Latest News

Tuesday, July 24, 2018

ထမ့်လုံခွန်နမ့် လိုဏ်ဂူကယ်ဆယ်ရေးတွင်ပါဝင်သည့် ရေငုပ်သမားများကို သြစတြေးလျအစိုးရက ဂုဏ်ပြုဆုများချီးမြှင့်

ထမ့်လုံခွန်နမ့် လိုဏ်ဂူကယ်ဆယ်ရေးတွင်ပါဝင်သည့်
ရေငုပ်သမားများကို သြစတြေးလျအစိုးရက ဂုဏ်ပြုဆုများချီးမြှင့်

ဆစ်ဒနီ ဇူလိုင် ၂၄

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်းပိတ်မိသည့် တောဝက်အမည်ရှိ ဘောလုံးအသင်းမှ လူငယ်ကစားသမား ၁၂ ဦးနှင့်နည်းပြတစ်ဦးတို့ကို ဂူအတွင်းမှကယ်ထုတ်ရာတွင် ပါဝင်ကူညီခဲ့သော ရေငုပ်သမားကိုးဦးကို သြစတြေးလျအစိုးရက
ဇူလိုင် ၂၄ရက်တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုဆုပေးအပ်
ခဲ့ကြောင်းသိရသည်။

သီတင်းပတ်နှစ်ပတ်ကျော်ကြာမြင့်သည့်ကယ်ဆယ်ရေးလုပ်ငန်းတွင် အင်တိုက်အားတိုက်ပါဝင်ကူညီခဲ့သော သြစတြေးလျနိုင်ငံသားများကိုဂုဏ်ပြုရန်အတွက် သြစတြေးလျဝန်ကြီးချုပ်က ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကျင်းပပေးခဲ့ပြီး ၎င်းတို့၏စွမ်းဆောင်ချက်များမှာ အံ့မခန်းသောစွမ်းဆောင်ချက်များဖြစ်ကြောင်း ချီးကျူးစကားပြောသည်။

ထိုင်းအစိုးရ၏ပူးပေါင်းဆောင်ရွက်မှုသည်ကမ္ဘာ့ခေါင်းဆောင်များအတွက် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း သြစတြေးလျနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်လည်းတက်ရောက်သည့် အဆိုပါဂုဏ်ပြုပွဲအခမ်းအနား၌သြစတြေးလျဝန်ကြီးချုပ် မဲကွန်တန်းဘဲကပြောသည်။

ထို့နောက်တွင် သြစတြေးလျဘုရင်ခံချုပ်ပီတာကော့ဂရုက ကယ်ဆယ်ရေးလုပ်ငန်းတွင်အဓိကပါဝင်ခဲ့သော မေ့ဆေးဆရာဝန်ကြီးရစ်ချက်ဟားရစ်နှင့် တိရစ္ဆာန်ဆေးကုဆရာဝန်ဂရေ့ချယ်လန်းတို့ကိုနိုင်ငံတော်အဆင့်ဒုတိယအမြင့်ဆုံးဆုဖြစ်သည့ှ်Star of Courageဆုကို ပေးအပ်သည်။

မေ့ဆေးဆရာဝန်ကြီး ရစ်ချက်ဟားရစ်သည် ကလေးငယ်များနှင့်နည်းပြတို့ကိုဂူအတွင်းတွေ့ရှိပြီးချိန်မှစ၍ ၎င်းတို့နှင့်အတူဂူအတွင်းနေထိုင်ကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးပြီး ပိတ်မိနေသူအားလုံးကိုဂူအတွင်းမှမကယ်ထုတ်မီ မေ့ဆေးပေးခဲ့သူလည်းဖြစ်သည်။ ထို့ပြင် ကလေးငယ်များနှင့်နည်းပြအား ဂူအပြင်သို့ ကယ်ထုတ်နိုင်မည့်နည်းလမ်းကိုလည်း ထိုင်းအာဏာပိုင်များအား အကြံဉာဏ်ပေးခဲ့သူဖြစ်သည်။

ရစ်ချက်ဟားရစ်သည် ပိတ်မိနေသူအားလုံးကိုဂူအပြင်သို့ကယ်ထုတ်ပြီးနောက် ဂူအတွင်းမှနောက်ဆုံးထွက်လာသူလည်းဖြစ်သည်။

ထို့ပြင် ဘုရင်ခံချုပ် ပီတာကော့ဂရုသည်အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းအတွင်းပါဝင်ခဲ့သော ရဲအရာရှိခြောက်ဦးနှင့်ရေတပ်အရာရှိတစ်ဦးတို့ကိုလည်း စွမ်းရည်ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။

ထမ့်လုံခွန်နမ့်လိုဏ်ဂူကယ်ဆယ်ရေးတွင်ပါဝင်သည့် ကယ်ဆယ်ရေးသမားအားလုံးကို အရည်အချင်းရှိသော၊ ထူးခြားသော၊မမောမပန်းသော၊ သတ္တိရှိသောနှင့် မေတ္တာကရုဏာတရားကြီးမားသောသူများအဖြစ်အသိအမှတ်ပြုဂုဏ်ပြုကြောင်း သြစတြေးလျဝန်ကြီးချုပ် မဲကွန်တန်းဘဲက ပြောသည်ဟုသိရသည်။

Ref: The Straits Times
MWD

No comments:

Post a Comment