Latest News

Sunday, July 29, 2018

တရားရှင်၊ တရားသေလွှတ်ခြင်းနှင့် ဥပဒေ

တရားရှင်၊ တရားသေလွှတ်ခြင်းနှင့် ဥပဒေ

တရားရုံးတစ်ရုံးက ရာဇဝတ်ပြစ်မှုတစ်ခုကို စုံစမ်းခြင်း၊ စစ်ဆေးခြင်းနှင့် ကြားနာခြင်းတို့ ပြုလုပ်ပြီးနောက် တရားရှင်လွှတ်ခြင်း သို့မဟုတ် တရားသေလွှတ်ခြင်း သို့မဟုတ် ပြစ်ဒဏ်စီရင်ချမှတ်ခြင်းတို့ ပြုလုပ်ရသည်။ ပြစ်ဒဏ်စီရင်ချမှတ်ခြင်းနှင့်စပ်လျဉ်းသည့် ဆောင်းပါး
တစ်ပုဒ်ရေးသား၍ ၆-၇-၂ဝ၁၈ ရက်နေ့ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် တရား
ရှင်လွှတ်ခြင်း၊ တရားသေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေ
တွင် မည်သို့ပြဋ္ဌာန်းထားသနည်း။ မည်ကဲ့သို့ ဆင်ခြင်
သုံးသပ်မှုပြုကြသနည်း။ အနှစ်ချုပ် မျှဝေပါရစေ။

တရားရှင်လွှတ်ခြင်း

ထောင်ဒဏ်ခြောက်လထက်ပိုသည့် ပြစ်ဒဏ်စီရင်
ထိုက်သော ဝရမ်းမှုတစ်ခုကို တရားရုံးက စစ်ဆေးရာတွင်
ရှေးဦးစွာ စွပ်စွဲသူတရားလိုကို စတင်စစ်ဆေးပါသည်။ ပြီးလျှင် တရားလိုကပြသော တရားလိုပြ သက်သေများ
ကို ဆက်လက်စစ်ဆေးပါသည်။ တရားလိုနှင့် တရားလိုပြ သက်သေများ၏ အစစ်ခံထွက်ဆိုချက်များအရ စွပ်စွဲ
ခံရသူအပေါ် ပြစ်မှုတစ်စုံတစ်ရာဖြင့် စွဲချက်တင်စစ်ဆေး
ထိုက်ကြောင်း မပေါ်ပေါက်လျှင် တရားခံကို လွှတ်မိန့်
ချမှတ်သည်။ ထိုသို့လွှတ်ခြင်းသည် တရားရှင်လွှတ်ခြင်း
ဖြစ်သည်။

တရားသေလွှတ်ခြင်း

စွပ်စွဲခံရသူတရားခံအပေါ် ပြစ်မှုတစ်စုံတစ်ရာဖြင့် စွဲချက်တင်၍ စစ်ဆေးထိုက်ကြောင်း ပေါ်ပေါက်လျှင် အဆိုပါပြစ်မှုပုဒ်မဖြင့် စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချမှတ်သည်။ ပြီးလျှင် စစ်ဆေးပြီးသော တရားလိုပြ
သက်သေများအနက် မည်သူ့ကို ပြန်လည်ခေါ်ယူ၍ စစ်ဆေးလိုကြောင်း တရားခံကတင်ပြလျှင် ယင်းသက်
သေကို   ပြန်ခေါ်သက်သေအဖြစ်    စစ်ဆေးသည်။
ထို့နောက် တရားခံကို စစ်ဆေးသည်။ တရားခံပြ
သက်သေများကို စစ်ဆေးသည်။ နှစ်ဖက်အမှုသည်များ
ကြားနာမှုပြုသည်။ တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်လျှင် တရားရုံးက ပြစ်ဒဏ်စီရင်သည့်အမိန့်
ချမှတ်သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမတွေ့
ရှိရလျှင် တရားခံကို အပြီးအပြတ် လွှတ်သည့်အမိန့်
ချမှတ်သည်။ ထိုသို့ အပြီးအပြတ်လွှတ်သည့်အမိန့်ချ
မှတ်ခြင်းသည် တရားသေလွှတ်ခြင်း ဖြစ်သည်။

မည်သည့်အခါ တရားရှင်လွှတ်သနည်း

တရားလိုနှင့် တရားလိုပြသက်သေများ၏ အစစ်ခံ
ထွက်ဆိုချက်များအရ အောက်ပါအခြေအနေများတွင် တရားခံအား စွဲချက်မတင်ဘဲ တရားရှင်လွှတ်ပါသည်-

(က) တရားခံအပေါ်စွပ်စွဲချက်များသည် လုံးဝအခြေ
အမြစ်မရှိသည့်အခါ၊

(ခ) တရားခံအား ထုချေဖြေရှင်းစေရန် အကြောင်း
အချက် မတွေ့ရသည့်အခါ၊

(ဂ) စွဲချက်တင်နိုင်လောက်သော အချက်အလက်များ
ပြည့်စုံမှုမရှိသည့်အခါ၊

(ဃ) တရားခံအား စွဲချက်တင်ခဲ့သော် ယင်းစွဲချက်နှင့်
စပ်လျဉ်း၍ တရားခံက ထုချေဖြေရှင်း မပြုဘဲနေလျှင်
ပြစ်ဒဏ်စီရင်နိုင်သည့် အကြောင်းအချက်မပေါ်ပေါက်
သည့်အခါ။

မည်သည့်အခါ တရားသေလွှတ်သနည်း

တရားလိုနှင့် တရားလိုပြသက်သေများ တရားခံနှင့်
တရားခံပြသက်သေများ၏ ထွက်ဆိုအစစ်ခံချက်များ
အရ အောက်ပါအခြေအနေများတွင် တရားခံအား တရား
သေလွှတ်ပါသည်-

(က) တရားခံအပေါ် ပြစ်ဒဏ်စီရင်ထိုက်ကြောင်း
တထစ်ချညွှန်ပြသည့် ခိုင်မာသောသက်သေခံချက် အထောက်အထားများ မတွေ့ရှိရသည့်အခါ၊

(ခ) တရားခံသည် ပြစ်မှုကျူးလွန်သူဖြစ်သည်ဟူ၍
ထင်ကြေးဖြင့် အပြစ်ပေးရမည့် အခြေအနေမျိုးဖြစ်နေ
သည့်အခါ၊

(ဂ) တရားခံသည် အမှန်တကယ် ပြစ်မှုကျူးလွန်သူ
ဖြစ်သည်၊ မဖြစ်သည်ကို  ဖြစ်တတ်သောသဘာဝနှင့်
နှိုင်းယှဉ်၍ ဖြစ်ပေါ်သင့်သော သံသယဖြစ်နေသည့်အခါ၊

(ဃ)တရားခံသည် အပြစ်ရှိသူဖြစ်သည် သို့မဟုတ် အပြစ်မရှိသူဖြစ်သည်ဟူ၍ ကောက်ချက်နှစ်မျိုးထွက်ပေါ်နေသည့်အခါ၊

(င) တရားခံသည် ပြစ်မှုကျူးလွန်သူဖြစ်သော်လည်း ယင်း၏ ပြုလုပ်မှုသည် ဥပဒေတွင်ပြဋ္ဌာန်းထားသော
ကင်းလွတ်ရမြဲအချက်များ သို့မဟုတ် လွတ်ငြိမ်းခွင့်ခြွင်း
ချက်များတွင် အကျုံးဝင်ကျရောက်နေသည့်အခါ သမ္မန်မှု
များတွင် တရားရှင်လွှတ်ခြင်းမရှိပါ၊

ဝရမ်းမှုမဟုတ်သော ပြစ်ဒဏ်တစ်ရပ်နှင့် သက်ဆိုင်
သည့် သမ္မန်မှုများကို တရားရုံးက  စစ်ဆေးသည့်အခါ ရှေးဦးစွာတရားခံကို အပြစ်ကျူးလွန်ခြင်းရှိ၊ မရှိ မေးမြန်း
သည်။ တရားခံက အပြစ်ကျူးလွန်ခဲ့ပါသည်ဟူ၍ ဝန်ခံ
လျှင် ထိုက်သင့်သည့်ပြစ်ဒဏ်များ စီရင်သည့်အမိန့်
ချမှတ်သည်။

တရားခံက ပြစ်မှုကျူးလွန်ရခြင်းမရှိကြောင်းငြင်းဆို
လျှင် တရားရုံးက တရားလိုနှင့် တရားလို  ပြသက်သေ
များကို စစ်ဆေးသည်။ ပြီးလျှင် တရားခံနှင့် တရားခံပြသော
သက်သေများကို စစ်ဆေးသည်။ နှစ်ဖက်အမှုသည်များ
ကြားနာသည်။ နှစ်ဖက်သက်သေအစစ်ခံထွက်ဆိုချက်
များအရ တရားခံ အပြစ်ကျူးလွန်ကြောင်းတွေ့ရှိလျှင် ပြစ်ဒဏ်စီရင်သည်။ အပြစ်ကျူးလွန်ကြောင်း မတွေ့ရှိက တရားသေလွှတ်မိန့်ချမှတ်သည်။ သမ္မန်မှုများကို စစ်ဆေး
ရာတွင် တရားခံကို တရားရှင်လွှတ်သည့် အမိန့်ချမှတ်
ခြင်းမျိုးမရှိပါ။

တရားရှင်လွှတ်ခြင်း၊ တရားသေလွှတ်ခြင်း တို့၏ အကျိုးသက်ရောက်မှု

တရားရှင်လွှတ်သည်ဆိုရာတွင် တရားလိုဘက်
ထွက်ဆိုအစစ်ခံချက်များအရ မခိုင်မာ၍ လွှတ်ခြင်းဖြစ်
သည်။ သက်သေခံချက်အထောက်အထားများ ထပ်မံ
ရှာဖွေ၍ အထောက်အထားခိုင်မာလျှင် ထပ်မံတရားစွဲ
ဆိုခွင့်ရှိသည်။

တရားသေလွှတ်သည်ဆိုရာတွင် တရားလိုနှင့် တရားခံ
နှစ်ဖက်သက်သေထွက်ဆိုအစစ်ခံချက်များအရ တရားခံ
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်မှုမရှိသဖြင့် အမှုမှအပြီးအပြတ်လွှတ်ခြင်း ဖြစ်သည်။ ယင်းပြစ်မှုအရ တရားခံအပေါ်နောက်ထပ် ထပ်မံ၍တရားစွဲဆိုခွင့်မရှိ
တော့ပါ။

တရားရှင်လွှတ်သည့်အမိန့်ကို မကျေနပ်လျှင် အမှု
သည် ကာယကံရှင်ကိုယ်တိုင် အဆင့်မြင့်တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းလျှောက်ထားခွင့်ရှိသည်။

တရားသေလွှတ်သည့်အမိန့်ကို မကျေနပ်လျှင် အမှု
သည် ကာယကံရှင်ကိုယ်တိုင်က အဆင့်မြင့်တရားရုံးသို့
တိုက်ရိုက်အယူခံမှုတင်သွင်း လျှောက်ထားခွင့်မရှိပါ။
အယူခံဝင်လိုလျှင် သက်ဆိုင်ရာဥပဒေရုံးသို့ လျှောက်
ထားရသည်။ တရားသေလွှတ်သည့်အမိန့် အယူခံကို
တရားလွှတ်တော်ကသာ လက်ခံကြားနာခွင့်ရှိသည်
ဖြစ်ရာ ဥပဒေရုံးများက သတ်မှတ်ချက်များနှင့်အညီ စိစစ်
တင်ပြပြီး အယူခံဝင်ရောက်သင့်ကြောင်းတွေ့ရှိလျှင်
တရားလွှတ်တော်သို့ အယူခံလျှောက်ထားပေးမည်ဖြစ်
သည်။

ဆိုရိုးစကားရှိထားသည်များ

''ရာဇဝတ်မှုခင်းများတွင် အပြစ်ကျူးလွန်သူဆယ်
ယောက် လွတ်ချင်လွတ်သွားပါစေ၊ အပြစ်ကျူးလွန်ခြင်း
မရှိသူတစ်ယောက်ကို အပြစ်မပေးမိပါစေနှင့်'' ဟု ဆိုရိုး
စကားရှိသည်။ အပြစ်ကျူးလွန်ခြင်းမရှိသူ တစ်ဦး
တစ်ယောက်ကို အပြစ်မပေးမိစေဖို့ လွန်စွာမှ သတိပြုဆင်
ခြင်ထိုက်ကြောင်း ပမာပုံဆောင်ပြသည့် ဆိုရိုးစကားသာ
ဖြစ်ပါလိမ့်မည်ထင်သည်။

အမှန်တကယ်တော့ အပြစ်ကျူးလွန်ခြင်းမရှိသူတစ်
ဦးကို ပြစ်ဒဏ်စီရင်ခြင်း မပြုမိကြစေဖို့ အထူးသတိပြု
ဆင်ခြင်ထိုက်ကြသလို အပြစ်ကျူးလွန်သူဆယ်ဦးကို
လည်း တရားရှင်လွှတ်ခြင်း သို့မဟုတ် တရားသေလွှတ်
ခြင်း မဖြစ်ပေါ်စေသင့်ပါ။ အမှန်တကယ် အပြစ်ကျူးလွန်
သူ ၁ဝ ဦး အပြစ်မှလွတ်မြောက်သွားခဲ့လျှင် နောက်ထပ်
ပြစ်မှုတစ်ရာ ပေါ်လာနိုင်သည်ကိုလည်း အထူးသတိပြု ဆင်ခြင်အပ်ကြသည်။

ဥပဒေကို အသုံးချ၍ ပြစ်မှုကျူးလွန်လေ့ရှိသူများတွေ့
ရတတ်သည်။ ဥပဒေကို လက်တစ်လုံးခြားရှောင်တိမ်း
ကာ ပြစ်မှုကျူးလွန်တတ်ကြသူများလည်းရှိသည်။ ဥပဒေ
ဖောက်ဖျက်ကျူးလွန်ခြင်းကို အသက်မွေးဝမ်းကျောင်း
သဖွယ် ပြုကျင့်ကာ ဆောင်ရွက်နေတတ်သူများလည်း
ရှိသည်။ ထိုသို့သောသူများကို ဥပဒေဖောက်ဖျက်ကျူး
လွန်နေပါလျက် ပြစ်ဒဏ်စီရင်ခြင်းမပြုနိုင်၊ ပြစ်ဒဏ်စီရင်
ခြင်းမှ လွတ်မြောက်နေပါလျှင် အများပြည်သူနှင့် နိုင်ငံ
တော်လုံခြုံစိတ်ချရမှုမရှိ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်နေမည်သာ။ တရားဥပဒေစိုးမိုးရေးပျက်ပြားမှုရှိ
နေမည်သာ။

လမ်းညွှန်သဖွယ်လေ့လာသင့်သော စီရင်ထုံးများ

တရားခံပေါ်စွဲချက်တင်ထိုက်၊ မတင်ထိုက်စဉ်းစား
ဆင်ခြင်ရန်ရှိသော အချက်အလက်တို့သည် တရားခံအား
အပြစ်ပေးထိုက် မပေးထိုက်စဉ်းစားသည့်အခါ စဉ်းစား
ရန်ရှိသော အချက်အလက်မျိုးနှင့် သဘောအားဖြင့် တူညီခြင်းမရှိပါ။ စွဲဆိုသည့်ပြစ်မှုကို တရားခံက ကျူးလွန်
သည်ဟု ထင်မြင်ဖွယ်ရာရှိကြောင်း ညွှန်ပြသည့် သက်သေခံ
ချက်များရှိပါက တရားခံအပေါ် စွဲချက်တင်၍ ဖြေရှင်းစေ
ရမည်သာ ဖြစ်သည်။

(၁၉၈၂ ခုနှစ်၊ မတစ၊ စာ- ၆၇)

တရားခံတို့အား အပြစ်ပေးလောက်အောင် အခိုင်
အလုံအထောက်အထားမရှိဟု ပညာရှိအထူး တရား
သူကြီးက ယူဆသော်လည်း ၎င်းတို့အား ညွှန်ပြသည့် သက်သေခံအထောက်အထားများကား ရှိနေပေသည်။ ထို့ကြောင့် ၎င်းတို့အား ထုချေဖြေရှင်းစေခြင်းမပြုဘဲ တရားရှင်လွှတ်လျှင် တစ်ဖက်က နစ်နာသူများအဖို့ ရုံး၏စီရင်ချက်သည် တရားမျှတမှုကင်းမဲ့ခဲ့သည်ဟု ထင်မြင်ယူဆဖွယ်ရာဖြစ်သည်။

(၁၉၆၆ ခုနှစ်၊ မတစ၊ စာ-၆၁၆)

တရားခံပြစ်မှုကျူးလွန်ကြောင်းကို သံသယကင်းရှင်း
သည်အထိ သက်သေထင်ရှားပြရန် တရားလိုပေါ်တွင် တာဝန်ရှိသည်။ အကယ်၍ တရားလိုဘက်မှ သက်သေ
ထင်ရှားပြရာတွင် တရားခံသည် ပြစ်မှုကျူးလွန်သူ
တစ်ဦး ဖြစ်မှဖြစ်ပါ့မလားဟူ၍ သံသယပေါ်ပေါက်
လာပါက ထိုသံသယ၏အကျိုးကို တရားခံအား ခံစားခွင့်
ပေး၍ အမှုမှ အပြီးအပြတ်လွှတ်ရသော အခြေခံသဘော
တရား တစ်ရပ်လည်းရှိသည်။

(အထူးရာဇဝတ်ရုံး
အယူခံအဖွဲ့စီရင်ထုံးများ၊ စာ-၉၄)

''သံသယ၏အကျိုးကို တရားခံအားပေးရမည်''ဟူသည့်အစား ထင်ကြေးဖြင့် အပြစ်မပေးသင့်။ ခိုင်လုံ
သော အထောက်အထားပြည့်စုံမှသာ အပြစ်ပေးရမည်
ဆိုလျှင် တွေးခေါ်ယူဆပုံ ပိုမိုရှင်းလင်းမည်ဟူသော အခြေခံမူတစ်ရပ်လည်းရှိသည်။ တရားခံတစ်ဦးအပေါ် ပြစ်မှုကျူးလွန်ကြောင်း ကွင်းဆက်မပြတ်ခိုင်လုံသော သက်သေခံချက်အထောက်အထားရှိမှသာ အပြစ်ပေး
ရန်ဖြစ်သည်။ ထင်ကြေးဖြင့်ဖြစ်စေ၊ အစွဲအလမ်းဖြင့် ဖြစ်စေ အပြစ်ပေးခြင်းမျိုးမပြုရ။

(အထူးရာဇဝတ်ရုံး
အယူခံအဖွဲ့စီရင်ထုံးများ၊ စာ-၃၁၉)

ယင်းကဲ့သို့ တရားရှင်လွှတ်ခြင်း၊ တရားသေလွှတ်ခြင်း
တို့နှင့်စပ်လျဉ်း၍ စဉ်းစားဆင်ခြင်ရန်ရှိသည့်အခါ ၁၉၇၂
ခုနှစ် မတစ၊ စာ-၃၃။ ၁၉၇၇ ခုနှစ် မတစ၊ စာ-၁၂။ ၁၉၇၉ ခုနှစ် မတစ၊ စာ-၁၅၉။ ၁၉၈ဝ ခုနှစ် မတစ၊ စာ-၆၄။ ၁၉၈၂ ခုနှစ် မတစ၊ စာ-၃၅။ ၁၉၈၁ ခုနှစ် မတစ၊ စာ-၆၄ စီရင်ထုံးများနှင့် အထူးရာဇဝတ်ရုံး အယူခံအဖွဲ့စီရင်ထုံးများ (၁၉၆၅-၁၉၇ဝ) စာ-၇၁၊ ၁၃ဝ၊ ၂၄ဝ၊ ၂၅၂၊ ၂၉၉၊ ၃၁၂၊ ၃၂၂ စီရင်ထုံးများသည် လမ်းညွှန်သဖွယ် ဖတ်ရှုလေ့လာ ကိုးကားသင့်ကြ ကြောင်းပါ။

- အပြစ်ကျူးလွန်ခြင်းမရှိသူတစ်ဦးကိုလည်း ပြစ်ဒဏ်
စီရင်ခြင်းမပြုမိစေလိုပါ၊

- အပြစ်ကျူးလွန်သူတစ်ဦးကိုလည်း ပြစ်ဒဏ်စီရင်
ခြင်းမှ လွတ်မြောက်မသွားစေလိုပါ၊

- ဥပဒေအရာတွင် တန်းတူညီမျှရှိ၍ တရားဥပဒေစိုးမိုးမှုဖြစ်ထွန်းနေပါစေ။

မောင်စာဂ

ကိုးကားချက် -
ရာဇဝတ်ကျင့်ထုံးဥပဒေအခန်း (၂ဝ) နှင့်
အခန်း (၂၁)
ရှင်းလင်းချက် -
မတစ၊ စာ-မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ

No comments:

Post a Comment