လေဆန်ငှက်ရဲ့မနက်ဖြန်
သူ စာလေးတစ်စောင် ရေးလိုက်သည်။တစ်သက်နဲ့တစ်ကိုယ် စာရေးပြီးပြောရလောက် အောင် မိသားစုချင်းမတွေ့ကြ၊ မဆုံကြသည် တော့ မဟုတ်ပါ။ တကယ်တော့ သူ့ဘက်က သာလျှင် မတွေ့ဆုံမိအောင် ဖန်တီးခဲ့မိခြင်း ဖြစ်သည်။ သမီးကြီးသည်လည်း သူနှင့်တွေ့ဆုံ ဝံ့မည်မထင်။
''ခင်မေ သမီးကြီးနှင်းနုလာရင် ဒီစာလေး ပေးလိုက်ပါ''
''ကိုထွန်းငွေရယ် စာတစ်တန်ပေတစ်ဖွဲ့ လုပ်ရလောက်အောင် ဘာအရေးကြီး ကိစ္စမို့လဲတော်'' သူခေါင်းရမ်းပြလိုက်သည်။သူရေးထားသော စာကို သမီးကြီးမှလွဲ၍ ဘယ်သူမှ နားလည်နိုင်မည်မဟုတ်ပါ။ သူနှင့် သမီးကြီး နှင်းနုသာ သိထားသည်။ ဘယ်သူ့မှ ပြန်ပြောပြဖို့လည်း စိတ်မကူးမိ။ စိတ်ကူးမိ သည်ထားဦး သူပြန်ပြောပြမည်မဟုတ်ပါ။
''ထမင်းချိုင့်က မီးဖိုထဲမှာ မေ့နေဦးမယ်''
''အေးပါ ခင်မေရယ်။ နင်သာ သမီးကြီး လာရင် စာပေးဖို့မေ့မနေနဲ့'' မိသားစု အပေါ် သိတတ်နားလည်သော သမီးကြီး နှင်းနု ကိုလည်း သနားမိသည်။ အရွယ်ရောက်ပါပြီ ဆိုကတည်းက မိသားစုဝန်ကို သူနိုင်သမျှ လုပ်ဆောင်ပေးခဲ့သည်။ ပင်ပန်းစွာ လုပ်ကိုင် နေသော သမီးကြီးအကြောင်းတွေးလိုက်စဉ် သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေ လျှံတက်လာ တော့သည်။
x x x x x
''ကိုထွန်းငွေ နည်းနည်းပါးပါး ကြံပါ ဦးတော်။ ဒီလကုန်လို့မှ အိမ်လစာ မသွင်း နိုင်ရင် ကျုပ်တို့ ဘယ်မှာသွားနေရမှာလဲ''ခင်မေ စိုးရိမ်တကြီးပြောသော်လည်း သူ ဆေးလိမ်ဖွာမပျက်။ ဆေးလိပ်မီးခိုတွေကို ကြောင်ငေးကြည့်နေသည်။ မီုးခိုငွေ့တွေက လေထဲမှာ ဝဲလို့ပျံလို့။ သူ့အတွေးတွေလည်း မီးခိုးငွေ့နဲ့အတူ ပျံ့လွင့်နေ၏။
''ကိုထွန်းငွေ။ တော် ကျုပ်ပြောတာကို ကြားရောကြားရဲ့လား'' ခင်မေစိတ်မရှည်သည့် လေသံဖြင့် ထပ်မေးရသည်။
''ကြားပါတယ် ခင်မေရာ'' သူ့အသံသည် တိုးလျစွာထွက်ပေါ်လာသည်။ ထိုအသံကို မကြိုက်သဖြင့် ခင်မေ မျက်စောင်းထိုးလိုက်ပြီး ''ကြားရင်လည်း စကားပြန်လေးဘာလေး ပြောဦးပေါ့။ ကျုပ်ဖြင့် ရူးချင်လာပြီ''
''ငါလည်း အိမ်လခအတွက်ပဲ စဉ်းစား နေတာပါ ခင်မေရာ''
''တော်ပဲ စဉ်းစားသိလား။ နောက်လ အတွက် စာချုပ်မချုပ်နိုင်ရင် တခြား တစ်ယောက်ကို တင်လိုက်တော့မယ်လို့ ဒေါ်အေးစိန်လာပြောသွားပြီ''
ခင်မေပြောမှ သူစဉ်းစားမိပြန်သည်။အိမ်ငှားတဲ့စာချုပ်က ဒီလနောက်ဆုံး။ ဒီလ အတွက် လစာကိုပင် မပေးနိုင်ဖြစ်နေ၏။နောက်ထပ် တစ်နှစ်စာအတွက် ခြောက်လစာ သွင်းဖို့ဆိုတာ မလွယ်။ သူစိတ်အိုက်လာသည်။စောစောက မီးခိုးငွေ့တွေကိုလည်း မငေး နိုင်တော့။
သက်မ ခပ်ပြင်းပြင်းချပြီး ရပ်ကွက်ထဲ ထွက်ခဲ့သည်။ ဘယ်သွားလို့ ဘာလုပ်ရမည်ကို မသိ။ ခြေဦးတည့်ရာ လျှောက်လာမိသည်။ ဝင်းသိန်း အိမ်ဘက်သွားဖို့ စိတ်ကူးမိသည်နှင့် ချက်ချင်းပြန်လှည့်လာသည်။ ရပ်ကွက်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။
''ဝင်းသိန်း၊ ဝင်းသိန်းရေ''
သူခြံဝင်းဝက လှမ်းအော်လိုက်သည်။သို့သော် လူရိပ်လူယောင်ပင်မတွေ့ရ။လေးငါးခွန်းလောက် ဆက်ခေါ်လိုက်မှ ဝင်းသိန်း၏အိမ်သူဖြစ်ဟန်တူသော မိန်းမ တစ်ယောက်ထွက်လာသည်။ ထို့နောက် ဝင်းသိန်းမရှိကြောင်း၊ အလုပ်သစ်လက်မခံရ သေးကြောင်း ဆက်ပြောသည်။ သူလည်း စကားကြောမရှည်ချင်တာနဲ့ ခေါင်းညိတ်ပြကာ ပြန်ခဲ့သည်။
သူအိမ်ရောက်တော့ သမီးကြီးနှင်းနု ရောက်နေသည်။ သမီးကိုတွေ့မှ ဒီနေ့ သမီးကြီး အလုပ်နားရက်မှန်းသိတော့သည်။ ၁၅ ရက် ပြည့်မှ တစ်ရက်သာ နားရသောအလုပ်။ တစ်လ နှစ်ကြိမ် နားခွင့်ရသော်လည်း အလုပ်နားရက် ရောက်တိုင်း အိမ်အလုပ်တွေနဲ့ လုံးပန်းနေ တတ်သော သမီးကြီးနှင်းနု။ သူ နှင်းနုကို ချစ်သည်။ ချစ်သည်ဟုဆိုခြင်းထက် သနား သည်ဟုဆိုလျှင် ပို၍မှန်ပါလိမ့်မည်။
''ကိုထွန်းငွေ အဆင်ပြေရဲ့လား'' ခင်မေ လောဆော်၍ မေးလိုက်သောကြောင့် သူဘာပြန်ပြောရမည်မသိ ဖြစ်သွားသည်။ အိမ်အပူကို သမီးကြီးအား မကူးစက်စေချင်။ထို့ကြောင့် သမီးကြီးနှင်းနု မရိပ်မိစေရန် သူ၏နွမ်းလျသော မျက်နှာကို အပြုံးရွှင်ဆုံးဖြစ် အောင် ပြင်လိုက်ရသည်။
''ခင်မေရယ် ပူမနေပါနဲ့ ငါလုပ်ပေးပါ့မယ်။ ဝင်းသိန်းကလည်း အလုပ်သစ်လက်ခံထားပြီ ပြောတာပဲ။ ခုပဲ သူ့ဆီကပြန်လာတာ'' သူ့စကားကို နှစ်သက်ဟန်မတူသော မျက်လုံး များဖြင့် ခင်မေကြည့်နေသည်။
''ဒီလအတွက် အိမ်လခရော ကြိုသွင်း ရမယ့် ခြောက်လစာပါ နောက်တစ်ပတ်သမီး ပြန်လာရင် ပေးပါ့မယ်။ အဖေတို့ဘာမှမပူ ပါနဲ့'' သမီးစကားကြောင့် သူ့မျက်လုံးတွေ အရောင်တောက်ပလာသည်။ ခင်မေ့မျက်နှာ ပေါ်တွင်လည်း သောကရိပ်တို့ကင်းဝေးသွား သည်ကို သူသတိပြုမိလိုက်သည်။
x x x x x
သူ ဝင်းသိန်းအိမ်သို့ ထွက်လာမိသည်။မျှော်လင့်ချက်ရောင်ခြည်တို့ လင်းလက်နေ သော ခြေလှမ်းများဖြင့် လျှောက်လာမိခြင်း ဖြစ်သည်။ခြံဝင်းတံခါးကို အသာဖွင့်၍ အိမ်ထဲ ဝင်လိုက်သည်။
''ဟာ ကိုထွန်းငွေ လာဗျာ''
ဝင်းသိန်းနှင့် မျက်နှာချင်းဆိုင်နေရာဝင် ထိုင်သည်။
''ကိုထွန်းငွေ အလုပ်သစ်လက်ခံထားတယ် ပြောတာပဲ။ အဲဒါ သွားကြည့်မလို့ ခင်ဗျားလိုက် ခဲ့ပေါ့''
ဝင်းသိန်းက ဆောက်လုပ်ရေးမန်နေဂျာ ဖြစ်သလို သူဌေး၏ လူယုံတစ်ယောက်လည်း ဖြစ်သည်။ အဆောက်အအုံဆောက်လုပ်ဖို့ သူဌေး ကိုယ်တိုင်ပင် လက်ခံထားသော်လည်း ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် ဝင်းသိန်း ကသာ အဆောက်အအုံကြီးရုပ်လုံးပေါ်သည် အထိ တာဝန်ယူလုပ်ကိုင်ရစမြဲ။
သူ့ကို ဝင်းသိန်းနှင့် အင်ဂျင်နီယာကအစ ရင်းရင်းနှီးနှီးဆက်ဆံခြင်းခံရသည်။ ညနေတွင် ဆောက်လုပ်မည့် အဆောက်အအုံနေရာကို သူတို့ သွားရောက်ကြည့်ရှုကြသည်။ သူနှင့် အားလုံးပေါင်း ငါးယောက်ဖြစ်သည်။ ဝင်းသိန်းနှင့် အင်ဂျင်နီယာကိုစောထွဋ်က ကားရှေ့ခန်းမှာ စီးသည်။
ပန်းရန်ဆရာနှစ်ယောက်က သူနှင့်အတူ ကားနောက်ခန်းမှာစီးသည်။ လုပ်ကွက်ကြည့်ပြီး အပြန်မှာ ကိုစောထွဋ်က အဆိုပြုသည်။
''အလုပ်သစ်ရတဲ့ အထိမ်းအမှတ်နဲ့ ဘီယာဆိုင်သွားပြီး တစ်ခွက်တစ်ဖလား လောက် သောက်ကြရအောင်ဗျာ''
''ကောင်းတာပေါ့။ ဘယ်ဆိုင်ဝင်မလဲ'' ဝင်းသိန်းက ထိုအဆိုပြုချက်ကိုထောက်ခံသလို သူနှင့်ပန်းရန်ဆရာ နှစ်ယောက်ကလည်း မငြင်းမိကြ။ သို့နှင့် ဘီယာဆိုင်သို့ရောက်လာ တော့သည်။
x x x x x
''ကိုစောထွဋ် ကျုပ်တို့တွေပင်ပန်းလှပြီဗျာ။အညောင်းအညာဖြေကြရင် ကောင်းမယ်''
ယခု တစ်ခါအဆိုပြုသူမှာ လူယုံတော် မန်နေဂျာ ဝင်းသိန်းဖြစ်သည်။
''ဒါဆို တံတားဘက်သွားကြတာပေါ့။ လေကောင်းလေသန့်လည်း ရတယ်''
''မဟုတ်ဘူးဗျ။ ကျွန်တော်ပြောတာက အနှိပ်ခန်းကိုပြောတာ။ အလန်းလေးတွေနဲ့။ကိုစောထွဋ်ပြောတဲ့နေရာထက် အများကြီးကွာ တယ်'' ဝင်းသိန်းက ဘီယာအရှိန်နဲ့ သူဖန်တီးခဲ့ သမျှဇာတ်လမ်းကို ဖောက်သည်ပြန်ချသည်။သူလည်းနားစွန့်နေမိသည်။
''အခု လေးငါးရက်လောက်ပဲရှိဦးမယ်။ ကောင်းမလေးတစ်ယောက်နဲ့ အပေးအယူ မျှနေတာပဲ။ ကျုပ်ကလည်း ရှင်းရှင်းပြောထား တာ။နောက်တော့ ဇယားတွေရှုပ်လာမှာစိုးလို့။နင်လည်းငါ့ကို ကြွေတာမဟုတ်ဘူး။ ငါလည်း နင့်ကို ရင်မခုန်ဘူးဆိုတော့ သူလည်းလက်ခံ တယ်''
''ကိုဝင်းသိန်း ခင်ဗျားက အမိုက်သားပဲဗျ။ ဒါနဲ့ဘယ်ကကောင်မလေးလဲ။ပြောလို့ရလား''
ပန်းရံဆရာ တင့်လွင်ကမေးခြင်းဖြစ်သည်။သူလည်း အဖြေကိုစိတ်ဝင်တစားရှိသည်မို့ နားထောင်နေလိုက်သည်။
''အနှိပ်ခန်းကဗျ။ သူ့နာမည်က နှင်းနုတဲ့။ချစ်စရာကောင်းလိုက်တာ။ အာဝါးမဟုတ်ဘူး။ဟိုရောက်မှ ပြမယ်။ ငါလိုချင်တာပေးမလား။နင်လိုချင်တာငါပေးမယ်။ မရရင် သွားတော့ပဲ။သူလည်း လက်ခံတယ်။ ဒါပေမယ့် အဲဒီမှာ ရှိတဲ့ မိန်းကလေးတိုင်း မရဘူး။ ခပ်မာမာပဲ ပြန်ပြောကြတာ။ သူတစ်ယောက်လေးပဲရ တယ်ဆိုပါတော့''
ဝင်းသိန်းစကားလုံးများသည် သူ့ရင်ကို မြားအစင်းပေါင်းများစွာ စူးနစ် တာထက် ခံပြင်းလှသည်။ နှင်းနုဆိုတာ သူ့ သမီး။ သို့သော် သူ့သမီးကြီးနှင်းနုက ဆံပင် အလှပြင် ဆိုင်မှာ။ အခုနှင်းနုက အနှိပ်ခန်း။ ဘာမျှ မဆိုင်။ လူတူမရှား နာမည်တူမရှားဖြစ်တတ် သည်မို့ သူအငယ်နည်းငယ်ဖြေသာသေး သည်။ ရင်ထဲမှာ သမီးကြီးဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ကအပြည့်။
x x x x x
''အစ်ကိုတို့ အားလုံးဝင်မှာလား။တစ်ယောက်ကို...''
''အင်း တစ်ယောက်တစ်ဆက်ရှင်ပဲ ယူလိုက်မယ်'' ဧည့်ကြိုကောင်မလေး၏စကားကို ဝင်းသိန်းကဖြတ်ပြောလိုက်သည်။
ထို့နောက် အသံကိုနှိမ့်၍ တစ်စုံ တစ်ခု ကို မေးပြန်သည်။ အသံက တိုးလွန်း၍ ကောင်မလေးနားလည်ဟန်မတူပါ။
''နည်းနည်းကျယ်ကျယ် ပြောပါလား။နားမလည်ဘူးရှင့်''
''နှင်းနုရှိလား'' ဝင်းသိန်း ပြုံးစစလုပ်ပြီး မေးသည်။ သူလည်း ဝင်းသိန်းပြောသည့် နှင်းနုကိုသိချင်၍ ကောင်မလေး၏အဖြေကို ငံ့လင့်နေမိတာအမှန်ပင်။
''နှင်းနုက နှစ်ယောက်တောင်ရှိတာ။တစ်ယောက်က နှင်းနုခင်။ တစ်ယောက်က နှင်းနု။ ဘယ်ပုံစံလေးလဲ ပြောပြပါလား''
ဝင်းသိန်း စဉ်းစားဟန်ပြုပြီးမှ ဖြေသည်။
''မျက်နှာဝိုင်းလေးနဲ့။ ဆံပင် အဖျားပိုင်း က တွန့်ထားတယ်။ ကျောလယ်လောက်တော့ ရှိလိမ့်မယ်''
''သြော် အဲဒါနှင်းနုခင်ပါ။ သူက ဒီနေ့ အနားယူထားတယ်''
ဧည့်ကြိုကောင်မလေး၏ အဖြေကြောင့် သူပျော်ရသည်။ ဘာမဆိုင်ညာမဆိုင် စိုးရိမ်နေ သော သူ့စိတ်တို့သည်လည်း ပြေလျော့သွား တော့သည်။
ဝင်းသိန်းပြောသည့် နှင်းနုက သူ့သမီး မဟုတ်။ သူကသာစိုးရိမ်ပိုနေခြင်း ဖြစ်သည်။သူ့သမီးကြီးနှင်းနုက ဆံပင်အလှပြင်ဆိုင်မှာလုပ်နေမှန်းသိလျက်နဲ့ စိတ်ပူမိခြင်းပင်။
''အန်တီ အဆင်ပြေလား။ နောက်လည်း လာခဲ့နော်'' အခန်းငယ်တစ်ခုအတွင်းမှ ထွက် လာသောအသံ။ ထိုအသံကို သူသိသည်။ အသံ လာရာ ကြည့်နေမိသည်။ ထိုအခန်းလေးထဲမှ အသက် ၄ဝ မျှရှိသော အမျိုးသမီး တစ်ဦး ထွက်လာသည်။ ထို့နောက်မှာတော့ ခန္ဓာကိုယ်အချိုးအစားကျ၍ လှပသော မိန်းကလေးတစ်ဦး ကပ်ပါလာသည်။
ထိုမိန်းကလေးကို ကြည့်နေမိသည်။သူမကလည်း သူ့ကိုပြန်ကြည့်လာသည်။မိန်းကလေးရဲ့လှပသော မျက်လုံးလေးများက အရောင်တလက်လက်ဖြစ်မနေ။ သူ့ကို ကြောင်ငေးပြီးကြည့်နေ၏။
''သမီး နှင်းနု''
သူ့ပါးစပ်မှ ရုတ်တရက်ရေရွတ်လိုက်မိ သော်လည်း အသံက လည်ချောင်းထဲမှာပင် ပျောက်ကွယ်သွားသည်။ ထိုမိန်းကလေး သည်လည်း သူ့ကိုကြည့်၍ ပါးစပ်လှုပ်လိုက် သည်။ ထို့နောက် သူ့မျက်ဝန်းအိမ်မှာ အရောင်တွေ လက်လာပြီး တစ်ဖက်အခန်းထဲ ဝင်သွားတော့သည်။ သူမ ပါးစပ်လှုပ်ရုံသာ ပြောသွားသော အသံသည် သူ့နားထဲလွင့်ပျံ့ လာသည်။
''အဖေ...''
ထို့နောက် ဝင်းသိန်း၏စကားသံများ။သူဝင်းသိန်းကို လှမ်းကြည့်လိုက်သည်။ ဧည့်ကြို ကောင်မလေးနှင့် စကားမပြတ်သေး။ သူ့ အဖြစ်တွေကိုလည်း ဘယ်သူမှ သိပုံမရလိုက်။သူဘယ်သူ့ကိုမှ နှုတ်မဆက်တော့ဘဲ ချက်ချင်း ပြန်ခဲ့သည်။
''အဲဒီမှာရှိတဲ့မိန်းကလေးတိုင်း မရဘူး။ခပ်မာမာပဲပြန်ပြောကြတာ။ သူတစ်ယောက် လေးပဲ ရတယ်ဆိုပါတော့'' ဝင်းသိန်းပြောသလို သမီးကြီးနှင်းနုက လေဆန်မှာပျံနေရသော် လည်း လွယ်လွယ်ကူကူြေ<ွကလွင့်မည် မဟုတ်မှန်း သူကောင်းကောင်းသိသည်။
x x x x x
''ကိုထွန်းငွေ ဘာတွေတွေးနေတာလဲ။ သမီးအတွက်ရေးထားတာဆို။ ပေး အဲဒီစာ။ တော်ကြာမေ့သွားဦးမယ်''
ခင်မေ့စကား ကြောင့် စာရွတ်ခေါက်လေး ကို ပြန်ဖြေပြီး နောက်ဆုံးတစ်ခေါက်အနေဖြင့် ပြန်ဖတ် လိုက်သည်။
''သမီး လေဆန်မှာပျံသန်းနေရပေမယ့် လေဒဏ်ကိုကြံ့ကြံ့ခံနိုင်မှ လှပတဲ့ ခရီးတစ်ခု ကိုရောက်ပါလိမ့်မယ်။ အမြင့်ဆုံးသစ်ပင်တွေ က အားကြီးတဲ့ လေဒဏ်မိုးဒဏ်ကို ရင်ဆိုင်ရင်း သူတို့အရိပ်မှာ ခိုတဲ့သူအပေါင်းအတွက် အေးမြ မှုကိုပေးစွမ်းတယ်ဆိုတာကိုတော့ သမီး နားလည်မှာပါ။ အချိန်မလွန်ခင် ကြွေလွင့် မသွားအောင် သတိထားပါသမီးရယ်''
သမီးကြီး ဒီစာကိုဖတ်ပြီးရင်တော့ သူ ဘာကို ပြောချင်တယ်ဆိုတာ ကောင်းကောင်း နားလည်နိုင်ပါသည်။ ။
မြတ်မင်း(ခြုံ ကြီး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment