Latest News

Sunday, July 15, 2018

ခရိုအတ်လေးသန်းခွဲနှင့် ပြင်သစ်အသင်း ရင်ဆိုင်ရမည်ဟု ရာကီတစ်ဆို ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ရေး ကစားသမားဘဝ စွန့်လွှတ်ရန်ပင် ဝန်မလေးဟုပြော

ခရိုအတ်လေးသန်းခွဲနှင့် ပြင်သစ်အသင်း ရင်ဆိုင်ရမည်ဟု ရာကီတစ်ဆို ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ရေး ကစားသမားဘဝ စွန့်လွှတ်ရန်ပင် ဝန်မလေးဟုပြော

မော်စကို ဇူလိုင် ၁၄

သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် စတင်ရပ်တည်နိုင်သည့် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်လာနိုင်သည့် ခရိုအေးရှား အသင်း၏ ကွင်းလယ်ကစားသမား ရာကီတစ်က ဇူလိုင် ၁၅ ရက်ညတွင် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက် ပြင်သစ်အသင်းမှာ ခရိုအေးရှားလူမျိုး (ခရိုအတ်) လေးသန်းခွဲနှင့် ရင်ဆိုင်ရခြင်း ဖြစ်မည်ဟု ပြောကြားသည်။

ခရိုအေးရှား နိုင်ငံ၌ ပရော်ဖက်ရှင်နယ် စစ်စစ်ဖြစ်သော ဘောလုံးသမားဦးရေ ၈၀ဝ သာရှိပြီး နိုင်ငံလူဦးရေသည် လေးသန်းခွဲသာ ရှိသော်လည်း တစ်နိုင်ငံလုံး၏ စည်းလုံးမှုကြောင့် ပြင်သစ်တို့မှာ ခရိုအေးရှား လက်ရွေးစင် ၂၃ ဦးနှင့် ရင်ဆိုင်ရခြင်း မဟုတ်ဘဲ ခရိုအတ် လေးသန်းခွဲနှင့် ရင်ဆိုင်ရခြင်းဖြစ်မည်ဟု ပြောကြားသည်။

ကလပ်အသင်းဖြစ်သော ဘာစီလိုနာနှင့် နိုင်ငံအသင်းအတွက် ပွဲပေါင်း ၇၀ နီးပါးကစားခဲ့ပြီး ဖြစ်သော ရာကီတစ်က ကျွန်တော်တို့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရဖို့ဆိုရင် ဘောလုံးကန်ဖိနပ်တွေကို စွန့်လွှတ်ပြီး ကစားသမားဘဝကိုတောင် စတေးနိုင်ပါတယ်။ ဒီတစ်လအတွင်း ခရိုအေးရှား ပြည်သူတွေ ဘယ်လိုရှိခဲ့သလဲ ဆိုတဲ့ မှတ်တမ်းကို ပြန်ကြည့်ရင် သိနိုင်မှာပါ။

အားလုံးက ပျော်ရွှင်စွာ၊ အတူတကွ ပေါင်းစည်းစွာ၊ ဂုဏ်ယူစွာနဲ့ တစ်သားတည်းရှိခဲ့တယ်။ အားလုံးကလည်း ထိုက်တန်လို့ရခဲ့တာပဲ။ အသင်းက လက်ရွေးစင် ၂၃ ဦး၊ နည်းပြ၊ တခြားဝန်ထမ်းအဖွဲ့တွေနဲ့ နိုင်ငံသား လေးသန်းခွဲစလုံးက တစ်သားတည်းရှိလို့ ပြင်သစ်က လူလေးသန်းခွဲနဲ့ ရင်ဆိုင်ရမှာပါ။ တကယ်လို့ ဒီလောက်လူဝင်ဆံ့တဲ့ ကွင်းမျိုးမှာ ဗိုလ်လုပွဲကစားရင် သူတို့တွေနဲ့ တစ်ကွင်းလုံး ပြည့်သွားမှာပါ။ တစ်ကမ္ဘာလုံးက ပရိသတ်တွေကလည်း ပြင်သစ်ထက် ကျွန်တော်တို့ကို အားပေးမှာ သေချာပါတယ်။

အာဂျင်တီးနား၊ စပိန်၊ ဂျာမနီ အစရှိသဖြင့် နိုင်ငံပေါင်းများစွာက ဒီဗိုလ်လုပွဲမှာ ကျွန်တော်တို့ကို အားပေးမယ်ဆိုတဲ့ မက်ဆေ့ခ်ျပေါင်း များစွာလည်း ရထားပါတယ်။ ကျွန်တော်တို့နိုင်ငံက ပရိသတ်တွေက ဘောလုံးရယ်မှ မဟုတ်ပါဘူး။ ခရိုအေးရှား လက်ရွေးစင် ဝတ်စုံကို ဝတ်လိုက်တာနဲ့ အဲဒီလူက ခြားနားတဲ့သူ ဖြစ်သွားမှာပါ။ တင်းနစ်၊ ဟန်းဘော၊ ဘတ်စကက်ဘော၊ ဝါတာပိုလို ပွဲတွေမှာလည်း ကျွန်တော်တို့ နိုင်ငံက အောင်မြင်ပြီး ကုန်ကုန်ပြောရရင် စားပွဲတင်တင်းနစ် ပြိုင်ပွဲမှာ နိုင်ငံဝတ်စုံ ဝတ်ကစားရင်တောင် တစ်နိုင်ငံလုံးက ကိုယ့်နိုင်ငံ ကိုယ်စားပြုသူ မှန်သမျှကို အစွမ်းကုန် အားပေးကြတာပါ။

ဒီစိတ်ဓာတ်က နိုင်ငံသား အားလုံးရဲ့ အသွေးအသားထဲမှာ စွဲမြဲစွာ ရှိနေတာပါ ဟု ပြောသည်။ ပြင်သစ်နှင့် ခရိုအေးရှားတို့သည် ၁၉၉၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွင် တွေ့ဆုံဖူးပြီး ထိုစဉ်က ပြင်သစ်က ၂ ဂိုး-၁ ဂိုးဖြင့်အနိုင်ရကာ ထိုပြိုင်ပွဲကြီး၏ ဗိုလ်လုပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

MWD

No comments:

Post a Comment