နိုင်ငံတော် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခု ဇူလိုင် ၁၉ ရက်တွင် (၇၁) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးရအောင် တိုင်းပြည်နှင့်လူမျိုးအတွက် မိမိ၏ အသက်ကို ပဓာနမထားဘဲ ရယူပေးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်နှင့် တိုင်း ပြည်အပေါ်ထားရှိခဲ့သည့် စေတနာများကို ပြည်သူများ သိရှိစေရန်နှင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ် သားကောင်းရတနာများ သိရှိပြီး အတုယူ တတ်စေရန် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ သမီး ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် သွားရောက် တွေ့ဆုံဖြစ်ခဲ့ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏သမီး ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်သည် အသက်အရွယ်အားဖြင့် ၇ဝ ကျော်ပြီဖြစ်သည်။ ဆရာမကြီးသည် ၂ဝဝ၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် ပါရဂူကျမ်း ကြီးကြပ်ရေး တာဝန်များ၊ သင်္ချာဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာတွင် လည်းကောင်း၊ ပညာရေးဆိုင်ရာများတွင် လည်းကောင်း ယခုအချိန်ထိ အမျိုးသားပညာရေး တိုးတက်စေရန် နိုင်ငံ့တာဝန်များကို တတ်နိုင်သည့်နေရာမှ ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။
''ကျွန်မကတော့ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်နဲ့ ဒေါ်ခင်နီတို့ရဲ့သမီး ဒေါ်မြင့်မြင့်ခိုင်ပါ။ အဖေကျဆုံးခဲ့တာ အခုဆိုရင် (၇၁) နှစ် ပြည့်ခဲ့ပါပြီ။ အဖေကျဆုံးတဲ့ အချိန်မှာ ကျွန်မက သုံးနှစ်သမီးပဲ ရှိသေးတယ်။ အဖေ့ရဲ့ လုပ်ဆောင်ချက်တွေကို စာစောင်တွေ၊ ဂျာနယ်တွေနဲ့ အမေပြောပြတာတွေအပေါ်မှာ မှီပြီးတော့မှ သိရတာပါ။ ကျွန်မအမေ ပြောတာဆိုရင်တော့ ကိုယ့်မိသားစု ကောင်းကြောင်း ကိုယ်ပြောနေတယ်လို့ ထင်မှာစိုးပါတယ်။ အရင်ဝန်ကြီးချုပ်ဦးနု ပြောပြသွားတဲ့ထဲက ပြောပြရမယ်ဆိုရင် အဖေကရိုးသားတယ်။ ပွင့်လင်းတယ်။
မှန်တာကိုပြောဆိုတတ်တယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းက အဖေ့ကို အားကိုးတယ်။နေရာပေးခဲ့တယ်။ဘယ်လောက်အထိ ပြောလဲဆိုရင် ဒုတိယနန်းရင်းဝန် ပေးမယ်လို့တောင် လျာထားတယ်လို့ အစည်းအဝေးတိုင်းမှာ ထည့်ပြီးပြောတာက ဗိုလ်ချုပ်အနေနဲ့ အဖေ့အပေါ်မှာ ဘယ်လောက် သံယောဇဉ် ရှိတယ်ဆိုတာကို မှန်းဆလို့ရပါတယ်လို့ ခေါင်းဆောင်ကြီးတွေ မကျဆုံးမီက ထုတ်ပြောတာတွေကို ကျွန်မဖတ်ဖူးပါတယ်။
အဖေက ဟင်္သာတမြို့ ယုန်သလင်းရွာ ဇာတိပါ။ အဖေက အဲဒီမှာနေပြီး ဂျပန်တွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တော်လှန်ခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်မြတို့က လာခေါ်တဲ့အတွက် နိုင်ငံရေး ဝင်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ ဖွဲ့စည်းတဲ့ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီမှာ ပါဝင်တဲ့ ဆာဟူးဘတ်ရန့်က သဘာပတိပါ။ ဦးအောင်ဆန်းက ဒုတိယ သဘာပတိပါ။ ကာကွယ်ရေးနှင့် ပြည်ထဲရေးကို တာဝန်ယူပါတယ်။ သခင်မြက ပြည်ထဲရေးနှင့် တရားရေးဌာနကို တာဝန်ယူပါတယ်။ ဦးဘဖေက ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာန၊ ဦးသိန်းဖေက လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေးဌာန၊ မန်းဘခိုင်က စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊ဦးအောင်ဇံဝေက လူမှုဝန်ထမ်းဌာန၊ ဦးစောက ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၊ ဦးတင်ထွဋ်က ဘဏ္ဍာရေးနှင့် အခွန်ဌာန၊ သခင်ဗစိန်က သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဌာန၊ ဦးစောဘဦးက ပြန်ကြားရေးဌာနနှင့် ဆာဂျေအေမောင်ကြီးက ပြန်လည်ထူထောင်ရေး ဌာနတို့မှာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘုရင်ခံရဲ့ အမှုဆောင်ကောင်စီက နေပြီးတော့ နောင်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြနဲ့ မန်းဘခိုင်တို့သုံးဦးသာ ဝန်ကြီးဖြစ်ပြီး ကျန်ခေါင်းဆောင်ကြီးတွေက ၁၉၄၇ ခုနှစ်ကစပြီးတော့ ဝန်ကြီးတာဝန်ယူကြတယ်လို့ မှတ်တမ်းတွေမှာ ပါပါတယ်။ အဲဒီကနေပြီးတော့ အားလုံးသိပြီးတဲ့အတိုင်း ဇူလိုင် ၁၉ ရက်မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဝန်ကြီးခုနစ်ဦး၊ အတွင်းဝန်တစ်ဦးနဲ့ ရဲဘော်တစ်ဦးတို့က တာဝန်ထမ်းဆောင်ရင်း အတူကျဆုံးခဲ့ကြတာပါ။
ကျွန်မအမေက အဖေကျဆုံးခဲ့ပြီးတော့ ဂျူဗလီဟောမှာ စပြီးထားတဲ့အချိန်ကနေ နေ့စဉ် တစ်ရက်မပျက် ပန်းခွေလုပ်ပြီ့း သွားရောက် ဂါရဝပြုလေ့ ရှိပါတယ်။ အရင်တုန်းကတော့ ပန်းခွေ မလုပ်တတ်ဘူး။ ဒါကြောင့် ဂျူဗလီဟောမှာ လုပ်ထားတဲ့ ပန်းခွေတွေကို ဖြုတ်ကြည့်တယ်။ ဘယ်လိုလုပ်ရလဲကြည့်ပြီးတော့မှ သင်ရတယ်လို့ ပြောပါတယ်။ ပြီးတော့မှ အိမ်မှာရှိတဲ့ သူ့ရဲ့တပည့်တွေနဲ့ ပန်းခွေလုပ်ပြီး ဂါရဝပြုလာတာက ဒီအာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပတာတွေနဲ့ ဘာမှမဆိုင်ခဲ့ပါဘူး။စပြီးတော့ ကျဆုံးခဲ့စဉ်က ဒီလိုအခမ်းအနားဆိုတာ မရှိခဲ့ပါဘူး။ သမ္မတကြီး မန်းဝင်းမောင် တက်လာတဲ့အခါကျမှ အာဇာနည်နေ့ အခမ်းအနား စတင်ဖြစ်လာခဲ့တာပါ။ ကျွန်မတို့ အရွယ်ရောက်လာတဲ့ အချိန်မှာလည်း ကျွန်မတို့ကျောင်းတွေ၊ ရုံးတွေ၊ မသွားခင်မှာ ကျွန်မတို့မောင်နှမ နှစ်ယောက်နဲ့အတူ အာဇာနည်ကုန်းမှာ ပန်းခွေချ၊ ဂါရဝပြုပြီးမှ သွားကြရပါတယ်။ လစဉ် ၁၉ ရက်နေ့တိုင်း အမေက အိမ်မှာ သံဃာငါးပါး ဆွမ်းကပ်ပါတယ်။
အရုဏ်ဆွမ်းပဲ ကပ်တဲ့အတွက်ကြောင့် ကျွန်မတို့မောင်နှမနှစ်ယောက်ရဲ့ ကျောင်းတွေ၊ ရုံးတွေ ဘယ်တော့မှ မပျက်ခဲ့ပါဘူး။ပုံမှန်အတိုင်းပဲ သွားနိုင်ခဲ့ကြပါတယ်။ နှစ်စဉ် အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်) မှာ သက်စေ့သံဃာ ၄၅ ပါးကို အဖေ့အတွက် ရည်စူးပြီး ဆွမ်းကပ်ပါတယ်။ အဲဒါနဲ့အတူ ဝါဆိုသင်္ကန်းကပ်တာနဲ့ အလှူဒါနပြုတာတွေကို လုပ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် အမေ ကွယ်လွန်ပြီးတဲ့နောက်မှာတော့ ကျွန်မဒီတာဝန်တွေကို ဆက်လက် ထမ်းဆောင် ခဲ့တာ ဒီနေ့အထိပါပဲ။ ကျွန်မမောင်လေးကလည်း ၁၉၇၇ ခုနှစ်မှာ ကွယ်လွန်သွားတာ ဖြစ်တဲ့အတွက် ဒီတာဝန်တွေကို ကျွန်မကပဲယူခဲ့တာပါ။
အရင်က အာဇာနည်နေ့ အခမ်းအနားတွေ မကျင်းပမီမှာ ကြိုတင်ပြီးတော့ လေ့ကျင့် တာတွေ လုပ်လေ့ရှိပါတယ်။ အစမ်းလေ့ကျင့် ပွဲလုပ်တဲ့အချိန်မှာ အာဇာနည်နေ့အတွက် ပြင်ဆင်ထားရှိတာတွေကို ကျွန်မတို့ ကြိုတင်သိရပါတယ်။ အဲဒီမှာပဲ ကျွန်မတို့တွေ ဆွေးနွေးခွင့်တွေရခဲ့ပါတယ်။ ကျွန်မဆိုရင် ပုသိမ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေရတဲ့ အချိန်မှာတောင် နိုင်ငံတော်ကနေပြီး တာဝန်တစ်ရပ်အနေနဲ့ တရားဝင် ခွင့်ပေးပြီးတော့ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။နောက်ပိုင်းတွေမှာတော့ မိသားစုကို ကြိုတင် အသိပေးတာတွေ မရှိကြတော့ပါဘူး။ ကျွန်မတို့ အာဇာနည်နေ့ ရောက်လို့သွားမှပဲ ဘယ်လိုအခမ်းအနား ပြင်ဆင်ထားတယ်၊ ဘယ်သူတွေ တက်ရောက်တယ်၊ ဘယ်သူတွေနဲ့ တွေ့တယ်ဆိုတာ သိရတယ်။ နိုင်ငံတော်အတွက် လွတ်လပ်ရေး ရဖို့ဆိုတဲ့ အချက်ကို တစ်စိတ်တစ်ဝမ်းတည်း ကရင်လူမျိုးရယ်လို့ သီးခြားဖြစ်မနေဘဲ ဗိုလ်ချုပ် အောင်ဆန်းတို့နဲ့ လက်တွဲပြီး မြန်မာလူမျိုး တစ်ယောက်အနေနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်မသတင်းစာ တစ်စောင်မှာ ဖတ်ခဲ့ရပါတယ်။
ဒါကြောင့် ခေါင်းဆောင်ကြီးတွေက ပြည်ထောင်စုစိတ်ဓာတ် ရှိတယ်ဆိုတာတွေကို ဖော်ပြထားတာ ကျွန်မဖတ်ဖူးပါတယ်။ဒီလိုစိတ်ဓာတ်မျိုးရှိခဲ့လို့ ပြည်သူတစ်ရပ်လုံးက တန်ဖိုးထားနေကြတာပါ။ ဟိုတုန်းက အစဉ်အဆက် လွတ်လပ်ရေးနေ့ နိုင်ငံတော်က ကျင်းပတဲ့ အခမ်းအနားမှ မဟုတ်ပါဘူး။တပ်မတော်နေ့တို့လို၊ ပြည်ထောင်စုနေ့တို့လို ယဉ်ကျေးမှုကပွဲတွေမှာ အမြဲတမ်း နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ ဖိတ်ကြားခဲ့ပါတယ်။ အခုနောက်ပိုင်း မှာတော့ ဒီမိသားစုတွေကို ဘယ်အခမ်းအနားမှ မဖိတ်ကြားတော့ဘူး။ ဖိတ်ကြားတာဆိုလို့ အာဇာနည်နေ့ အခမ်းအနား တစ်ခုပဲရှိတော့တယ်။ လွတ်လပ်ရေးနေ့ ဂုဏ်ပြုတဲ့ ညစာစားပွဲတွေမှာ လွတ်လပ်ရေး အတွက် ကြိုးပမ်းသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေကို တန်ဖိုးထားပြီး ဖိတ်ကြားလိမ့်မယ်လို့ ထင်ပြီးတော့ ကျွန်မတို့ မျှော်လင့်ခဲ့တာပါ'' ဟု ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင် ကပြောသည်။
အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ကို ဟင်္သာတခရိုင် ယုန်သလင်းရွာသူကြီး အဘ နမန်းပေကုန်းနှင့် အမိ ဒေါ်ပုတို့က ၁၉ဝ၃ ခုနှစ်တွင် ပဉ္စမမြောက်သားအဖြစ် မွေးဖွားခဲ့သည်။ ငယ်စဉ်က ဟင်္သာတမြို့ ABM ကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် မအူပင်မြောက်ပိုင်း ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရာ ပြိုင်ဘက်မရှိ အမတ်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်နီနှင့် လက်ထပ်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ယုန်သလင်းရွာကို တော်လှန်ရေး ဌာနချုပ်အဖြစ် အခြေပြုပြီး ဂျပန်တို့ကို ရွပ်ရွပ်
ချွံချွံတော်လှန်ခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် စက်မှုလက်မှုနှင့် အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် အာဇာနည် ခေါင်းဆောင်ကြီးများနှင့်အတူ ကျဆုံးခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်သည် တိုင်းပြည်နှင့် လူမျိုးအတွက် လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့သည်ကို လူငယ်များ သိရှိအတုယူပြီး ဇူလိုင် ၁၉ မှသည် နောင်နှစ်ပေါင်းများစွာ တိုင်းပြည်အတွက် အာဇာနည်စိတ်ဓာတ်များ တိုးပွားလာစေရန် ရေးသား တင်ပြလိုက်ပါသည်။ ။
MWD
No comments:
Post a Comment