မိုးဦးကာလ အလွန်သို့ ရောက်ရှိလာပါပြီ။ မိုးစက်မှုန်များ၊ မိုးဖွဲများ တဖွဲဖွဲကျနေသည့် လွမ်းမောဖွယ်ရာနေ့တစ်နေ့ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ဝမ်းနည်းတသဖြင့် ဖြတ်သန်းကြရတော့မည်။ ထိုနေ့သည်ကား (၇၁)နှစ်မြောက် အာဇာနည်နေ့ပင်ဖြစ်သည်။
အာဇာနည်နေ့ဟု အသံကြားလိုက်ရုံဖြင့် လူကြီး၊ လူငယ်၊ ကလေးပါမကျန် အာဇာနည်ကုန်းခေါ် အာဇာနည်ဗိမာန်၌ ရှိသော ခေါင်းဆောင်ကြီးကိုးဦး၏ အထိမ်းအမှတ်ကျောက်တိုင်များဆီသို့ သွားရောက်အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းတို့ကို ပြုလုပ်ကြမည်ဆိုသည့် အသိက လူတိုင်း၏ ရင်ထဲတွင်ရှိနေကြသည်။ ''မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းမှာ အာဇာနည်နေ့ဖြစ်ပေါ်လာပုံရဲ့ အဖြစ်ဆိုးကြီးကို ဆရာတို့မိသားစုဝင် သားသမီး တစ်ယောက်အနေနဲ့ ပြန်လည်စဉ်းစားမိလိုက်တိုင်း အရမ်းစိတ်မကောင်းဖြစ်မိတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေးကို ရဲဘက်က အရာရှိကြီးတွေက လုံခြုံရေးလုပ်ပေးဖို့ရှိတယ်။ သတင်းရရှိမှုကိုလည်း ဗိုလ်ချုပ်အောင်ဆန်းကိုပေးတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်က ဒီလောက်အထိဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ဘူး။
မမျှော်လင့်ထားဘူး။ အဲဒီအပေါ်မှာ ရဲအရာရှိကြီးတွေက လုံခြုံရေးတင်းကျပ်ဖို့ သုံးလေးခါပြောတယ်လို့ ဆရာ့အမေကလည်းပြောတယ်။ ဒါကို ဗိုလ်ချုပ်က မလိုပါဘူးကွာလို့ပြောတော့ ဘယ်ပြောရဲတော့မလဲ။ ဗိုလ်ချုပ်က တိုင်းပြည်အပေါ်ကို သူ့အသက်ပေးပြီး စွန့်လွှတ် လုပ်ဆောင်နေတဲ့သူ၊ သူ့ကိုပြည်သူတွေက လေးစားတယ်၊သူကလည်း ပြည်သူတွေကို အလေးထားတဲ့အတွက် သူ့ကိုမလုပ်ကြံတန်ဘူးဆိုတဲ့ အသိနဲ့ လုံခြုံရေးကို လျှော့တွက်လိုက်တာပါ။ အစည်းအဝေးလုပ်တဲ့ အခန်းတံခါးကြီးတွေကလည်း အကြီးကြီးတွေပါ။ ဒီကျွန်းတံခါးကြီးတွေကိုစေ့ပြီး အစည်းအဝေး လုပ်နေတာ ရဲဘော်တစ်ဦးတစ်ယောက်မှ အစောင့်အရှောက် မရှိဘူး။ အဲဒီမှာ သေနတ်နဲ့တံခါးစောင့် ရဲဘော်တစ်ယောက်လောက် ရှိရင်တောင် ဒီဖြစ်စဉ်က ဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်မသွားနိုင်ဘူးလို့ တွက်လို့ရတယ်'' ဟုအတွင်းဝန်ဦးအုန်းမောင်၏ သားအငယ်ဆုံး အသက် ၇၂ နှစ်ရှိ ဒေါက်တာမျိုးမြင့် (ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) ကုန်ထုတ်ဓာတုဗေဒဌာန)က ပြောသည်။
နိုင်ငံတော်အကျိုး သယ်ပိုးရင်း ကျဆုံးသွားသော အတွင်းဝန်ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာအိပ်ခ်ျဒဗလျူတရပ်(တပ်)ဝန်းနှင့် ဒေါ်ရွှေမြင့်တို့၏ ဒုတိယမြောက် သားဖြစ်သည်။ ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် တွင် မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်နှစ်ကြီးသည်။
တက္ကသိုလ်ကျောင်းသား ဘဝက ရန်ကုန်တက္ကသိုလ်တပ်ရင်း၌ တပ်ခွဲ တပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်းအောင်ပြီး ၁၉၃၇ ခုနှစ်တွင် အိုင်စီအက်(စ်)စာမေးပွဲ ဖြေဆိုသူ သုံးဦးတွင် ပထမရသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ အရှေ့နယ်ပိုင် ဝန်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်တာဝန်ပေးခံရသည်။ ထို့နောက် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနတွင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုကာလ ၁၉၄၅-၁၉၄၆ ခုနှစ်များတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့် တောင်တန်းဒေသ တိုင်းရင်းသားများ ပါဝင်သော ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ပင်လုံညီလာခံကျင်းပရန် စီစဉ်နေချိန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ ပါဝင်လာရေးအတွက် ကချင်ထိပ်ပိုင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်များ စေလွှတ်ကာ ကြိုးစားခဲ့သော်လည်း ကချင်လူမျိုးခေါင်းဆောင်များက အတွေ့မခံကြောင်း သိရသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ အရေးပိုင်မင်း၊ တိုင်းမင်းကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအုန်းမောင်(အတွင်းဝန်)အား ကချင်ပြည်နယ်သို့ သွားရောက်ကာ ကချင်လူမျိုးခေါင်းဆောင်အား ခေါ်ဆောင်ပေးရန် အကူအညီတောင်းခဲ့သည်။ ထိုအချိန်တွင် အတွင်းဝန် ဦးအုန်းမောင်သည် တစ်နှစ်နှင့်လေးလသား အရွယ်သာရှိသော အငယ်ဆုံးသားငယ်မှာ နေအိမ်တွင် အပြင်းဖျားနေချိန်ဖြစ်သည်။
သို့သော် တိုင်းပြည်အတွက် အရေးကြီးသည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်၍ ကချင်ပြည်နယ်သို့ သွားရန် ဗိုလ်ချုပ်အောင်ဆန်း၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်း သိရသည်။ ''အဖေက ကချင်ပြည်နယ်ရဲ့ ကချင်လူမျိုး ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင်ကို တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တယ်။ ဆမားကြီးက ဘယ်သူ့ကိုမှ အတွေ့မခံဘူး။ အဖေ့ကိုတော့ အတွေ့ခံခဲ့တယ်။ အဖေက မြစ်ကြီးနားမှာ အရေးပိုင်မင်း လုပ်ခဲ့ဖူးတော့ အဖေ့ရဲ့ရိုးသားမှု၊ တည်ကြည်မှု၊ အမျိုးသားရေး စိတ်ဓာတ်ရှိမှုတို့ကို ဆမားကြီးကသိတော့ လက်ခံ တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ရဲ့ပင်လုံညီလာခံမှာ ကချင်ပြည်နယ်အနေနဲ့ လက်မှတ်ထိုးပါဝင်ဖို့ကို ရန်ကုန်မြို့မှာရှိတဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ လိုက်တွေ့ပြီး ဆွေးနွေးပေးဖို့ ခေါ်ခဲ့တယ်။
အဲဒီမှာ ဆမားကြီးက သူ့အနေနဲ့ ဗိုလ်ချုပ်ကို လိုက်တွေ့တဲ့တစ်ချိန်လုံးမှာ သူနဲ့အတူရှိနေရမယ်၊ ရန်ကုန်ရောက်ရင်လည်း အဖေ့အိမ်မှာပဲ တည်းမယ့်အကြောင်း ပြောတော့ အဖေလည်း အားရဝမ်းသာနဲ့ ဗိုလ်ချုပ်ကို ဆမားကြီး တွေ့ဆုံမယ့် အကြောင်း သတင်းပို့ အကြောင်းကြားခဲ့တယ်။ ရန်ကုန်ရောက်တော့ ဗိုလ်ချုပ်တို့နဲ့ ကချင်ခေါင်းဆောင်ကြီးတို့ ဆွေးနွေးမှုကနေ ပင်လုံညီလာခံမှာ ကချင်တိုင်းရင်းသားတွေ ပါဝင်ရေး အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့တယ်။ ဆွေးနွေးပွဲ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် အဖေ့ကို ဆမားကြီးက ကချင်လူမျိုးတွေ အမြတ်တနိုးထားတဲ့ အရှည် ၆ ပေလောက်ရှိတဲ့ အလယ်မှာ အလှပန်းပွားတွေပါပြီး နှစ်ဖက်မှာလှံသွားလို ပါတဲ့ လက်နက်တစ်ခု၊ ကချင်လူမျိုးတွေကိုင်တဲ့ ဓားနဲ့ဓားအိမ်ကို လက်ဆောင်ပေးပါတယ်'' ဟု ဒေါက်တာမျိုးမြင့်ကပြောသည်။
ထိုလုပ်ကြံမှု မဖြစ်ပွားမီကာလတွင် အတွင်းဝန်ဦးအုန်းမောင်သည် ရန်ကုန်မြို့ အင်းလျားလမ်းရှိ ခြံအမှတ် (၂၈) ၌ နေထိုင်ခဲ့သည်။ ''ကိုအုန်းမောင်မဆုံးခင် နံနက်ပိုင်းက အကြွယ်ရေ နေ့လယ် ၁၂ နာရီကို အိမ်မှာ အစည်းအဝေးရှိတယ်။ အဖွဲ့တွေ ခေါ်ထားတယ်။ အဲဒါအိမ်မှာ ပြင်ဆင်ထားဦး၊ ငါက ဗိုလ်ချုပ်တို့နဲ့ နံနက် ၁ဝ နာရီခွဲမှာ အစည်းအဝေးရှိလို့ အတွင်းဝန်ရုံးကို ခဏသွားရဦးမယ်။ နေ့လယ်အမီပြန်လာမှာလို့ ပြောတယ်။ ဒါနဲ့ အမေတို့လည်း အိမ်မှာရှိတဲ့ တပည့်တွေနဲ့ ပြင်ဆင်နေကြတယ်။ အဲဒီအချိန်မှာ အငယ်ဆုံးသား မောင်မျိုးမြင့်က တစ်နှစ်နဲ့ ၁ဝ လသားအရွယ်ပဲ ရှိသေးတယ်။ သူက နေမကောင်းလို့ငိုနေတော့ သားအဖတွေ ခြံထဲမှာ ကားပတ်စီးလိုက်သေးတယ်။ နောက်တော့ အမေ့ကိုကလေးပေးပြီး ဗိုလ်ချုပ်တို့နဲ့တွေ့ဖို့ နောက်ကျနေဦးမယ်ပြောပြီး ထွက်သွားပါတယ်။ သူ့ရဲ့နှုတ်ဆက်မှုက နောက်ဆုံး နှုတ်ဆက်သွားတယ်ဆိုတာ ဘုရားမှတစ်ပါး ဘယ်သူမှ မသိနိုင်ပါဘူး။ အမေတို့က အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတာပါ။
အမေက ၁၆ နှစ်၊ ကိုအုန်းမောင်က ၂၂ နှစ်ပါ။ ကိုအုန်းမောင်ဆုံးတော့ ၃၄ နှစ်ရှိပြီ။ အဲဒီအချိန် ဗိုလ်ချုပ်အောင်ဆန်းက ၃၂ နှစ်ပါ။ စိတ်မကောင်းဘူး၊ သတိလည်းရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်တွယ်ကြတယ်။ သူဆုံးပြီးနောက်ပိုင်း နှစ်စဉ် အာဇာနည်နေ့မှာ သူ့အတွက်ဆိုပြီး သက်စေ့ ဘုန်းကြီး ၃၄ ပါးပင့်ပြီး ဆွမ်းကပ်တယ်။ နှစ်စဉ် အာဇာနည်ဗိမာန်မှာလည်း ပန်းခွေချတယ်။ ပတ်ဝန်းကျင်မှာ အလှူလုပ်တယ်။ အခုတော့ အသက်ကလည်း ရလာပြီ၊ ကျန်းမာရေးလည်း မကောင်းတော့ ကျန်းမာရေး ကောင်းအောင်ကြိုးစားနေရတယ်။ ကျန်းမာရေးကောင်းရင် ဒီနှစ် အာဇာနည်ဗိမာန်ကို တက်ရောက်ဖို့ ရည်ရွယ်ထားတယ်'' ဟု အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင် ၏ဇနီး အသက် ၉၄ နှစ်ရှိ ဒေါ်သိန်းကြွယ်ကပြောသည်။ ''အာဇာနည်ဆိုတာ နိုင်ငံတော်အဆင့် သူရဲကောင်းပါ။ ကိုယ်ကျိုးမဖက်ဘဲ အများ အကျိုးကို အသက်နဲ့လဲပြီး ဦးစားပေး ကာကွယ်တဲ့ အဖိုးတန်လူသားတွေပါ။
တစ်ခုအကြံပေး ပြောလိုတာက အာဇာနည်နေ့လို ရက်မျိုးမှာ သူများတိုင်းပြည်တွေလို ဆရာတို့ မြန်မာနိုင်ငံမှာလည်း ဖြစ်နိုင်ရင် သမ္မတ ကိုယ်တိုင်တက်ရောက်ပြီး လွမ်းသူ့ပန်းခွေ ချစေလိုတယ်။ ဒါကို ဆရာ့အနေနဲ့ အကြံပြုလိုတာက အရင်အတိုင်းပဲ အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦးကို မိသားစုဝင်တွေက တစ်ချိန်တည်း တစ်ပြိုင်တည်း ပန်းခွေချကန်တော့တာမျိုးတွေ ဖြစ်စေချင်ပါတယ်'' ဟု ဒေါက်တာမျိုးမြင့်က ပြောသည်။ အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန် ဦးအုန်းမောင် ကွယ်လွန်ပြီးနောက်ပိုင်း ဇနီး ဖြစ်သူ ဒေါ်သိန်းကြွယ်သည် အငယ်ဆုံးသား ဒေါက်တာမျိုးမြင့်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ချင်းတွင်းလမ်း အမှတ် (၆၂) နေအိမ်၌ လက်ရှိနေထိုင်လျက်ရှိသည်။ ။ မောင်မျိုး(ဧရာဝတီ)
MWD
No comments:
Post a Comment