နေ့စဉ် လူမှုပတ်ဝန်းကျင်တွင် လည်းကောင်း၊ မိမိနေထိုင်ရာ ဝန်းကျင်တွင်လည်းကောင်း မယုံကြည်နိုင်စရာ သတင်းများကို မကြာခဏ ကြားသိနေရသည်။ ယနေ့ခေတ် မိဘအုပ်ထိန်းသူများ သားသမီးများကို ပြောဆို၊ ဆုံးမ၊ သွန်သင်ကြရာတွင် တလွဲမဖြစ်ရန် အရေးကြီးပါသည်။ မိဘအုပ်ထိန်းသူများ ဘက်က ငါမွေးထားတာ၊ ငါပြောစကားအမှန်၊ နားထောင်ရမည် ဆိုသည့် တစ်ဖက်သတ် အတွေးအခေါ်နှင့် ဆုံးမခြင်းမျိုးသည် ယနေ့ခေတ် ကာလနှင့် သဟဇာတ မဖြစ်တော့ပါ။ တစ်လောက ကြားမိပါသည်။ သတင်းလည်း ဖတ်လိုက်ရသည်။ သူနာပြု သင်တန်းတက်ခွင့် မပေးသဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားသည့် သတင်းဖြစ်ပါသည်။ တချို့မိဘများက အဆုံးအမ တစ်ယူသန်တတ်ကြသည်။
ခေတ်ကာလ၊ အလုပ်နေရာ များသာမက ပညာရေးပိုင်းတွင် မိမိဘဝ တိုးတက်ရှင်သန်ရန် မိမိဘာသာ ကြိုးစားရုန်းကန် လျှောက်လှမ်းကြရပေမည်။ မျက်မှောက်ခေတ်သည် လူကြီးမိဘများ လျှောက်လှမ်းခဲ့သော ခေတ်ကာလ အခြေအနေများနှင့် လုံးဝကွာခြားနေပါပြီ။ ထို့ကြောင့် သူ့ခေတ်နှင့် သူ့အခါကို လူကြီးမိဘများ လက်ခံထားစေချင်သည်။ မိမိတို့ရှင်သန် ခဲ့ကြသည့် ခေတ်ကာလ အမူအကျင့် စရိုက်နှင့် မတူညီတိုင်း မိမိစိတ်တိုင်းကျ မဖြစ်လျှင် ရင့်သီးသော စကားလုံးများဖြင့် လူငယ်၊ ကလေးငယ်များအပေါ် မသုံးစွဲ၊ မပြောဆိုသင့်ပါ။ စာရေးသူကိုယ်တိုင် ကြုံဖူးပါသည်။ သမီးကြီးက မူကြိုအရွယ်၊ သားငယ်က နှစ်နှစ်အရွယ်၊ စကားလည်း အလွန်တတ်ကြပါသည်။ စာရေးသူက စိတ်မြန်၊ စိတ်တိုတတ်သူမို့ စိတ်တိုင်းမကျလျှင် နှုတ်ကပြောခြင်းထက် လက်က အရင်ပါပြီးသားပင်။
အပြင်သွားရန် ကလေးနှစ်ယောက်ကို အိမ်ပေါက်ဝမှာ အဆင်သင့် စောင့်ခိုင်းထားသည်။ သူတို့က အမေ မပြီးသေးဘူးထင်ပြီး ကလေးပီပီ ဆော့ကစားနေကြသည်။ စာရေးသူ အိမ်ပေါက်ဝ ရောက်တော့မတွေ့။ စိတ်တိုသွားကာ ကလေးနှစ်ယောက်စလုံိးု အော်ဟစ်ပြောရင်း လက်ဝါးနှင့် ကျောကုန်းကို ရိုက်ပုတ်မိရာ သားငယ်က စကားမပီကလာ ပီကလာနှင့် မေမေကလည်း မရိုက်ပါနဲ့နော်။ ကောင်းကောင်းပြောလည်း ဒီစကား၊ ဆိုးဆိုးပြောလည်း ဒီစကား၊ မေမေကောင်းကောင်းပြောရင် သားတို့နားထောင်မှာ ပါဟုပြောသည်။ အင်မတန် နုနယ်သည့် ကလေးတစ်ဦးက မထင်မှတ်သော စကားလုံးဖြင့် စာရေးသူအား သင်ကြား ပေးလိုက်ခြင်းကြောင့် အသိတရားဖြင့် သားနှင့်သမီး အရွယ်ရောက်သည်အထိ နားလည်အောင် ရှင်းပြခြင်းဖြင့်သာ ဆုံးမဖြစ်တော့သည်။ မြေးသားရလာသည့်အခါ ထိုစကားကို သတိပြုကာ စိတ်တိုင်းမကျတိုင်း နားလည်အောင် ရှင်းပြဆွေးနွေးမေးမြန်းပြီး လမ်းကြောင်းတည့်မတ် ပေးရလေသည်။ တချို့ကလည်း သားသမီးကို အချစ်လွန်ကာ မျက်စိအောက်က အပျောက်မခံကြပေ။ တစ်လောက မိတ်ဆွေတစ်ဦးက သူ၏သမီးကို အင်ဂျင်နီယာ ဘွဲ့ရအောင် ယူခိုင်းသဖြင့် ယူခဲ့သည်။
အလုပ်ခွင်ဝင်သောအခါ နယ်သွား ရမည်ဆို၍မလွှတ်။ အလုပ်ထွက်လိုက်ရသည်။ နောက်အလုပ်အကိုင်များ လျှောက်တိုင်းလည်း နယ်သွားရမည် ဆိုသဖြင့် ပေးမလုပ်တော့။ ရွယ်တူများက လုပ်သက်ရကုန်သည်။ ရာထူးရာခံနှင့် ဖြစ်ကုန်ပြီ။ ဖခင်ဖြစ်သူက ပေးမလုပ်ခြင်းမှာ စိတ်မချဟူသော အကြောင်းပြချက်နှင့် ကလေးခမျာ အသက်သာကြီးလာ ရသည်။ အင်ဂျင်နီယာဘွဲ့ရ၊ အလုပ်လက်မဲ့ ဖြစ်နေရသည်။ ကျောင်းနေဖက် သူငယ်ချင်းများနှင့် ဆုံလျှင် အားငယ်စိတ်၊ ရှက်စိတ်တို့ကြောင့် ကြာလျှင် ကလေးမှာ စိတ်ကျရောဂါ ဖြစ်မှာပင်စိုးရသည်။ မိဘများအနေဖြင့် သားသမီးကိုချစ်ပါ။ သို့သော် နှစ်ရာမရောက်စေချင်ပါ။ မိဘများ အနေဖြင့် သားသမီးကို ဆုံးမတတ်စေချင်သည်။ ကရုဏာဒေါသနှင့် ကိုယ်ဖြစ်စေချင်သလို မဖြစ်ရ ကောင်းလားဟု ဆုံးမခြင်းသည် ကလေးကို အမှားကျူးလွန်ရန် တွန်းပို့သကဲ့သို့ ဖြစ်ရသည့် အဖြစ်များ ကြားသိဖူးပါသည်။ စာရေးသူတို့ ရပ်ကွက်မှာ မယုံနိုင်စရာ သတင်းကပျံ့နှံ့ နေပေသည်။ စာရေးသူတို့၏အိမ် နောက်ကျောကပ်လျက်အိမ်မှ နဝမတန်း ကျောင်းသူလေး ဖြူစင်မှာ အရွယ်မတိုင်မီ ပညာမစုံမလင်နှင့် ချစ်သူရည်းစား နောက်လိုက်သွားခြင်းပင် ဖြစ်သည်။
ဖြူစင်တစ်ယောက် ယခုကဲ့သို့ လုပ်သွားလိမ့်မည်ဟု မည်သူကမျှ မထင်ထားကြပါ။ သူမသည် နာမည်နှင့်လိုက်အောင် စိတ်နေစိတ်ထား ရိုးသားဖြူစင်သော်လည်း ဘဝပေး အခြေအနေက မလှရှာပါ။ မိဘမစုံလင် ချို့တဲ့သောကြောင့် ဖခင်ဘက်မှ ဘကြီးလင်မယားက သားသမီးမရှိသဖြင့် ခေါ်ထားပြီး ကျောင်းထားပေးခဲ့သည်။ ဘကြီးလင်မယား ခိုင်းသမျှ မငြိုမငြင်ကူညီ လုပ်ကိုင်ပေးရသည်။ ဘကြီးဖြစ်သူတို့မှာ ငွေကြေးချမ်းသာ ကြသည်။ သို့သော် အတန်းပညာဥာဏ် နည်းပါးသဖြင့် စကားပြောဆိုမှုက လူတစ်ဖက်သားအပေါ် မောက်မာသည်။ ဆွေမျိုးအသိုင်းအဝိုင်းက ဘကြီးလင်မယားကို ဝေးဝေးက ရှောင်ကြသည်။ ဖြူစင်အတွက် ရွေးစရာတစ်လမ်းသာ ရှိပါသည်။ ပညာဆုံးခန်းတိုင်အောင် သင်ယူပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်သည်။ ဘယ်ဆွေမျိုးကမှ တာဝန်မယူကြပေ။ ဖြူစင် ပဉ္စမတန်း အရောက်တွင် ဘကြီးအိမ် အရိပ်သို့ ခိုဝင်ခဲ့ရသည်။ ဘကြီးမိန်းမ ကြည်ဖြူစေရန် အလိုက်တသိ အရိပ်အကဲ ကြည့်နေရသည်။
ဒါမှ ဖြူစင် ဘဝရည်မှန်းချက်အတိုင်း ပညာတတ်ဖြစ်မည်။ ကျောင်းမှာ လစဉ်စာမေးပွဲ အမှတ်စာရင်းရတိုင်း ဖြူစင် စိတ်ဆင်းရဲရသည်။ ဘကြီးနှင့် ညီမတော်သူ၏သားနှင့် တန်းခွဲမတူ၊ နဝမတန်းချင်း အတူတူမို့ ထိုတူတော်မောင်က အမှတ်ပိုများ၊ အဆင့်ပိုကောင်းလျှင် ဘကြီးလင်မယားက တစ်ချိန်လုံး ဗျစ်တောက်ဗျစ်တောက် ပြောမဆုံး။ ဖြူစင်အဋ္ဌမတန်း အောင်သဖြင့် အမေဘက်က အဘွားက ဟန်းဆက်နှင့် ဖုန်းဆင်းကတ်ဆုချသည်။ နဝမတန်း အတန်းတင် စာမေးပွဲကြီးဖြေရန် တစ်လမျှသာလိုတော့သည်။ ကျောင်းပိတ်ရက် တစ်ရက်တွင် ကျောင်းစာမလိုက်နိုင်သော အတန်းဖော် ယောကျာ်းလေးက ဖုန်းဖြင့်စာလှမ်းမေးသည်။ ဖြေရတာများသဖြင့် မက်ဆေ့ခ်ျဖြင့် စာများရိုက်ပို့နေချိန် ညီမတစ်ဝမ်းကွဲ အိမ်လာလည်ချိန် စကားမပြောအား။ ဒါကို ဘဝင်မကျသူ ညီမက ဖုန်းကိုဆွဲလုပြီး တစ်ဖက်သို့ သမီးရည်းစားဆန်ဆန် စာရိုက်ထည့်ပြီး ဘကြီးဖြစ်သူအား သွားပြသည်။ စာရိုက်ထားတာဖတ်ပြီး မေးမြန်းခြင်းလည်းမရှိ၊ ထုံးစံအတိုင်း ကလေးနှင့် မတန်သော စကားလုံးများဖြင့် ဆူတော့သည်။ ရှင်းပြလည်းမရတော့။ ဖြူစင်ခမျာ ရည်းစားလည်း ထားရကောင်းမှန်း မသိသေးပေ။ သို့သော် နေ့စဉ်အိမ်ရောက်သည်နှင့် ဘကြီးက စတင်ဆူပူ ကြိမ်းမောင်းနေတော့သည်။
ကြာတော့ သူတို့နှင့် ရင်မဆိုင်ရဲအောင် စိတ်ကျဉ်းကျပ် လာရသည်။ အမေဘက်က အဘွား ဖုန်းလှမ်းဆက်၍ စကားပြောလည်း မယုံသင်္ကာ အကြည့်ဖြင့် နားစွင့်နေကြသည်။ တစ်ခါတစ်ရံ ဈေးကိုလိုအပ်တာ ပြေးဝယ်ခိုင်းပြီး ပြန်ရောက်သည်နှင့် ရည်းစားနဲ့ တွေ့လာသေးတယ် မဟုတ်လားဟူ၍ ခိုင်းလည်းခိုင်းသေး မယုံသင်္ကာ စကားလည်း ဆိုတတ်ပြန်သည်။ ကြာတော့လည်း ဖြူစင်ရင်ထဲ ခံပြင်းလာသည်။ အပြစ်ကင်းအောင် နေပါလျက်နှင့် နေ့စဉ် သူတို့ပြောဆိုသော စကားများက လမ်းကြောင်း ပြပေးနေသည့်နှယ် ဖြစ်နေသဖြင့် ရွဲ့ချင်လာသည်။ ရည်းစားမထားပါဘူး ဟုပြောလည်းမရ၊ မယုံကြည်မှုကို သံမှိုစွဲလက်ကိုင်ထားသော ဘကြီးနှင့် ဇနီးတို့က ကလေးတစ်ယောက် စိတ်နှလုံးနှင့် မအပ်စပ်သော စကားလုံးများဖြင့် ထိုးနှက်နေမြဲပင်။
ကြာတော့ စိတ်မှာ မခံစားနိုင်တော့ပေ။ သည်တော့ ဖြစ်ချင်ရာဖြစ်၊ ဖြူစင်ကျောင်းပြေး တတ်လာသည်။ ဖြူစင်၏ ဘဝအကြောင်းကြားသိပြီး သူမဘဝကို နားလည်ပေးနိုင်သည့် ၁၀ တန်းကျောင်းသားနှင့် ခိုးရာလိုက်သွားတော့သည်။ ဘကြီးလင်မယားက ငါတို့ပြောတာ မှန်နေပြီဟူ၍ ဆွေမျိုးများကို ပြောတော့သည်။ အမှန်က ဖြူစင်အပေါ် ယခုလိုဖြစ်မည်ကို စိုးရိမ်ပြီး မဖြစ်အောင်ပြောဆို ဆုံးမခြင်းမှာ နည်းလမ်းမကျသောကြောင့် ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်ကုန်သည်။ သားသမီးအပေါ် ဆုံးမသွန်သင်တတ်ဖို့ လူကြီးမိဘများ ဘက်က နည်းလမ်းလိုအပ်ပါမည်။ (မိမိတို့ ဆုံးမစကား မပြောတတ်မှုကြောင့် တားမြစ်ဆုံးမရာ မရောက်ဘဲ တွန်းပို့ရာ ရောက်နေမလား တွေးတောဝေဖန် ဆန်းစစ်တတ်ရမည်)။ လူငယ်များအပေါ် နားလည်၊ စာနာစိတ် ထားပေးသင့်သည်။ ကိစ္စရပ်တစ်ခုအပေါ် ဆူမည်ကြံတိုင်း သေချာစွာ ဆန်းစစ်စုံစမ်းပြီးမှ သေချာမှဆုံးမသင့်သည်။ ဆုံးမရာတွင် လူငယ်က မှားနေပါကလည်း ကောင်းမွန်သော၊ ဆွေးနွေးသော၊ အပြုသဘောဆောင်သော စကားလုံးများဖြင့် နားလည်အောင် ပြောပြရမည်။
ကိစ္စရပ်တစ်ခုကို အချိန်တိုင်းနင့်နင့် သီးသီးမပြောဆိုကြရန် လိုပါသည်။ မိမိ၏သားပျို၊ သမီးပျိုများ သို့မဟုတ် မိမိအုပ်ထိန်းရသော လူငယ်များအပေါ် လူမှုဆက်ဆံရေးတွင် ရှေးခေတ်ကလို အမြင်ဘောင် ကျဉ်းကျဉ်းမထားသင့်ပေ။ ရှေ့ကဆိုခဲ့သည့် သမီးငယ်များနှင့် ဖြူစင်ကဲ့သို့သော အဖြစ်မျိုးကြုံပြီး ဘဝနာသူများ ရှိကြသကဲ့သို့ ဘဝကို အရှုံးပေးသွားသူများ ရှိကြသည်ကို ကြားရ၊ မြင်ရ၊ သိကြရသည်။ ဤသို့ကြုံလာလျှင် အရှုံးမပေးကြပါနှင့်။ ဘဝကို အရွဲ့မတိုက်မိရန် လိုပါသည်။ မိမိရည်မှန်းချက် အနာဂတ်ခရီးကို အပျက်မခံဘဲ စိတ်ဓာတ်ကြံ့ခိုင်ကာ မှန်မှန်ကန်ကန် လျှောက်လှမ်းစေ ချင်သည်။ ထို့အတူ လူကြီး၊ မိဘ၊ အုပ်ထိန်းသူ များကလည်း လူငယ်များအပေါ် အဆုံးအမ တတ်ကြစေရန် တိုက်တွန်းရေးသား အပ်ပါသည်။
ဟန်သီဇင်
No comments:
Post a Comment