ဆံ့တယ်လို့
သိရပါတယ်။Sands Skypark မှာ အဲဒီ ရေကူးကန်ကြီး
အပြင် ကမ္ဘာ့ထိပ်တန်းဟင်းလျာတွေတည်ခင်းဧည့်ခံ
တဲ့    CÉ LA VI   နဲ့  Spago  လို့ခေါ်တဲ့ ညကလပ်နဲ့
စားသောက်ဆိုင် နှစ်ဆိုင်လည်း ရှိပါတယ်။  ဒါ့အပြင်
ပန်းဥယျာဉ်တွေ၊ သစ်ပင်ပန်းမန်တွေ၊  စင်ကာပူတစ်မြို့လုံး
ကို စီးမြင်နေရတဲ့  အများပြည်သူ  ရှုခင်းကြည့်ဆောင်
(Sands Skypark Observatory Deck) လည်း တည်ရှိပါတယ်။ စင်ကာပူနိုင်ငံရောက်ပြီး ဒီ Marina
Bay Sandsဟိုတယ်ကြီး အပေါ်ဆုံးထပ် ရှုခင်းကြည့်
ဆောင်ကနေမှ စင်ကာပူမြို့ကြီးကို မကြည့်ခဲ့ဘူးဆိုရင် ဒါ စင်ကာပူကိုရောက်တယ်လို့ မဆိုနိုင်ဘူးလို့ ဆိုပါ
တယ်။ ရှုခင်းကြည့်ဆောင်ကို အဆောက်အအုံအမှတ် ၃
(hotel tower 3) ကတစ်ဆင့် ဝင်ရပြီး ဝင်ကြေးက လူကြီး
စင်ကာပူဒေါ်လာ ၂၃ ဖြစ်ပြီး ကလေးက စင်ကာပူဒေါ်လာ
၁၇ ဖြစ်ပါတယ်။ ဟိုတယ်မှာ တည်းခိုနေထိုင်တဲ့သူတွေက
တော့ အခမဲ့ဖြစ်ပါတယ်။ 

Marina Bay Sands ရဲ့ မြေညီထပ် ဈေးဝယ်ဧရိယာ
ဆိုရင် စတုရန်းပေပေါင်း ၁,ဝဝဝ,ဝဝဝ အထိ ကျယ်ဝန်းပြီး
ကမ္ဘာကျော်တံဆိပ်အများစုကိုရနိုင်တဲ့ စတိုးဆိုင်ပေါင်း ၃ဝဝ ကျော်ခန့်ရှိပါတယ်။ ဈေးဆိုင်တွေရှိတဲ့ အဆောက်
အအုံအတွင်း မြေညီထပ်မှာ လှေ၊ သမ္ဗန်တွေ ကူးခတ်နိုင်
အောင် ကျယ်ဝန်းတဲ့  လူလုပ်တူးမြောင်းတစ်ခုရှိပြီး
ဧည့်သည်တွေ၊ ဆိုင်ရှင်တွေ စီးနင်းနိုင်ပါတယ်။ ဒါ့အပြင်
ကမ္ဘာ့အကြီးမားဆုံး ဖက်ရှင်စတိုးဆိုင်နဲ့ ကမ္ဘာ့အကောင်း
ဆုံး နိုက်ကလပ်တွေ ဖွင့်ထားတဲ့ ရေပြင်ပေါ်မှာပေါ်နေတဲ့
ဖန်သားအဆောက်အအုံနှစ်ခု၊ ကမ္ဘာ့ပထမဆုံး Art  Science
Museum၊ စားပွဲ ငါးရာပါပြီး လောင်းကစားစက် ၁၆ဝဝ
တပ်ဆင်ထားတဲ့ ကမ္ဘာ့အကြီးမားဆုံး atrium casino လည်း ပါရှိပါတယ်။ Art   Science Museum  ဟာ Marina
Bay Sands  ဟိုတယ်အပြင်ဘက်မှာရှိပြီး  ကြာပန်း ပုံသဏ္ဌာန် အဆောက်အအုံ ဖြစ်ပါတယ်။ အတွင်းမှာ
ပြခန်း ၂၁ ခန်း ရှိပြီး ၅ဝဝဝ စတုရန်းကီလိုမီတာ (၅၃၈၂ဝ စတုရန်းပေ) ကျယ်ဝန်းပါတယ်။ ပြတိုက်အတွင်း နိုင်ငံ တကာပြတိုက်ကြီးများ၊ အနုပညာပြပွဲများ လက်ခံကျင်းပ
တယ်လို့ သိရပါတယ်။ ပြတိုက်ဝင်ကြေးက လူကြီးစင်ကာပူ
ဒေါ်လာ ၁၉ ကနေ စင်ကာပူဒေါ်လာ ၄ဝ အထိ  ကိုယ်
ကြည့်မယ့် ပြခန်းများအပေါ်မူတည်ပြီး ကျသင့်ပါတယ်။

Marina Bay Sands ဟိုတယ်ပိုင်ရှင်က အမေရိကန်
နိုင်ငံ နီဗားဒါးပြည်နယ် (Nevada) အခြေစိုက် Las Vegas Sandsကုမ္ပဏီဖြစ်ပြီးLas Vegas Sands  ကုမ္ပဏီ ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူကတော့ အသက် ၈၅ နှစ်အရွယ် အမေရိကန်သန်းကြွယ်သူဌေးကြီး Sheldon
Adelson  ပဲ ဖြစ်ပါတယ်။Las Vegas Sands  ကုမ္ပဏီ
ဟာ အမေရိကန်နိုင်ငံမှာသာမက စင်ကာပူ၊ မကာအိုတို့
မှာလည်း ဟိုတယ်တွေ၊ ကာစီနိုတွေ ပိုင်ဆိုင်ပါတယ်။
ဇွန်လ ၂ဝ၁၈ Forbes မဂ္ဂဇင်းကြီးက သူဌေးကြီး Sheldon
Adelsonကို ကမ္ဘာ့ ၁၆ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်
အဖြစ် သတ်မှတ်ထားပါတယ်။

ကိုယ်တွေ့ Marina Bay Sands

ချိန်းဆိုထားတဲ့အတိုင်း အလုပ်ကနေ ခွင့်နေ့တစ်ဝက်ယူ
ပြီး Marina Bay Sands ဟိုတယ်ကို သွားခဲ့ပါတယ်။ Bayfront MRT ဘူတာရုံမှာဆင်း၊ နောက် ချိန်းဆိုထား
တဲ့ ဟိုတယ်အဆောက်အအုံ အမှတ် ၁ (hotel tower 1) ရဲ့ ဧည့်ခန်းဆောင် (Lobby) မှာ ဟိုတယ်၊ ပြည်သူ့
ဆက်ဆံရေးဌာန လက်ထောက်မန်နေဂျာ မစ္စဂလက်ဒီ
ဆင်မ် (Ms. Gladys Sim)၊ အလုပ်သင် စင်ကာပူ
မိန်းကလေးတစ်ယောက်နဲ့  တွေ့ဆုံပြီး ဟိုတယ်အလည်
အပတ်ခရီးစဉ် (the property tour) ကို သူတို့နှစ်ဦးနဲ့
စတင်လိုက်ပါတယ်။   ပထမဆုံး   အဆောက်အအုံ
အမှတ် ၁၊ အထပ် ၅၄ ထပ်မှာရှိတဲ့ တန်ဖိုးကြီးဧည့်ခန်းပါ
အခန်းတစ်ခန်း (Suite) ကို လိုက်ပြပါတယ်။ ဟိုတယ်က လူအမြဲပြည့်နေလို့ ရိုးရိုးအခန်းတွေပြဖို့ အလွတ်မရှိဘူးလို့ ဆိုပါတယ်။ နန်းတော်အဆောင်တစ်ခုပမာ ခမ်းနားလှတဲ့
အခန်းထဲမှာ အိပ်ခန်း၊ ကျယ်ဝန်းလှတဲ့ သီးသန့်ဧည့်ခန်း၊
မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ အားကစားလေ့ကျင့်ရာ
နေရာ၊ အနှိပ်ခံအခန်း စသည်ဖြင့်ပါရှိပါတယ်။

အခန်း  ပြတင်းပေါက်ကနေ  စင်ကာပူမြို့ကြီးရဲ့
အလှအပတွေကို   ရင်သပ်ရှုမောဖွယ်   မြင်တွေ့ရပါ
တယ်။ အဲဒီနောက် ၅၇ ထပ်မှာရှိတဲ့ Marina Bay
Sands ဟိုတယ်ကြီးရဲ့ ကမ္ဘာကျော် မိုးပျံရေကူးကန်ကြီး
(Infinity Pool) ဆီကို သွားကြပါတယ်။ မျက်စိတဆုံး
ကျယ်ပြောလှတဲ့ ရေကန်ကြီးမှာ ရေကူးသူတွေ၊ နေပူစာ
လှုံနေသူတွေနဲ့ စည်ကားနေပြီး တကယ့်ကမ်းခြေတစ်ခု
ကို ရောက်သွားသလို   ခံစားရပါတယ်။   ရေကူးကန်
ရေပြင်ကို မိုးကောင်းကင်နဲ့  တစ်ဆက်တည်းသဖွယ်၊
စင်ကာပူမြို့ကြီးနဲ့ တစ်ဆက်တည်းဖြစ်အောင် ဖန်တီးပြုလုပ်
ထားတဲ့အတွက် ရေကူးကန်ထဲက လူတွေဟာ တိုက်အောက်
ကို မျောပါကျသွားမယ့်သဏ္ဌာန် အသည်းယားစရာ
မြင်တွေ့ရပါတယ်။ အတူလိုက်ပါလာတဲ့  ဟိုတယ်
ဝန်ထမ်းတွေကတော့ အောက်မှာ  တစ်ထပ်ခံထားတယ်၊
လုံခြုံတယ်၊ ပြုတ်မကျဘူးဆိုပြီး ရှင်းပြနေပါတယ်။ အဲဒီ
ရေကူးကန်ကြီးကို   ဟိုတယ်မှာ   တည်းခိုသူတွေသာ
အသုံးပြုနိုင်ပြီး အပြင်ဧည့်သည်တွေ  ဝင်ခွင့်မပြုပါဘူး။
အပြင်ဧည့်သည်တွေဟာ အဆောက်အအုံ အမှတ် ၃ ရဲ့
၅၇ ထပ်မှာရှိတဲ့  ရှုခင်းကြည့်ဆောင် (Sands Skypark
Observatory Deck) ကိုပဲ ဝင်ကြေး (လူကြီးတစ်ဦးလျှင်
စင်ကာပူဒေါ်လာ ၂၃)ပေးပြီး တက်ခွင့်ရှိပါတယ်။

စာရေးသူကတော့    မီဒီယာသမားတစ်ဦးအနေနဲ့
အလည်အပတ်သွားခဲ့တာမို့လို့ ဘာဝင်ကြေးမှ မပေး
ရသလို အပြင်လူတွေ ဝင်ရောက်ခွင့်မရှိတဲ့ ဒီရေကူးကန်
ဘက်ကို ဝင်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။  ရေကူးကန်
ကမှတစ်ဆင့်   ရှုခင်းကြည့်ဆောင်ဘက်ဆီ  ဆက်သွား
ကြပြီး  စင်ကာပူမြို့ကြီးနဲ့ ပင်လယ်အော်ကြီးကို ၅၇ ထပ်
အမြင့်မှ  လှည့်ပတ်ကြည့်ရှုရင်း  အမှတ်တရ ဓာတ်ပုံများ၊
ဗီဒီယိုများ  ရိုက်ယူခဲ့ပါတယ်။     ဟိုတယ်လေ့လာချိန်
တစ်နာရီသာသာခန့်အတွင်းမှာ     စာရေးသူနဲ့အတူ
လိုက်ပါလာတဲ့   ဝန်ထမ်း  အမျိုးသမီးနှစ်ယောက်ကို ဟိုတယ်ကြီးအကြောင်း သိလိုတာတွေ မေးမြန်းပါတယ်။ အဖြေအများစုကို  ဟိုတယ်ဝက်ဘ်ဆိုက်ထဲမှာ စာရေးသူ လေ့လာထားပြီးမို့ အထူးအထွေတော့ ကွဲပြားမှု မရှိပါဘူး။
ဒီဟိုတယ်ကြီးကို  မြန်မာနိုင်ငံက  မီဒီယာတွေကော လေ့လာရေးလာဖူးကြသလားလို့မေးတော့ နိုင်ငံတကာ
က မီဒီယာအဖွဲ့တွေတော့ လာလေ့ရှိတယ်၊ မြန်မာနိုင်ငံ
ကတော့ ဒါပထမဆုံးအကြိမ်ထင်တယ်လို့  ဖြေပါတယ်။
စာရေးသူလည်း ဟိုတယ်ဝန်ထမ်းတွေကို အင်တာနက်က
တစ်ဆင့် လေ့လာထားသလောက်  ဟိုတယ်ပိုင်ရှင် သူဌေးကြီး
Sheldon Adelson အကြောင်းပြောရင်း နင်တို့သူဌေး
မွေးနေ့ ရှေ့လ (သြဂုတ်လ) နော်လို့ပြောတော့ သူတို့က
ဟုတ်တယ်ဆိုပြီး အံ့အားသင့်ကြပါတယ်။ နောက်တစ်ခါ
ပြီးခဲ့တဲ့ဇွန်လက  ဟိုတယ်ကို  လာရောက်လေ့လာတဲ့
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (Kim Jong-
un)အကြောင်းမေးတော့ သူတို့က ကင်ဂျုံအန်လာသွား
တယ်။    ရှုခင်းကြည့်ဆောင်    (Sands Skypark
Observatory Deck) ကနေပဲ စင်ကာပူကို ကြည့်သွား
တယ်။ ရေကူးကန် (Infinity Pool) ဘက်ဆီ မသွားဘူးလို့
ပြောတော့  စာရေးသူက   ဟိုတယ်ဝန်ထမ်းတွေကို
ဒါဆို ငါက   ရေကူးကန်အထိရောက်တယ်ဆိုတော့
မြောက်ကိုရီးယားခေါင်းဆောင်ထက်  ပိုအရေးပါတာ
ပေါ့လို့ဆိုတော့  ရယ်လိုက်ကြတာလေ။   အဲဒီနောက်
အောက်ထပ်  ပြန်ဆင်းလာပြီး  ဟိုတယ်အပြင်ဘက်က
ကြာပန်း ပုံသဏ္ဌာန် Art  Science Museum ထဲ ခဏဝင်
လေ့လာပြီး လိုက်ပါပို့ဆောင် ရှင်းလင်းပြောကြားပေးတဲ့
ဟိုတယ်ဝန်ထမ်းများကို    ကျေးဇူးတင်စကားဆိုရင်းMarina Bay Sands ဟိုတယ် လေ့လာရေး ခရီးစဉ်ကို
အဆုံးသတ်လိုက်ပါတယ်။       

အောင်အောင်IR

No comments:

Post a Comment