လီဆူတို့အသုံးပြုသင်္ကေတ
ရှေးကာလက လီဆူစာပေတတ်ကျွမ်း နားလည်သူဟူ၍ မရှိခဲ့သောကြောင့် လီဆူ သမိုင်းစာပေမှတ်တမ်းများ တိတိကျကျပြုစု နိုင်မှုမရှိခဲ့ဟု ဆိုသည်။ သင်္ကေတအမှတ်အသား တစ်ခုခုထားရှိလိုလျှင် သစ်သားပြားတစ်ခုပေါ် တွင် ဓားဖြင့်ခုတ်ထစ်မှတ်သားခဲ့ကြကြောင်းလီဆူတို့က ပြောသည်။ အလုပ်ရက်ချိန်း ရှိကြ သည်။ လီဆူတို့သည် ရှေးခေတ်ကာလက တစ်ရွာနှင့်တစ်ရွာ စစ်တိုက်ခဲ့ကြသည်။ထိုသို့ စစ်ပွဲတိုက်ခိုက်ရန်အတွက် တစ်ရွာနှင့်တစ်ရွာ စစ်ကြေညာခြင်း၊ စိန်ခေါ်မှုပြုခြင်းများကို ငရုတ်သီး၊ ကြက်မွှေးနှင့် မီးသွေးများ ဝါးဘူး တစ်ဘူးတွင် ထည့်သွင်းပေးပို့ခြင်းအားဖြင့် စစ်တိုက်ရန် ကြေညာသမှုပြုခဲ့ကြသည်ဟု သက်ကြီးရွယ်အိုလီဆူတို့က ပြောသည်။
ယုံကြည်ကိုးကွယ်မှုနှင့် တူရိယာ
အများစုက ရှေးဘိုးဘွားအမွေရိုးရာကို ကိုးကွယ်ကြသည်(နတ်ကိုးကွယ်မှုမဟုတ်)ဟု လီဆူတို့က ဆိုသည်။ မျက်မှောက်ကာလ၌ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တို့ရှိလာ ခဲ့ကြသည်။ ဂစ်တာ၊ ဘူးသီးခြောက်၊ ဝါးပလွေ၊ လေမှုတ်ကိရိယာတို့သည် လီဆူလူမျိုးတို့၏တူရိယာများဖြစ်သည်။ ဂစ်တာကိုယ်ထည်အား ဖွတ်သားရေဖြင့် ဖုံးအုပ်ပြုလုပ်ထားသည်။ ဖွတ်သားရေသည် ဂီတာသံကောင်းမွန် ကြောင်း၊ ဂစ်တာကြိုး သုံးကြိုးတပ်ဆင်တီးခတ် ရကြောင်း၊ ဖွတ်တစ်ကောင်ရပါက ဂစ်တာတစ် လက်မှ နှစ်လက်အထိ ပြုလုပ်ရရှိနိုင် ကြောင်း သုံးမိုင်၊ ကိုးမိုင် ကျေးရွာများမှ လီဆူ တိုင်းရင်းသားများက ပြောသည်။
အစားအစာ
လီဆူတို့သည် တောင်ယာဆန်ကို အများဆုံးကြိုက်နှစ်သက်ကြသည်။ တောင်ယာ ထွက် ဟင်းသီးဟင်းရွက်များနှင့် ဝက်သား၊ ငါးတို့ဖြင့် ဟင်းရည်စပ် ချက်ပြုတ်စားသောက် လေ့ရှိကြသည်။ အထူးသဖြင့် လီဆူတောင်ယာ ငရုတ်သီးစိမ်းထောင်း၊ တောင်ယာခရမ်းသီးစပ် အတို့အမြှုပ်ပြုလုပ်စားကြသည်မှာ ထူးခြား သော လီဆူတို့ဟင်းလျာဖြစ်ပါကြောင်း
လေ့လာတွေ့ရှိခဲ့ရသည်။
မိုင်းပန်ဒေသ သုံးမိုင်ကျေးရွာနေ လီဆူ အမျိုးသားဦးမောင်ချောက ''ကျွန်တော်တို့ လီဆူလူမျိုးတွေဟာ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ် နေရာဒေသအသီးသီးမှာ တော်တော် များများ ပျံ့နှံ့နေထိုင်လျက်ရှိကြပါတယ်။ တချို့က မိုးကုတ်ဒေသ ပူတာအိုဒေသတွေမှာ နေထိုင်ကြတယ်။ အခုကျွန်တော်တို့ သုံးမိုင်က လီဆူတွေနဲ့ ကိုးမိုင်ရွာက လီဆူလူမျိုးတွေက အရင်တုန်းက နမ့်စန်ဒေသ ဟိုက်ဖတ်ကျေးရွာ ကနေ ဒီဘက်ကို လွန်ခဲ့တဲ့ အနှစ်လေးဆယ် ကျော် ငါးဆယ်ခန့်ကတည်းက ပြောင်းရွှေ့ နေထိုင်လာခဲ့ကြတဲ့ လီဆူလူမျိုးစစ်စစ်တွေပဲ ဖြစ်ပါတယ်''ဟု ပြောသည်။
ဆက်လက်၍''လီဆူလူမျိုးတို့ အားလုံးက ဘယ်နေရာဒေသကပဲဖြစ်ဖြစ် ဘာသာစကား၊ စာပေ အတူတူဖြစ်ပါတယ်။ ဒေသအလိုက်အဝတ်အစားချုပ်လုပ်ဝတ်ပုံ အနည်းငယ်စီ ကွဲပြားကြပါတယ်။ ပုံစံ၊ အရောင်အဆင်းတွေ မတူကြပါဘူး။ ကျန်ဓလေ့ရိုးရာတွေက အားလုံးတူညီကြပါတယ်''ဟု ဦးမောင်ချောက ဆက်လက်ပြောကြားသည်။
လီဆူတို့၏ ဝတ်စားဆင်ယင်မှု
လီဆူအမျိုးသားများက ရှေ့ဒေါင်လိုက် အစင်းနှစ်ခုပါရှိသော အင်္ကျီအနက်၊ အနားသတ် ပါ ခါးပတ်၊ ခြေချင်းစွပ်( ခြေစွပ်)၊ အစိမ်းရောင် သို့မဟုတ် အနက်ရောင်ဘောင်းဘီ (အောက် ခြေထိအပွ)ကို ဝတ်ဆင်လေ့ရှိကြသည်။ လီဆူအမျိုးသမီးများက ထဘီအနက်ရောင်၊ ခြေစွပ်အရောင် သုံးမျိုးစပ်၊ ရင်ဖုံးအင်္ကျီ၊ ရင်ဖုံးအနီသို့မဟုတ် ပန်းရောင်အား ချုပ်လုပ် ဝတ်ဆင်ကြပြီး အနက်ရောင်ခေါင်းပေါင်း၊ ခါးပတ်နက်နှင့် အင်္ကျီအပေါ်ရုံတို့ကို ဝတ်ဆင် ကြသည်။
လီဆူတို့၏ ရိုးရာဓလေ့ပွဲတော်၊ အက
ရိုးရာနှစ်သစ်ကူးပွဲတော်နှင့် 'ရိုးရာဂွါချယ် အက'တို့သည် လီဆူတိုင်းရင်းသားလူမျိုးစု၏ ကျော်စောထင်ရှားသော ရိုးရာပွဲတော်၊ အကပွဲ များပင်ဖြစ်ကြောင်း လေ့လာသိရှိခဲ့ရသည်။ ''ဂွါချယ်''လီဆူရိုးရာအက ဖြစ်ပေါ်လာခဲ့ရခြင်း အား အနည်းငယ်တင်ပြလိုပါသည်။ ပါးစပ် ရာဇဝင်အရ လီဆူတို့က ¤င်းတို့ကိုယ်ကိုနိမ့်ကျ သော လူမျိုးများဖြစ်သည်ဟု ခံယူခဲ့ကြသည်။
ထို့ကြောင့် ရှေးအခါ လီဆူလူမျိုး အဘိုး၊ အဘွားနှစ်ဦးက ထင်းရှူးပင်ခုတ် တောထွက်ခဲ့ ကြသည်။ ထိုအခါ''လီဆူလူမျိုးတို့ နိမ့်ကျနေ ခြင်းမှ ကယ်တင်ပေးမည့် ဘုရားသခင်ကြွလာ မည့် ထင်းရှူးပင်ရှိရာနေရာသို့ လဆန်း တစ်ရက်နေ့တွင် လီဆူရွာသားများလာရောက် စုရုံးကြပါ''ဟူ၍ ဘုရားသခင်က အဘိုး၊ အဘွား နှစ်ဦးအား နိမိတ်လာပေးသည်ဟု ဆိုသည်။ထို့ကြောင့် လီဆူအဘိုးနှင့်အဘွားက ရွာသူ ရွာသားတို့ထံ ပြန်လည်ပြောကြားလိုက်သော အခါ လီဆူတစ်ရွာလုံးအား ဘုရားရှင်လာကယ် လိမ့်မည်ဟူသော ယုံကြည်ခြင်းဖြင့် ၄င်း ထင်းရှူးပင်ရှိရာသို့ လာရောက်စုရုံးစောင့်ဆိုင်း ခဲ့ကြကြောင်း၊ လီဆူတို့က မိမိတို့နေအိမ်မှ ခေါပုတ်ထောင်း၊ ဝက်၊ သားငါးများကို ယူ ဆောင်လာ၍ ကယ်တင်ရှင်အား စောင့်မျှော်ခဲ့ ကြကြောင်း၊ လီဆူတို့ထံ ဘုရားရှင်မရောက် လာ။
သို့သော်လည်း ထိုနေရာတွင်လီဆူတို့ကစောင့်မြဲလာစောင့်လျက်ရှိကြကြောင်း၊ လီဆူ တို့ယူဆောင်လာသော အသားတို့ကို သစ်ပင် တွင် ချိတ်ဆွဲလျက် ဂွါချယ်အက အတူတကွ စုပေါင်းကခဲ့ကြသောကြောင့် နှစ်စဉ် လီဆူတို့ နှစ်သစ်ကူးပွဲတော်ကျင်းပသည့်အခါတိုင်း ဂွါချယ်အကကို ကကြရသည်ဖြစ်ကြောင်း ဗဟုသုတအဖြစ်မှတ်သားခဲ့ရသည်။
လီဆူလူငယ်မောင်မယ်တို့သဘာဝနှင့် ထိမ်းမြားလက်ထပ်ခြင်း
လီဆူအမျိုးသား၊ အမျိုးသမီး ကာလသား လူပျို၊ အပျိုတို့သည် နေအိမ်၌အပျို၊ လူပျို စကားပြောလေ့ပြောထမရှိ။ တောတောင် ယာခင်းများသို့ သွားရောက်သည့်အချိန်အခါ မှသာ ချစ်တင်းနှောပြောဆိုလေ့ရှိကြသည်။ အပျို၊ လူပျို လှည့် တေးသီချင်းများသီဆိုကာ အပြန်အလှန်အဝေးတစ်နေရာစီ နေရာယူ ချစ်ခွန်းဆိုကြသည်။ ဥပမာအားဖြင့် ရေချောင်း ရှိက ရေချောင်းတစ်ဖက်တစ်ချက်စီမှ (ချောင်းခြား)ထားပြီးမှသာ လူငယ်အချင်းချင်း ရည်ငံသမှုပြုကြရကြောင်း လီဆူတို့က ပြော သည်။
လီဆူသတို့သား၊ သတို့သမီးနှစ်ဦး သဘောတူ ရည်ငံကြပြီးသော် သတို့သားဘက် က ငွေလက်ကောက်၊ ငွေပြားတို့ဖြင့် သတို့သမီး ဘက်သို့သွားရောက်ပြီး မိဘဆွေမျိုးများထံ နားဖောက်ရသည်။ လူငယ်အချင်းချင်း အမှန် တကယ်မေတ္တာမျှခဲ့ပြီးကြသောအခါ သတို့သမီး က သတို့သား၏ခေါ်ရာသို့ လိုက်ရန်ပြုသော အခါ လူငယ်အဖွဲ့ အပေါင်းအဖော်များနှင့် တစ်ဖက်နှင့်တစ်ဖက်အပြိုင် ဆွဲထားလေ့ပြုကြ သော ဓလေ့ရှိကြသည်။
ထိုအခါ သတို့သမီးက သစ်ငုတ်တိုအား ဆွဲထားပါက ¤င်းသစ်ငုတ်ကိုပါ အပါဆွဲနုတ်၊ ခုတ်ယူသွားခြင်းဖြင့် သတို့သမီး၏အိမ်သို့ ယူဆောင်ကြသည့် လီဆူဓလေ့ရိုးရာရှိ ကြောင်း ကိုးမိုင်ကျေးရွာနေ လီဆူအမျိုးသမီး လူငယ်ဆရာမ မငေါမေဆီးက ပြောသည်။
လီဆူတို့၏ သတို့သမီးအပ်ပွဲ
သတို့သားနှင့်သတို့သမီးတို့ ခိုးရာလိုက် ပြေးသွားပြီး၊ နှစ်ဖက်မိဘအဆင်ပြေစေရန် သတို့သားက ရွာလူကြီးများခေါ်ဆောင်၍ သတို့သမီးမိဘနှစ်ပါးထံ ပြန်လည်အပ်နှံမှုပြု သောအခါ အနည်းဆုံးအလေးချိန် ပိဿာ၂ဝမှ ပိဿာ ၃ဝ ရှိ ဝက်အကောင်လိုက်ကိုသော် လည်းကောင်း၊ ဝက်သားကိုသော်လည်းကောင်း ယူဆောင်သွားရသည်။
ယင်းနှင့်အတူ အရက် နှစ်ပုလင်း၊ အရက် တစ်ပုလင်းအတွက်(အသားအမြည်း)တစ်ပန်းကန်စီနှင့် ငွေပြား ၁၅ဝ တို့ကိုပါ ယူဆောင်သွားရသည်။ ကွမ်းဖိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုအခါ သတို့သမီးဘက် က သဘောတူလက်ခံသည်ဆိုကာမှ အရက် ပုလင်းအဖုံးကို ဖွင့်သည်။ လက်မခံပါက ပုလင်းအဖုံးဖွင့်မပေး။ သို့သော် သတို့သမီးဘက် က အရက်ပုလင်းအား အဖုံးဖွင့်ပေးသည်အထိ သတို့သားက အကြိမ်ကြိမ်သတို့သမီးအိမ်သို့သွားရသည်။
နောက်ဆုံးသတို့သမီးဘက်က မိဘဆွေမျိုး များအားလုံး၏သဘောတူလက်ခံ အရက် ပုလင်းအဖုံးဖွင့်ပေးလိုက်ပြီဆိုပါက လီဆူ လူမျိုးတို့၏ရိုးရာဓလေ့အရ သတို့သမီးအပ်ပွဲ အထမြောက်သည်ဟု လေ့လာမှတ်သားခဲ့ရ သည်။
လီဆူလူမျိုးတိုင်းရင်းသားများသည် သတို့ သား၏ နေအိမ်တွင်မင်္ဂလာဆောင်ပွဲပြုလုပ် ခြင်း၊ ထိမ်းမြားလက်ထပ်ကြပြီးနောက် သတို့ သားဘက်သို့သာ သတို့သမီးက အတူလိုက်ပါ နေထိုင်ခြင်းအမှုပြုခဲ့ကြသည်မှာ ရှေးဘိုးဘွား တို့ခေတ်ကာလမှ ယနေ့ထိတိုင်အောင် တည်ရှိနေဆဲ လီဆူတိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာအမွေအနှစ်တစ်ခုဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။
စိုင်းဇော်လတ်(လင်းခေး)
No comments:
Post a Comment