Latest News

Monday, July 16, 2018

ဗိုလ်ချုပ်မိန့်မှာစကား မှတ်သားလိုက်နာ ကြစေချင်

ဗိုလ်ချုပ်မိန့်မှာစကား မှတ်သား
လိုက်နာ ကြစေချင်

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် သမိုင်းဝင် အမျိုးသားရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနှင့် မမေ့အပ်သော မျိုးချစ်ပုဂ္ဂိုလ်များ၏ အမှတ်တရနေ့များ ရှိကြသည်။ အလားတူပင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်လည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ စသည်ဖြင့် ဂုဏ်ယူဖွယ် အမှတ်တရ နေ့ရက်များရှိသည်။ မျိုးချစ်အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်တရ ဂါရဝပြုကြသည့် ဇူလိုင် ၁၉ ရက် အာဇာနည် နေ့ဟူ၍လည်းရှိသည်။ အာဇာနည်ဆိုသည်မှာ ပါဠိဝေါဟာရ အာဇာနေယျမှ ဆင်းသက်လာခြင်း ဖြစ်ပြီး မြန်မာတို့က အာဇာနည်ဟု မြန်မာမှုပြု၍ ခေါ်ဝေါ်နေခြင်းဖြစ်သည်။ မြန်မာအဘိဓာန်၌ အကြောင်းဟုတ် မဟုတ်ကိုကောင်းစွာ သိသောသူ၊ သာမန်လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူဟု ဖော်ပြထားပါသည်။

အာဇာနည် ပုဂ္ဂိုလ်တို့သည် ကိုယ်ကျိုးမဖက် အနစ်နာခံခြင်း၊ အမျိုးဘာသာ သာသနာအတွက် စွန့်လွှတ်အနစ်နာခံခြင်း၊ တိုင်းပြည်အတွက် အရိုးကြေကြေ အရေခန်းခန်း အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခြင်း၊ အမှန်တရားအတွက် လူထုရှေ့ထွက်၍ မားမားမတ်မတ် ရပ်တည်ပေးခြင်း၊ တာဝန်ခံပေးခြင်း၊ အရာရာကို လမ်းညွှန်ပြသ ဦးဆောင်နိုင်ခြင်း၊ ပြည်သူလူထု၏ အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ စည်းကမ်းလိုက်နာခြင်း အရည်အချင်းများနှင့် ပြည့်စုံကြပေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် (မြန်မာသက္ကရာဇ် ၁၃၀၉ ခု ဝါခေါင်လဆန်း ၂ ရက်)စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နယ်ချဲ့အလိုတော်ရိ သစ္စာဖောက် မသမာသူတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အာဇာနည် ကိုးဦးတို့သည် ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသော အာဇာနည် ပုဂ္ဂိုလ်ကြီးများပင် ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေး ဆပ်ကြသူများ၊ အများအကျိုးသယ်ပိုး ကြသူများသည် လူပင်သေသော်လည်း နာမည်မသေသူများ ဖြစ်ကြ၍ အချိန်ကာလ မည်မျှကြာမြင့်သည့် တိုင်အောင် တိုင်းပြည်နှင့် ပြည်သူလူထုက မမေ့နိုင်ကြပေ။ အမြဲသတိရလျက် လွမ်းဆွတ်၊ တမ်းတနေကြမည်သာ ဖြစ်ပေသည်။ အထူးသဖြင့် နိုင်ငံတော် လွတ်လပ်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများကို ပို၍အမှတ်ထင်ထင် ရှိနေကြသည်။ မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၇၁)နှစ် ပြည့်မြောက်မည် ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ အနက် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အသွေး၊ စိတ်ဓာတ်၊ ကြိုးပမ်းမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ သတ္တိ ထူးတို့သည်ကား နိုင်ငံ့တာဝန် ယူနေကြဆဲ၊ ဆက်၍တာဝန်ယူကြဦးမည့် မျိုးဆက်သစ်များ အတွက် စံနမူနာ ပြလျက်ရှိသည်။ တိုင်းပြည်နှင့်လူမျိုး အကျိုးဖြစ်ထွန်းစေမည့် အတွေးမှန်၊ အမြင်မှန်၊ လမ်းကြောင်းမှန်ကို လမ်းပြနေဆဲလည်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး အတွက် လက်ရုံးရည်၊ နှလုံးရည်တို့ဖြင့် ခေါင်းဆောင်ခဲ့သူ ဗိုလ်ချုပ်သည် နိုင်ငံရေးအပြင် စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး တို့တွင်လည်း ကျွမ်းကျင်သူဖြစ်သည်။ သက်ရှိထင်ရှားရှိစဉ်က ပြောကြားခဲ့သော မိန့်ခွန်းများကို ကြည့်လျှင် ကာကွယ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံပြန်လည် ထူထောင်ရေးတို့အတွက် ဆောင်ရွက်သင့်သည်များကို အမြော်အမြင်ရှိရှိ သုံးသပ်မိန့်ကြားထားသည်များကို တွေ့နိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကို ပြန်လည်ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာကြီးလည်း ဖြစ်သည်။ မြန်မာပြည်သူ တစ်ရပ်လုံး လေးစားကြည်ညိုအပ်သော အမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်တို့ခေတ်၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး အတွေ့အကြုံ၊ နိုင်ငံအုပ်ချုပ်ရေး အတွေ့အကြုံ၊ ဥာဏ်ပညာ အရည်အချင်းနှင့် ပြည့်စုံသူ ခေါင်းဆောင်များစွာ ရှိခဲ့ပါသည်။ သို့သော် ထိုစဉ်က နိုင်ငံ၏ အခြေအနေ၊ ပြည်သူတို့၏ အခြေအနေ၊ ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်တွင် အံဝင်ခွင်ကျဖြစ်အောင် စွန့်စားရမည့် အရေးကား ဗိုလ်ချုပ်တို့လူစုကို မည်သူမျှမမီပါ။ အတိုဆုံးစကားကို ဆိုရပါလျှင် မဖြစ်နိုင်သည်များကို ဖြစ်အောင် လုပ်သွားခြင်းကို ဆိုလိုပါသည်။ လုပ်ရိုးလုပ်စဉ်ကြိုးစားခြင်း၊ စွန့်စားခြင်းမျိုး မဟုတ်ပါ။ နေမဝင် အင်ပါယာ အရှင်သခင်ကို လူငယ်တစ်စုက အန်တုရင်ဆိုင်ရန်နှင့် မသိမကျွမ်းသည့် တိုင်းတစ်ပါးထံမှ လက်နက်အကူအညီ သွားတောင်းခြင်းမှာ သွားရသည်မှာလည်း လမ်းမမြင်၊ ကမ်းမမြင် စွန့်စားရသည့်လမ်း။

 မည်သူတွေကရော ယုံကြည်ကြမည်နည်း။ ဖြစ်နိုင်သည့် အလုပ်ဟု မည်သူကရော ယူဆပါမည်နည်း။ ထို့ကြောင့်ပင် ဗိုလ်ချုပ်တို့ လူစုထဲမှ ဦးကျော်ငြိမ်းက သာမန်လူတွေ မလုပ်တဲ့ ရူးတဲ့အလုပ်ကို တို့လုပ်ခဲ့ကြတယ်ဟု ဆိုခဲ့ပါသည်။ ဗိုလ်ချုပ်တို့ လူစုသည် ဘာပဲလုပ်လုပ် သူတို့လုပ်သမျှကိုမူ အမြဲတိုင်ပင်၍ စွန့်စားခဲ့ကြသည်။ သူတို့လုပ်ငန်း တစ်လျှောက်တွင် အသက်အန္တရာယ်ပေါင်း များစွာနှင့်လည်း ကြုံရသည်။ သို့သော် စွမ်းရည်သတ္တိ ရှိကြသည်။ ဗိုလ်ချုပ်တို့ လူစုလွတ်လပ်ရေး ရသည်အထိ အောင်မြင်ခဲ့ပါသည်။ ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်အကောင်အထည် ဖော်နေချိန်ဖြစ်သည်။ ဒီမိုကရေစီနှင့် ပတ်သက်၍ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် မေ ၁၉ ရက်နေ့က ကျင်းပသော ပဏာမ ညီလာခံ၌ “ဒီမိုကရေစီဆိုတာ ဘယ်လိုအင်္ဂါရပ်မျိုးနဲ့ ညီညွတ်ရမလဲ။ အဲဒီလိုကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျုပ်တို့ဘယ်လို တည်ဆောက်ရမလဲ။ ချက်ချင်းဖြစ်မလား။ ဘယ်လောက်ကြာမလဲ။

ဘယ်နည်း အကောင်းဆုံးလည်း ဆိုတာတွေကို အခုကျုပ်တို့ တိုင်းပြည်တည်ဆောက်ရမယ့် အခါ အထူး စဉ်းစားရမယ့် အချက်တွေပဲ။ နိုင်ငံရေးဟာ စီးပွားရေး အခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကလည်း စီးပွားရေး သဘောတရားတွေနဲ့ ကင်းလို့မဖြစ်နိုင်ဘူး” ဟု မိန့်ကြားခဲ့သည်။ နိုင်ငံစည်းလုံး ညီညွတ်ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ် ဩဂုတ်လအတွင်း ကျင်းပခဲ့သော ခေါင်းဆောင်များ အစည်းအဝေး၌ “ကျွန်တော်တို့ မြန်မာပြည်ရဲ့ အရေးဟာ မြန်မာပြည်သူပြည်သားတွေ ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့ လုပ်တတ်မယ် လုပ်မယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ကျွန်တော်ခေါင်းဆောင်တဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းပြည်မှာ ညီညွတ်ရေးဟာ အခုအဓိက လုပ်ငန်းပဲ” ဟု မိန့်ကြားခဲ့သည်။ လူတိုင်းလူတိုင်း ကြိုးစားအားထုတ် အလုပ်လုပ်ကြရန် ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့က ကျင်းပခဲ့သော ဖဆပလ ပြည်လုံးကျွတ် ညီလာခံ၌ “လူဆိုတာ ဖန်တီးနိုင်တဲ့ သတ္တိရှိတယ်၊ ခွန်အားရှိတယ်၊ ဘာပဲဖြစ်ဖြစ် ကမ္ဘာလောကကြီးမှာ ဖြစ်နေတဲ့ သဘာဝတရားတွေ၊ လူကနောက်ဆုံးမှာ လွှမ်းမိုးရမယ်၊ တောင်ကြီးပေမယ့်လို့ ဖဝါးအောက်ရောက်တယ်၊ အဲဒီလိုပဲ ဘယ်လောက်အပြန့်ကျယ်တဲ့ သမုဒ္ဒရာကြီးတွေတောင်မှ လူရဲ့ဥာဏ်နဲ့ဖန်တီးလိုက်တဲ့ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ကူးပြီး သွားလာနိုင်အောင် လူတွေဟာ ဖန်တီးလာခဲ့ကြတယ်။

ဘာသာတရားအရ ပြောမယ်ဆိုရင် လူကမှ ဘုရားဖြစ်နိုင်တယ်။ ဒီတော့ လူမှာဖန်တီးနိုင်တဲ့ အစွမ်းသတ္တိရှိတယ်” ဟု မိန့်ကြားခဲ့သည်။ “ညီညွတ်ရေးဆိုတာ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ တစ်တိုင်းပြည်လုံး၊ လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့ အကျိုး၊ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ်၊ တိုင်းသူ ပြည်သားတွေရအောင်၊ တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်က ညီညွတ်ချင်ပါတယ်လို့ ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်” ဟု ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင်ကျင်းပသော ဖဆပလ ပြည်လုံးကျွတ် ညီလာခံ သဘင်ကြီး၌ ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ပေသည်။

 “ဒီမိုကရေစီ ဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒီမိုကရေစီ ဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီမိုကရေစီဝါဒကို ကျွန်တော်တို့ ရည်ရွယ်ရမယ်” ဟု ၁၉၄၅ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့သော ပင်လုံညီလာခံ၌ “တစ်တိုင်းတစ်ပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်ပါမှ အကျိုးခံစားခွင့် ရှိကြမှာပဲ၊ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့ကတခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်မှာလည်း အထူးမှတ်သားဖွယ်ရာ ကောင်းလှပေသည်။ “ကမ္ဘာဇာတ်ခုံကြီးမှ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။

ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားကြပါစို့။ ယခုလက်ဝယ်ရှိတဲ့ လုပ်ငန်းတာဝန်အလိုက် ကျွန်တော်တို့ အလုပ်လုပ်ကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေး သမားရော၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ဗမာတစ်မျိုးလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင်လုပ်ကိုင် ကြပါစို့” ဟု ၁၉၄၉ ခုနှစ် အိုးဝေမဂ္ဂဇင်းတွင် ဖော်ပြသော ဗိုလ်ချုပ်အောင်ဆန်း၏ အောင်မြင်ဆန်းသစ်သော အတွေးအခေါ်များမှ ကောက်နုတ်ချက်မှာလည်း မှတ်သားလိုက်နာစရာ ကောင်းလှပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်များအနက် လက်ရှိအချိန်နှင့် ဆီလျော်ကိုက်ညီသော အချက်များစွာ ရှိနေပါသည်။ မြန်မာနိုင်ငံသားများသည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို ယဉ်ပါးကြပြီးဖြစ်သည်။ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများ၊ အာဇာနည် စိတ်ထားများကို ရှင်းလင်းပီပြင်စွာ နားလည်နေကြပြီး ဖြစ်သည်။ နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများတွင် ဇူလိုင်လ ၁၉ ရက်သည် အာဇာနည် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်သည်။

အာဇာနည်နေ့ အခမ်းအနားကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပသည် ဆိုသော်လည်း တစ်နှစ်ထက်တစ်နှစ် မတူကွဲပြား ပိုမိုထူးခြားအောင် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် နေသည်ကို တွေ့မြင်နေရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ချက်များ၊ ပုဂ္ဂိုလ်အလိုက် တစ်ဦးချင်း စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်ခဲ့မှုများမှာ များပြားလှပေသည်။ အထူးသဖြင့် အမျိုးသား ခေါင်းဆောင်ကြီး၊ နိုင်ငံ့ခေါင်းဆောင်ကြီး၊ တပ်မတော်၏ ဖခင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံ့လွတ်လပ်ရေး အတွက် ကြိုးပမ်းအားထုတ်မှုများ၊ သမိုင်းတွင် ဂန္ထဝင်မြောက် ထင်ရှားကျော်ကြား ပြောင်မြောက်သော ဆောင်ရွက်မှုများ အမြောက်အမြား ရှိခဲ့ပါသည်။ ယင်းတို့ကို နောင်လာနောက်သား မျိုးဆက်သစ်လူငယ်များ ဤနေ့ဤရက်များတွင် အတုယူမှတ်သား သိရှိနိုင်ရေးအတွက် ဖော်ထုတ်တင်ပြသွားရန် လိုအပ်ပါသည်။

အချုပ်အားဖြင့် ဆိုရပါလျှင် ဗိုလ်ချုပ်၏ ရိုးသားမှု၊ ကြိုးစားမှု၊ အနစ်နာခံမှု၊ သစ္စာရှိမှု စသည့်လုပ်ရပ်များကို အတုမယူဘဲ နာမည်ချည်း သက်သက်ကို အသုံးချလျှင်၊ ဟန်ဆောင်မျှ ဓာတ်ပုံများကို ချိတ်ဆွဲထားလျှင် ပြည်သူများကို လိမ်ညာလှည့်စားရာ ရောက်ပေမည်။ ဗိုလ်ချုပ်ရေးသောစာ၊ ဗိုလ်ချုပ်ကျင့်သုံးခဲ့သော လမ်းစဉ်၊ ဗိုလ်ချုပ်ဖြစ်စေချင်သော ပန်းတိုင်၊ မူဝါဒများနှင့် ဗိုလ်ချုပ်မိန့်ကြားသော စကားများကို စာရေးသူ အပါအဝင် နိုင်ငံသား အားလုံးတို့က သက်ဝင်ယုံကြည် လိုက်နာကြမှသာလျှင် ကျေးဇူးသိတတ်ရာ ရောက်မည်ဟု ယုံကြည်ကြောင်း၂၀၁၈ ခုနှစ် အာဇာနည်နေ့ကို လွမ်းဆွတ်သတိရစွာ ရေးသားလိုက်ရပါသည်။

အောင်ခန့်ဖြိုးဝေ(တောင်ငူ)

No comments:

Post a Comment