Latest News

Tuesday, July 24, 2018

ဇွဲကပင်တောင်ထိပ်ဆီသို့ - ဆောင်းပါး



ဇွဲကပင်တောင်ထိပ်ဆီသို့ - ဆောင်းပါး

ကျွန်မသည်  ကရင်ပြည်နယ်  ဘားအံတိုင်းရင်းဆေးရုံတွင် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ကိုယ်မရောက်ဖူးသေးသော    ဒေသဖြစ်သည့်အလျောက် အားလပ်ရက်များတွင် ဘားအံမြို့ကြီး၏ အထင်ကရနေရာများ ဖြစ်သည့်  ကျောက်ကလပ်ဆံတော်ရှင်ဘုရား၊ ရွှေယဉ်မျှော် ဘုရား၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ဘုရင့်ညီဂူစသည်ဖြင့် နေရာစုံ သွားရောက်ပြီး ဘုရားဖူးခြင်း၊ ဒေသ္တရဗဟုသုတများ စူးစမ်း လေ့လာခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဇွဲကပင်တောင်ကြီးကိုဖြင့် အဝေးကသာ ငေးကြည့်နေခဲ့ရသည်။
ဇွဲကပင်တောင် ဗုဒ္ဓပူဇနိယပွဲတော်
တစ်ရက်တွင်မူ အဝေးကသာငေးခဲ့ရသော ထိုတောင်ကြီး ဆီသို့ရောက်ရန် အကြောင်းဖန်လာသည်။ ထိုနေ့က တပေါင်း လဆန်း ၁၄ ရက်နေ့။ ဘားအံ-ထုံးအိုင်လမ်းမကြီးပေါ်တွင် လူများ၊ ကားများ၊ ဆိုင်ကယ်များ ပျားပန်းခပ်မျှ ပေါများလျက် ရှိသည်။ ကရင်ပြည်နယ်၏ကျက်သရေဆောင် ဇွဲကပင်တောင် ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလပြည့်နေ့တွင် ကျင်းပမည် ဖြစ်သောကြောင့်  တောင်ပေါ်ကိုတက်ဖို့ လှုပ်ရှားသွားလာ နေကြခြင်းဖြစ်သည်။ ကျွန်မတို့လည်း သူတို့ကိုအားကျကာ ဇွဲကပင်တောင်တက်ဖို့  လူစုကြပါသည်။
ဇွဲကပင်တောင်တက်မည်ဆိုပြီး လူစုသောအခါ ခြောက် ယောက်စု၍ရပါသည်။ လူစုပြီးသောအခါ လမ်းပေါ်မှ သုံးဘီး ဆိုင်ကယ်ကိုတား၍ ဇွဲကပင်တောင်ခြေဆီ သွားခဲ့ကြသည်။ တောင်ခြေရောက်ဖို့ လူတွေတိုးကြိတ်နေကြသည်မို့  တိုးရင်း ဝှေ့ရင်းနှင့် သွားရသည်မှာ ပျော်စရာကောင်းလှသည်။ ဇွဲကပင် တောင်ထိပ်ဆီ မော့ကြည့်ရသည်မှာလည်း အကြိမ်ကြိမ်ဖြစ် သည်။ တောင်ထိပ်ကိုမော့ကြည့်မိတိုင်း တောင်ထိပ်ပေါ်ရောက် အောင်တက်နိုင်သူများကို လေးစားအားကျမိသည်။ ဘဝခရီး လမ်းကိုလျှောက်လှမ်းရာတွင်လည်း အပေါ်ကိုမော့ကြည့်ပြီး သင်ခန်းစာယူတတ်ဖို့  လိုအပ်ပါသည်။
ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် ၇ မိုင် အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၄ ပေမြင့်ပြီး တောင်နှင့်မြောက် မိုင် ၂ဝခန့် မျှ သွယ်တန်းရှည်လျားသည်။ ဇွဲကပင်တောင်ကို သက်သက်လွတ်နယ်မြေအဖြစ် ၁၃၅၁ ခုနှစ် တပို့တွဲလပြည့်နေ့မှစ၍ သတ်မှတ်ခဲ့သည်။ ဇွဲကပင်ဆံတော်ရှင် စေတီတော်သည် ကျိုက်ထီးရိုးစေတီ၊ ဇင်းကျိုက်စေတီ၊ မုလအိ စေတီတို့၏ သမိုင်းကြောင်းနှင့် ခေတ်ပြိုင်ဖြစ်သည်။ ''လုဒ္ဓ ယောဓရာဇာ''ကရင်မင်းသည် ဇွဲကပင်တောင်ခြေရှိ ပအာဝန နေပြည်တော်ကို  စိုးစံအုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
ထိုမင်းလက်ထက်တွင် သုဓမ္မဝတီမြို့သို့ မြတ်စွာဘုရားရှင် သည် ရဟ္တာ ၅ဝဝ နှင့်ြ<ွကတော်မူပြီး ဆံတော်ရှင်ခြောက်ဆူကို စွန့်တော်မူခဲ့သည်။ ထိုဆံတော်ရှင် ခြောက်ဆူမှ တစ်ဆူကို သီဟကုမာရရသေ့က မိမိသီတင်းသုံးတော်မူသော ဗန္ဓဝဂီရိ တောင်ထိပ်အစွန်းတွင် စေတီတည်၍ ဋ္ဌာပနာသွင်းတော်မူပြီး စေတီတော်အား ဗန္ဓဝဂီရိဇွဲကပင်စေတီဟု ဘွဲ့တော်သမုတ် ခဲ့သည်။ အချိန်ကား မဟာသက္ကရာဇ် ၁၁၃ ခုနှစ်တွင်ဖြစ်သည်။ ကျန်ဆံတော်ရှင် ငါးဆူအား ကျိုက်ထီးရိုးတောင်စေတီတွင် သုံးဆူ၊ ဇင်းကျိုက်တောင်စေတီတွင်  တစ်ဆူ၊  ကေလာသ တောင်စေတီတွင် တစ်ဆူ     ဋ္ဌာပနာပြုပြီးပူဇော်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ဇွဲကပင်အမည်
ဇွဲကပင်တောင်ကို ရှေးအခါက အမည်အမျိုးမျိုးဖြင့် ခေါ်တွင် ခဲ့ကြပါသည်။ လုဒ္ဓယောဓမင်း တောကစားထွက်စဉ် လှံတော် ပျောက်ခဲ့သောကြောင့် ကရင်ဘာသာအားဖြင့် ဇွဲကပင်ဟု လည်းကောင်း၊ ရှေးအခါက နိုင်ငံရပ်ခြားမှလာသော လှေ၊ သင်္ဘောတို့ကို ထိုတောင်၏အထွတ်၌ ကပ်ချည်တွဲထားတတ် သောကြောင့် တလိုင်းကရင်များက ''ဒိုကရွယ် ကဗန်း''ဟု လည်းကောင်း၊ ထိုတောင်တွင် ညောင်ချဉ်ပင်များ ပေါများ သောကြောင့် မွန်လူမျိုးတို့က ညောင်ချဉ်ပင်တောင် ''ဇဝယ် ကဗန်''ဟုလည်းကောင်း ခေါ်တွင်ကြသည်ဟု သိရသည်။ ဤသည်မှာ ဇွဲကပင်တောင်၏ သမိုင်းအကျဉ်းဖြစ်သည်။
လုမ္ဗိနီဥယျာဉ်နှင့် အင်ကြင်းတစ်ထောင်ကျောင်း
ဇွဲကပင်တောင်ခြေတွင် လုမ္ဗိနီဥယျာဉ်ရှိသည်။ ထိုဥယျာဉ် အတွင်း  ဗုဒ္ဓရုပ်ပွားတော် ၁ဝဝဝ ကျော်ရှိသည့် လုမ္ဗိနီအင်ကြင်း တစ်ထောင်ကျောင်းမှာလည်း ထင်ရှားသည်။ ထိုဥယျာဉ်၏ လမ်းဘေးတစ်လျှောက်တွင် အရုပ်ဆိုင်များ၊ မုန့်ဆိုင်များ၊ အိမ် သုံးပစ္စည်းရောင်းသည့်ဆိုင်များ ပေါများလှသည်။ ထိုလုမ္ဗိနီ ဥယျာဉ်မှ တောင်ခြေရောက်ဖို့  မနည်းတိုးဝှေ့ပြီး လမ်းလျှောက် ရသည်။ လူတွေများလွန်းလှသဖြင့် ဇွဲကပင်တောင်တက်မည်ဟူ သောစကားကို  စလိုက်မိတာ  မှားများမှားပြီလားဟု ထင် လိုက်မိပါသည်။ ကျွန်မတို့သည် ည  ၇ နာရီတွင်မှ တောင်ခြေ ဆီရောက်ရှိသည်။ စတက်တော့မည့်အချိန်တွင် ''ငါတက်မှ တက်နိုင်ပါ့မလား''ဟူသော သံသယစိတ်ဝင်မိပါသည်။
သို့ပေမယ့် တောင်ထိပ်ကိုမရောက်ရောက်အောင်တက် မည်ဆိုပြီး အဓိဋ္ဌာန်ကို ချမှတ်လိုက်ပါသည်။ ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဖြည်းဖြည်းချင်းတက်ခဲ့သည်။ ကျွန်မ၏အလေး ချိန်သည် ပေါင် ၁၅ဝ နီးပါးရှိသည့်အတွက်  ငါးမိနစ်လောက် တစ်ခါတက်ပြီး တစ်ခါနားနေရသည်။ အတူတက်သူများကို အားနာသဖြင့် မစောင့်ဘဲ ရှေ့ကိုဆက်တက်ခိုင်းလိုက်သည်။ ''ကိုယ်မတက်နိုင်သေးသည်ကို ကိုယ့်ကိုစောင့်ပါဦး''ဆိုပြီး မည်သူ့ကိုမှ မိမိကြောင့် ဝန်မပိုစေလိုသောကြောင့်ဖြစ်သည်။
တောင်တက်ခြင်းနှင့် ဘဝခရီး
ထိုသို့ အနားယူနေချိန်တွင် တောင်ပေါ်မှဆင်းလာသူများက ''အားမလျှော့နဲ့ ...တက်တက်''ဆိုပြီး အားပေးသူများရှိသကဲ့ သို့  ''အဝေးကြီးလိုသေးတယ် ...ခုမှအစရှိသေးတယ်''ဟု စိတ် ဓာတ်ကျအောင်ပြောဆိုသူများလည်း ရှိသည်။ ဘဝသည် လည်း တောင်တက်ခြင်းနှင့်တူပါသည်။ ဘဝခရီးလမ်းကို လျှောက်လှမ်းရာတွင်လည်း မိမိလျှောက်လှမ်းရာလမ်းတွင် ဖေးမကူညီသူများရှိနိုင်သကဲ့သို့ ပိတ်ဆို့တားမြစ်နေသူများ လည်း ရှိနိုင်သည်။ အမှန်တကယ်အားဖြင့် ထိုသူနှစ်မျိုးလုံး သည် ကျေးဇူးတင်ထိုက်သူများဖြစ်ကြသည်။ မိမိကိုဖေးမ ကူညီသူများ၏ အားပေးသံများကြောင့်  ခွန်အားများရရှိသည်။ ထို့အတူ ''အဝေးကြီးလိုသေးတယ် ...ခုမှအစရှိသေးတယ် ''ဟု ပြောသူများသည်လည်း မိမိ၏အားနည်းချက်များကို ထောက်ပြပေးရင်း ခွန်အားများခိုင်မြဲစေသူမို့ ကျေးဇူးတင်ဖို့ လိုပါသည်။ ဖြောင့်တမ်းသောဘဝခရီးကိုလျှောက်လှမ်းနိုင်ဖို့ ပန်းတိုင်ကိုရောက်ဖို့အတွက် တခြားသူများ၏စကားများထက် မိမိရင်ထဲက ခိုင်မာသောယုံကြည်မှုများသည် ထုထည်ကြီးကြီး မားမားဖြင့် တည်တံ့နေဖို့သာ လိုအပ်ပါသည်။
တဖြည်းဖြည်းတက်လာရာမှ   အထက်ရေတံခွန်ဆိုသော ဇွဲကပင်တောင်တက်ခရီး၏ ငါးပုံတစ်ပုံခန့်ကို ရောက်လာခဲ့ သည်။ ထိုနေရာရောက်သောအခါ ''ငါသည်လောက်ခရီးကို တက်နိုင်ပြီ''ဆိုသော  ဝမ်းသာစိတ်ဖြင့်   ပီတိဖြစ်မိသည်။ တောင်တက်ရာတွင်ထားရှိရမည့် အဖော်သုံးဦးရှိပါသည်။ ထို အဖော်များမှာ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြစ်သည်။ အဖော်သုံးဦးနှင့် အတူ မိမိရင်ထဲမှာ ခိုင်မာသောယုံကြည်မှုများ တည်တံ့နေလျှင် ဘယ်တောင်ထိပ်ကိုမဆို ရောက်ရှိနိုင်မည်ဖြစ်သည်။
ဇွဲကပင်တောင်တက်ခြင်းမှာ ဘဝတွင် ပထမဦးဆုံး တောင် တက်ခြင်းဖြစ်သည့်အတွက် အလွန်ပင်ပန်းလှသည်။ ချွေးများ ကလည်း  တစ်ကိုယ်လုံးစိုရွဲနေသည်။ ညအချိန်တွင်တက် သည်ဖြစ်သောကြောင့် တောင်အောက်ကိုကြည့်သောအခါ ရွေ့လျားနေသော ကားမီးရောင်များ၊ မှုန်ဝါးနေသောပုံရိပ် များကို မြင်တွေ့ရသည်။ တောင်ပေါ်ကိုမော့ကြည့်လိုက်သော အခါ တစ်လောကလုံးကို အလင်းပေးနေသော ဖိုးလမင်းကြီး က ''အားမလျှော့နှင့်''ဟုဆို၍ အားပေးနေသကဲ့သို့ ခံစား သက်ဝင်မိသည်။
ကရင်တိုင်းရင်းသားတို့၏စိတ်ထား
တောင်တက်သောသူများ ပေါများလွန်းလှသဖြင့် တစ် ယောက်နှင့်တစ်ယောက် ထိမိနေကြပါသည်။ သူစိမ်းများနှင့် ထိတွေ့ရသဖြင့် အနည်းငယ်ကြောက်စိတ်ဝင်မိသည်။ သို့သော် ကျွန်မအထင်နှင့်အမြင်သည် မှားယွင်းနေသည်ကို တွေ့ရ သည်။  ရိုးသားလှသော   ကရင်လူမျိုးများသည်  သူစိမ်း မိန်းကလေးများအပေါ်  အခွင့်အရေးယူဖို့  နေနေသာသာ ကျွန်မလဲကျမလိုဖြစ်တိုင်း ဖေးမကူညီလိုသော စိတ်နှလုံးသား များဖြင့် လက်တွဲကူညီ ခေါ်ယူပေးကြသည်။  ကရင်လူမျိုးတို့၏ ချစ်စရာကောင်းသော စိတ်ထားလေးတစ်ခုဖြစ်သည်။
တရွေ့ရွေ့တက်ရင်းဖြင့် ဇွဲကပင်တောင်ထိပ်ကို အနီးကပ် မြင်နိုင်သောနေရာကို ရောက်ရှိလာခဲ့ပါသည်။ ထိုအချိန်တွင် အတူတက်ခဲ့သူ အဖော်များဆီက တောင်ထိပ်ရောက်ပြီဟု ဖုန်းဝင်လာခဲ့ပါသည်။ သူတို့ကလည်း ဝသောကိုယ့်ကို အား ပေးခဲ့ကြသည်။ ဖြည်းဖြည်းတက်ခဲ့ ဘုရားဖူးရင်းစောင့်မည်ဟု ဖေးမကြသည်။ ဤသို့ဖြင့် တရွေ့ရွေ့ဆက်တက်ရင်းမှ ဖိနပ် ပြတ်သွားခဲ့သည်။   ဖိနပ်တစ်ဖက်ပြတ်သွားသောကြောင့် လမ်းခရီးတွင် ထပ်မံခရီးဖင့်ခဲ့ရသည်။
ဖိနပ်တစ်ဖက်မပါဘဲ တက်ရသည့်အချိန်တွင် လွန်စွာမှ ပင်ပန်းလှသည်။  ပျော်နေသောစိတ်လည်း  အနည်းငယ်ရှုပ် ထွေးသွားသည်။ ထိုအချိန်တွင် လမ်းတွင်တွေ့သူ အစ်ကို တစ်ယောက်က ''ညီမလေး ဖိနပ်ယူသွား''ဆိုပြီး သူ၏ဖိနပ်ကို ချွတ်ပေးပါသည်။ မယူပါဘူးဟုငြင်းဆို၍လည်း မရပါ။ ''ညီမ က တောင်ပေါ်ထိတက်ရဦးမှာ အစ်ကိုကအဆင်းပဲ ကျန်တော့ တယ်လေ''ဟု သူက ဆိုသည်။ သူသည်လည်း ကရင်လူမျိုးဖြစ် ပါသည်။ ကျွန်မ၏ငြင်းဆိုချက်ကို ချေပခဲ့သော သူ၏စကားကို ဇွဲကပင်တောင်ဆိုသော အသံကြားမိတိုင်း ပြန်လည်သတိရ ကျေးဇူးတင်နေမိသည်။ မိမိအခက်အခဲကိုမေ့ကာ အခက်အခဲ တွေ့နေသူတစ်ဦးအပေါ်  အားပေးကူညီတတ်သောစိတ်ဓာတ် မို့ အထူးလေးစားမိသည်။  ထိုသို့  အတုယူဖွယ်စိတ်ထားကို ကိုယ်တိုင်လည်းကျင့်သုံးဖို့  လက်ဆောင်ယူခဲ့သည်။ ကျေးဇူး တင်ကြောင်းပြောပြီး တောင်ပေါ်သို့ ဆက်တက်ခဲ့သည်။
တောင်ထိပ်ဆီသို့
ကျွန်မ တောင်ပေါ်ကိုတက်လာသည်မှာ ငါးနာရီနီးပါးရှိပြီ ဖြစ်သည်။ ဝသောကျွန်မအတွက် လမ်းတွင် တောင်တက်သူ အချင်းချင်း၏အကြည့်များက   တက်နိုင်သားပဲဟူသော အကြည့်များ၊ အချို့က တက်နိုင်ပါ့မလားဆိုသော သံသယ အကြည့်များနှင့် အကြည့်ခံခဲ့ရသည်။ တောင်ကြီးဖဝါးအောက်။ မည်သို့  မြင့်မားသောတောင်ပဲဖြစ်ပါစေ၊  လူများ၏ခြေဖဝါး အောက်တွင်သာရှိသည်ဟု ကျွန်မလက်ခံကျင့်သုံးခဲ့သည်။ မလျှော့သောဇွဲများဖြင့် ချွေးဒီးဒီးကျ၍တောင်တက်ခဲ့ရာ ည ၁၂ နာရီတွင် တောင်ထိပ်ပေါ်က ဆံတော်ရှင်စေတီဆီ ရောက် သွားခဲ့သည်။ ဘုရားပေါ် တွင် ဘုရားဝတ်ပြုနေသူများ၊ စား သောက်ဆိုင်များတွင် စားသောက်နေသူများဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။
ကျွန်မလည်း မြတ်စွာဘုရား၏ဆံတော်ရှင်ကို ဦးထိပ်တင် ရှိခိုးကန်တော့ပြီး ကရင်ပြည်နယ်ကိုရောက်လာသော အညာ သူ တိုင်းရင်းဆေးဆရာမတစ်ယောက်အနေဖြင့် လူနာများ အပေါ် တာဝန်ကျေပွန်သောသူဖြစ်အောင် ကြိုးစားမည်ဖြစ် ကြောင်း အဓိဋ္ဌာန်ပြုပြီး ၃၁ ဘုံရှိ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ ကို မေတ္တာပို့ဆုတောင်းပေးခဲ့သည်။
တောင်ထိပ်မှ ဘေးကိုကြည့်သောအခါ စိမ်းစိုနေသော သစ်တော၊ တောင်တန်းများကြောင့် ပင်ပန်းခဲ့သမျှ အမောပြေ ခဲ့သည်။ လတ်ဆတ်အေးမြသော လေနုအေးများကြောင့် အကြံÓဏ်သစ်များ၊ စိတ်ကူးသစ်များကို ရရှိခဲ့သည်။ တောင် ထိပ်ရောက်သည့်အခါ  ထုံးစံအတိုင်း  တောင်အောက်သို့ ငုံ့ကြည့်မိသည်။ မြူခိုးတွေဝေနေသော တောင်တန်းတွေကို မြင်ရသည့်အတွက် ဘာကိုလွမ်းရမှန်းမသိ ဖြစ်သွားပါသည်။ တောင်ထိပ်မှ တောင်အောက်ကို ငုံ့ကြည့်သကဲ့သို့ ဘဝခရီး လမ်းလျှောက်လှမ်းရာတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရ သည့်အချိန်တွင်လည်း မိမိကိုယ်ကိုယ်ဖြေသာဖို့ အောက်သို့ ငုံ့ကြည့်တတ်ရန် လိုအပ်လှပါသည်။
အဆင်းခရီး
တောင်ထိပ်ပေါ်တွင် ၃ နာရီခန့် နေပြီးသောအခါ တောင် အောက်သို့ ဆင်းခဲ့ကြသည်။ တောင်အောက်သို့ဆင်းရာတွင် လည်း ဒူးများတုန်နေသောကြောင့် ဖြည်းဖြည်းချင်း နားဆင်း ရပါသည်။ အဆင်းလမ်းနှင့် အတက်လမ်းသည် တစ်လမ်းတည်း ဖြစ်နေသောကြောင့် အတက်သမားများကို ဦးစားပေးတက် စေခဲ့သည်။ ကရင်လူငယ်များက  သူတို့၏မိဘများကို ချီပိုးပြီး တောင်တက်နေသည်ကိုမြင်မိတော့    စိတ်ကြည်နူးမှုများ များစွာဖြစ်ပေါ်ခဲ့ပါသည်။ ကရင်လူမျိုးတို့၏ လူကြီးသူမများ အပေါ်ထားရှိသော ကြင်နာမှုများကို ထပ်မံတွေ့ရှိခဲ့ရသဖြင့် ပိုပြီးလေးစားခဲ့ရသည်။ ကျွန်မ၏အဆင်းလမ်းတွင် တွေ့ရသော အတက်သမားများကို ကျွန်မခံစားခဲ့ရသော စိတ်ဓာတ်ကျခြင်း များမဖြစ်စေရန်အတွက် ''တက်တက်...ရောက်တော့မယ်''ဟုသာ  ပြုံးပြ၍ အားပေးခဲ့ပါသည်။
အဆင်းလမ်းတစ်လျှောက်တွင် ဒူးတုန်နေသဖြင့် မိမိရှေ့မှ တွေ့ရာလူများ၏ ပခုံးများ၊ လက်များကို ဆွဲကိုင်ပြီး ဆင်းခဲ့ရ သည်။ မည်သူကမှ မကိုင်နဲ့ဟု ငြင်းဆိုခြင်းမရှိဘဲ တောင်တက် သူအချင်းချင်း ခင်မင်ရင်းနှီးသော၊ စည်းလုံးညီညွတ်သော စိတ် များဖြင့် ''ရလားအစ်မရေ ...ပခုံးကို ကိုင်ထားပါ ...အားမနာ နဲ့ ''စသည်ဖြင့် အားလုံးက ဖေးမခဲ့ကြသည်။  ဖြည်းဖြည်းချင်း တက်ပြီး ဖြည်းဖြည်းချင်းပြန်ဆင်းလာခဲ့ရာ နံနက် ၆ နာရီတွင် တောင်ခြေသို့  ပြန်ရောက်ခဲ့သည်။
မိတ်ဆွေကောင်းများစွာ
တောင်အောက်ရောက်သောအခါ တောင်ထိပ်ကို မော့ ကြည့်ချင်စိတ်မရှိလောက်အောင် ပင်ပန်းခဲ့သည်။ ဇွဲကပင် ထောင်ထိပ်ဆီ တက်နိုင်ခဲ့ခြင်းမှာ ကျွန်မ၏ ရောက်ကိုရောက် ရမည်ဆိုသော ယုံကြည်ချက်ခိုင်မာမှု၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့်အတူ လမ်းခရီးတစ်လျှောက်တွင် ကူညီခဲ့သူများ ၏ကျေးဇူးကြောင့် ဖြစ်ပါသည်။ ဘဝခရီးတွင်လည်း ကျွန်မ တောင်တက်ရာတွင် ကူညီဖေးမခဲ့သော မိတ်ဆွေများကဲ့သို့  မိတ်ဆွေကောင်းများစွာ လိုအပ်ပါသည်။ မိတ်ကောင်းဆွေ ကောင်းများနှင့်သွားသောခရီးသည် မည်သည့်အရာနှင့်မှ အဖိုးမဖြတ်နိုင်ပါ။
တောင်တက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည်။ သဘာဝတောတောင်ရေမြေကို ခံစားနိုင်ခြင်း ကြောင့်   လူကိုနုပျိုလန်းဆန်းစေသည်။  တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ဖေးမကူညီရင်း စည်းလုံးညီညွတ် မှုများကို ရရှိစေနိုင်သည့်အပြင် ပန်းတိုင်အထိသွားနိုင်စေဖို့ ခွန်အားသစ်တွေလည်း ရရှိနိုင်သည်။ ကျွန်မကတော့ တောင် တက်ခြင်းသည် မိမိကိုယ်ကိုယ်ရှာဖွေသောအလုပ်ဖြစ်သည်ဟု ခံယူထားသည်။   မိမိကိုယ်ကို   အောင်နိုင်ခြင်း၊ မိမိ၏အတွင်းစိတ်ကိုအောင်နိုင်ခြင်းပင် ဖြစ်သည်။ စာရေးဆရာ ဂရေဟမ်ဂရင်းက  မိမိကိုယ်ကို  လွတ်မြောက်တတ်စေဖို့လို ကြောင်း ပြောဖူးသည်။ မိမိကိုယ်ကို  လွတ်မြောက်ခြင်းကို တောင်တက်ခြင်းဆီမှရနိုင်သည်ဟု ယူဆမိပါသည်။
တောင်တက်ခြင်းဖြင့်ရရှိနိုင်သော  ကျန်းမာရေးအကျိုး ကျေးဇူးများမှာ နှလုံးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုများ လျော့ ကျစေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ြ<ွကက်သား များကိုသန်မာစေခြင်း၊  အရိုးပွရောဂါများမှ  ကာကွယ်ခြင်း၊ သွေးပေါင်များလျော့ကျစေခြင်း၊ စိတ်ကျရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း စသည်တို့ဖြစ်သည်။
ကျွန်မအတွက်တော့ ဇွဲကပင်တောင်ထိပ်ဆီတက်ခဲ့ခြင်း သည် မေ့မရသော ဘဝမှတ်တိုင်တစ်ခုအဖြစ် ရှိနေမည်ဖြစ် သည်။ ကရင်လူမျိုးတို့၏ ခင်မင်မှု၊ ချစ်စရာကောင်းသော ရိုင်း ပင်းကူညီမှုများ၊  ရိုးရာဓလေ့များ၊  ကရင်လူမျိုးတို့၏  လူနေမှု အဖွဲ့အစည်းပုံစံများ၊  သဘာဝတောတောင်များ၊  မတွေ့ဖူး သော ဆေးဖက်ဝင်အပင်များကို တွေ့ခဲ့ရသည့် ဇွဲကပင်တောင် တက်ခြင်းကိုဖြင့် ဘယ်တော့မှ မေ့နိုင်မည်လည်းမဟုတ်ပါ။ မိတ်ဆွေများကိုလည်း ကရင်ပြည်နယ်၏ ဇွဲကပင်တောင်ထိပ်ဆီ အလည်တစ်ခေါက်အရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ။     ။

မုဒိတာ(တောင်သာ)

No comments:

Post a Comment