Latest News

Wednesday, July 11, 2018

ကျွန်တော်တို့ ရောက်လာပါပြီ၊ အကောင်းဆုံးဖြစ်အောင် တွေ့ဆုံရအောင်ဟု KIOဒုတိယဥက္ကဋ္ဌ ပြောကြား

ကျွန်တော်တို့ ရောက်လာပါပြီ၊  အကောင်းဆုံးဖြစ်အောင် တွေ့ဆုံရအောင်ဟု KIOဒုတိယဥက္ကဋ္ဌ ပြောကြား


နေပြည်တော် ဇူလိုင် ၁ဝ

နေပြည်တော်သို့ ရောက်ရှိနေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)   ဒုတိယဥက္ကဋ္ဌ (၁)    ဗိုလ်ချုပ်ဂွမ်မော်က ''အစိုးရနဲ့တပ်မတော်ကို      ဘာပြောချင်သလဲဆိုရင်  ကျွန်တော်တို့ ရောက်လာပါပြီ။      အကောင်းဆုံးဖြစ်အောင်  တွေ့ဆုံရအောင်လို့  ပြောကြားချင်ပါတယ်''ဟု ပြောကြား သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံတတိယအစည်းအဝေးသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမြောက်ပိုင်းတိုင်းရင်းသားအဖွဲ့များဖြစ်ကြသည့် 'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် - ကိုးကန့် တပ်ဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ သည် တရုတ်နိုင်ငံ  ကူမင်းမြို့မှနေ၍ လေကြောင်းလိုင်းဖြင့် ယနေ့မွန်းလွဲပိုင်းက  နေပြည်တော်သို့  ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

KIO  ဒုတိယဥက္ကဋ္ဌက   ''မျှော်လင့်ချက်တွေနဲ့ လာတာပါ။ ဆွေးနွေးမှုက အဓိကမဟုတ်ဘဲ ကျွန်တော်တို့ အဆက်ပြတ်နေတဲ့ ဆက်သွယ်ရေးကို ဘယ်လိုလုပ်မလဲ ဆိုတာ   အဓိကကျပါတယ်။   ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ပြီး ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ ကွင်းဆက်ကို ရမယ်။  မနက်မှ ဆုံမယ်လေ'' ဟု ပြောကြားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတိုင်းရင်းသားအဖွဲ့ ခုနစ်ဖွဲ့ အနက် အမျိုးသားဒီမိုကရေစီမဟာမိတ်   တပ်မတော်-မိုင်းလားတပ်ဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည်     အစည်းအဝေးတက်ရောက်ရန်အတွက် နေပြည်တော်သို့ ကြိုတင်ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါမြောက်ပိုင်းတိုင်းရင်းသား ခုနစ်ဖွဲ့ကို ဒုတိယ ဥက္ကဋ္ဌအဆင့်ရှိသူများ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး   ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့က မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့ ခုနစ်ဖွဲ့ အား နေပြည်တော် Horizon  Lake  View  Resortတွင် လာရောက်တွေ့ဆုံခဲ့ကြသည်။

ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးက ''ဒုတိယ ဥက္ကဋ္ဌတွေ   လာတာဆိုတော့   အရေးပါတာပေါ့။ နောက်ဥက္ကဋ္ဌတွေက  လာချင်ပေမယ့် ကျန်းမာရေးအခြေ အနေကြောင့်ပါ။ ညီလာခံနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိပေ မယ့် နိုင်ငံတော်အကြီးအကဲတွေနဲ့တော့ တရားဝင်တွေ့ဆုံ မှာပါ။    တွေ့တဲ့အခါ    သူ့သဘောထား၊ ကိုယ့်သဘောထား တော်တော်လေးညှိနိုင်မယ်ထင်တယ်။ အဲဒီလို   ညှိနိုင်ပြီဆို   အောက်ခြေမှာ လိုက်လုပ်ရတာ လွယ်သွားပြီ''ဟု ပြော သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး     ဆွေးနွေးမှု   ပူးတွဲ ကော်မတီ (UPDJC)အတွင်းရေးမှူး   ဦးလှမောင်ရွှေက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ''ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးကောင်းတာက   မြောက်ပိုင်း ခုနစ်ဖွဲ့ လာတွေ့တယ်။ တာဝန်ရှိတဲ့သူတွေနဲ့လည်း တွေ့မယ်လို့ ကြားတယ်။ ဒါက ယုံကြည်မှု  တည်ဆောက်တဲ့လုပ်ငန်းစဉ်ပါ။ အဲဒီအတွက် နည်းလမ်းတွေလည်း  ရှာဖို့၊  ရဖို့ မျှော်လင့်တယ်'' ဟု ပြောသည်။

ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်ကော့ရှန်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်း အဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ/'ဝ'  ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်-(NDAA)၊  ကချင် လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/ SSA)၊   တအာင်း   အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) မြန်မာနိုင်ငံမြောက်ပိုင်းတိုင်းရင်းသား အဖွဲ့ ခုနစ်ဖွဲ့  တို့မှ ခေါင်းဆောင်များအား နေပြည်တောHorizon LakeView Resortတွင်  ညစာဖြင့်   တည်ခင်း ဧည့်ခံသည်။

အဆိုပါဧည့်ခံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ  တရုတ် နိုင်ငံ သံအမတ်ကြီး   မစ္စတာဟုန်လျန်၊  ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူး ဦးလှမောင်ရွှေ  တို့ တက်ရောက်ခဲ့ကြသည်။

သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment