Latest News

Sunday, July 8, 2018

ပျံလေတဲ့ငှက်ခါး နားခါမှသိ

ပျံလေတဲ့ငှက်ခါး နားခါမှသိ


ကို  ရင် သြ

ဃရာဝါသ ဤလောက၏ မရှောင်နိုင်ရိုး အဂတိတရားဆိုး၏ နောက်ဆုံးပြယုဂ် ပုဂ္ဂိုလ်အဖြစ် မလေးရှားဝန်ကြီးချုပ်ဟောင်း
နဂျစ်ရာဇတ်ကို အကျင့်ပျက်ခြစားမှုတိုက် ဖျက်ရေးအာဏာပိုင်များက ဇူလိုင် ၄ ရက် တွင် ဖမ်းဆီးလိုက်ပြီး ယင်းနေ့မှာပင် စွဲချက်
တင်လိုက်ပြီဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ် ဖတ်ရှုရသောအခါ အဂတိလိုက်စား ခြင်း ဟူသောအကြောင်းကြောင့် နိုင်ငံရေး ဂုဏ် ကျက်သရေ ပင်လုံးကျွတ်ညွတ်ဝေခဲ့သူ ပုဂ္ဂိုလ်ကြီးတစ်ဦး  ရာဇဝင်ပြောင်ခဲ့ရာမှ ရာဇဝတ်အိုး တုတ်နှင့်ထိုးလေပြီဟု ကျွန်ုပ်တွေးတောမိလေ၏။

စွပ်စွဲခံရ

ရင်ဘတ်စည်တီး ဖတ်ရှုလိုက်ရသော သတင်းတွင် ဖော်ပြထားချက်မှာကား နဂျစ် ထူထောင်ပေးခဲ့သည့် ရန်ပုံငွေတစ်ရပ်မှ ဒေါ်လာငွေ ဘီလီယံပေါင်းများစွာ စာရင်း ပျောက်နေမှုအတွက် သူတာဝန်ရှိကြောင်း၊ နဂျစ်သည် နိုင်ငံတော်ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDBမှ ဒေါ်လာသန်း ၇ဝဝ ကို သူ့အိတ်ကပ်ထဲရောက်အောင် လုပ်ဆောင် ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ဖြစ်၏ တည်း။

နဂျစ်သည် မေလ၌ ရွေးကောက်ပွဲရှုံး နိမ့်ခဲ့ရချိန်နောက်ပိုင်း စုံစမ်းစစ်ဆေးမှု ခံယူနေရသူဖြစ်၏။ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ရသော ရွေးကောက်ပွဲရလဒ်သည် ပင်လျှင် အကျင့်ပျက်ခြစားမှုကို ရွံ့ရှာမုန်း တီးနေကြပြီဖြစ်သော မဲဆန္ဒရှင်ပြည်သူတို့ ၏ ဒဏ်ခတ်မှုတစ်ရပ်ဟု ဆိုနိုင်၏။ သို့ရာ တွင် နဂျစ်ကိုယ်တိုင်ကမူ မိမိအမှားမလုပ် ခဲ့ပါဟု ဖြေဆည်၏။

''စွဲချက်တွေ အားလုံးမမှန်ပါ။ မိမိကိုယ် မိမိ ကာကွယ်နိုင်သော အခွင့်အလမ်းတစ် ရပ်ကိုပင် မရခဲ့ပါ'' ဟူ၍ နဂျစ်က လူမှု ကွန်ရက် တွစ်တာတွင် ဗီဒီယိုဖိုင်တင်ကာ ပြည်သူတို့ထံမှ နားလည်စာနာမှုရရှိရေး ဟစ်ကြွေးခဲ့လေသည်။

နိုင်ငံတော်ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB  ဖြင့် ထူထောင်ထားသော SRC ကုမ္ပဏီနှင့် ဆက်နွှယ်နေသော ငွေကြေးအရှုပ်တော် ပုံအရ နဂျစ်ကို ကွာလာလမ်ပူရှိ သူ၏နေ အိမ်၌ ဖမ်းဆီးခဲ့သည်ဟု အထူးလုပ်ငန်း အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နဂျစ်ကို ဖမ်းဆီးခဲ့ခြင်းမရှိမီ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း သူ၏ဓန ဥစ္စာများကို စီးနင်းရှာဖွေကာ သိမ်းဆည်း ခဲ့ပြီးဖြစ်သည်။ ဇွန်လတွင်ပြုလုပ်သော စီးနင်းရှာဖွေမှုတစ်ရပ်တွင် ဒေါ်လာ ၂၇၃ သန်းတန်ဖိုးရှိ ဓနဥစ္စာများကို ရှာဖွေတွေ့ ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သိမ်းဆည်းရမိသောပစ္စည်းများတွင်လက်ဝတ်ရတနာများ ပါဝင်သည်။ ယင်း လက်ဝတ်ရတနာများအနက် အဖိုးအနဂ္ဃ အထိုက်တန်ဆုံးပစ္စည်းမှာ ဒေါ်လာ ၁ ဒသမ ၆ သန်းတန် စိန်တစ်ပွင့်ဖြစ်ပြီး ရွှေ ဆွဲကြိုးများကိုလည်း အတူတကွ သိမ်း ဆည်းရမိခဲ့သည်။

နဂျစ်ကို ဖမ်းဆီးထိန်းသိမ်းလိမ့်မည် ဟု ကြိုတင်ကောလာဟလများ ပေါ်ထွက် ခဲ့ပြီးဖြစ်ပေရာ သူအဖမ်းခံရမှုအတွက် ပြည်သူတို့မှာ အံ့သြဘနန်းကြီးစွာမဖြစ်ကြ သော်လည်း ထိတ်လန့်တုန်လှုပ်မှုနှင့် မယုံ ကြည်ဖွယ်ရာဖြစ်ရပ်ဆိုးအဖြစ် သံဝေဂရ သူများရှိနေကြ၏။ ပွဲလယ်ပြင်ပချီးမွမ်းကြ လည်း ရှုတ်ချနောက်ဆုံးရှိချေ၏ဟူသော သံဝေဂလင်္ကာကို အစဉ်အလာသဖွယ် ညည်းချင်းချကြ၏။

အဂတိလိုက်စားမှုများအပေါ် စိတ်ကုန် နေကြသော ပြည်သူများမှာမူ စပါးကြီးမြွေကို လင်းမြွေပတ်သည့်အလား 'ချကုန်ကြ ပြီ' ဟု ဆိုကြသည်။

နဂျစ်အား   ထောက်ခံသူလူတစ်စုက သူ့အားထိန်းသိမ်းထားရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဌာနချုပ်ရုံး အပြင်
ဘက်၌ စုဝေးခဲ့ကြပြီး ကန့်ကွက်ဆန္ဒပြခဲ့ ကြကာသတင်းထောက်များ တအုန်းအုန်း၊    ရဲသားတွေတရုန်းရုန်းနှင့် ရှိခဲ့ကြလေသည်။

နဂျစ်အား ဇူလိုင် ၄ ရက်မှာပင် ရုံးထုတ်
ခဲ့ပြီး စွဲချက်တင်ခဲ့ပေရာ ရှည်လျားပေများ သည့် အမှုတွဲစတင်ချေပြီဟု ဆိုနိုင်သည်။

နဂျစ်သည် အာဏာရှိစဉ်အတွင်းမှာပင် အဂတိလိုက်စားမှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရ သော်လည်း အာဏာပိုင်များက အာဏာရှိ သူမို့ အပြစ်မယူ လျစ်လျူရှုခဲ့၏။ သို့ရာတွင် သူပတ်သက်နေသော အရှုပ်တော်ပုံနှင့်
ပတ်သက်၍ ကမ္ဘာ့နိုင်ငံအချို့တွင် စုံစမ်း
စစ်ဆေးမှုများ ယနေ့တိုင်အောင် ပြုနေကြ ဆဲဖြစ်၏။

1MDB ရန်ပုံငွေကို နဂျစ်က ၂ဝဝ၉ ခုနှစ်
တွင် ထူထောင်ခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုး ရေးရန်ပုံငွေဖြစ်သည့်အားလျော်စွာ မြို့တော် ကွာလာလမ်ပူကို ဘဏ္ဍာရေးအချက် အချာနယ်မြေအဖြစ် ပြောင်းလဲရန်ရည် ရွယ်ခဲ့ပြီး မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံ
မှုမှတစ်ဆင့်စီးပွားရေးဘဝတိုးတက်အောင်
ကြိုးပမ်းရန် မျှော်မှန်းခဲ့သည်။

သို့ဖြစ်လင့်ကစား ၂ဝ၁၅ ခုနှစ်အစော ပိုင်းအရောက်တွင် နဂျစ်မှာ မျောက်မီးခဲ ကိုင်မိသလို ဖြစ်လာရ၏။ အကြောင်းမူ ကား ဘဏ်များနှင့် အစိုးရငွေချေးစာချုပ် ဝယ်ယူသူများထံ ပေးအပ်ရန်ရှိနေသော ဒေါ်လာ ၁၁ ဘီလီယံအနက် အချို့မှာ အပြေအလည်မရရှိဘဲ ပြဿနာပေါ်လာ ရာ အဂတိတရားတည်းဟူသောနွံကြောင့် ရေနောက်ရသည့်ကိန်း ဆိုက်ခဲ့ရ၏။

နိုင်ငံတော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ ဒေါ်လာ သန်း ၇ဝဝ သည် နဂျစ်၏ ကိုယ်ပိုင်ဘဏ် စာရင်းများထဲသို့ ခြေထောက်ပေါက်သလို ဝင်ရောက်သွားခဲ့သည်ဟူ၍ စွပ်စွဲထားသည့် စာလွှာစာတမ်းတစ်ရပ်ကို ကိုးကား လျက် အမေရိကန်၏ အကျော်ဒေးယျသတင်းစာကြီး 'ဝေါစထရိဂျာနယ်' က ဖော်ကောင်လုပ် ဖွင့်ချလိုက်သည်တွင် ကမ္ဘာကျော်ငွေကြေးအရှုပ်တော်ပုံအဖြစ် ဘွားခနဲ ပေါ်လာခဲ့ရသည်ဟူပေ။

လွယ်လျှင်သူကြွယ်ပင်လက်ဆော့

'လွယ်လျှင် သူကြွယ်ပင်လက်ဆော့' ဟူဘိသို့ပင် နဂျစ်ကိုယ်တိုင်လက်ဆော့ခဲ့ သလောဟု ဆိုကြကုန်၏။ သို့ရာတွင် နဂျစ်
ကမူ 1MDBရန်ပုံငွေ သို့မဟုတ် အခြား ပြည်သူ့ရန်ပုံငွေတစ်ရပ်ရပ်မှ ငွေကြေးကို မသမာမှု မပြုခဲ့ပါဟု ဆို၏။

နိုင်ငံပိုင်ကုမ္ပဏီကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ၂ဝဝ၉ ခုနှစ်မှစ၍ စီးပွား ရေးအသွင်ကူးပြောင်းမှုအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ခြင်းမှာ မွန်မြတ်သန့်စင်သည့် ရည်မှန်းချက်ကို လှစ်ဟရာ ရောက်ခဲ့သည်။ သို့တစ်မူကား ကုမ္ပဏီလုပ်ငန်းလည်ပတ်မှု ခြောက်နှစ်မျှ သာကြာမြင့်သေးချိန်တွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံအထိ အကြွေးကျခဲ့ရာ နိုင်ငံတော်၏စီးပွားရေး တိုးတက်မှုအလားအလာမှာ ရုတ်ခြည်းမှေး မှိန်သွားခဲ့ရသည်။

ဝေါစထရိဂျာနယ်သတင်းစာ၏ ဖွင့်ချ ချက်အရ တိုင်းတုန်ပြည်တုန်ဖြစ်ခဲ့ရပြီးလျှင် နဂျစ်ရာထူးမှ  နုတ်ထွက်ပေးရန် တောင်း ဆိုသံများ သောသောညံခဲ့သေးသည်။ ဤ တွင်ရွေ့ကား နဂျစ်က သတင်းစာတိုက်ကို အသရေဖျက်မှုဖြင့် တရားစွဲမည်ဟု ထုတ် ပြန်ကြေညာခဲ့သည်။ သို့ရာတွင် တရားစွဲ ဆိုသည်အထိ ဖြစ်ပေါ်မလာခဲ့ချေ။

လွှဲပြောင်းပေးခဲ့

၂ဝ၁၅ ခုနှစ် ဇူလိုင်လအရောက်တွင် ယင်းသတင်းစာကြီးက တစ်ယောက်စကား တစ်သိန်းကြားစေမည့် စာလွှာစာတမ်းများကို
ဖွင့်ချခဲ့ပြန်၏။ နိုင်ငံတော်ဖွံ့ဖြိုးရေးရန်ပုံ ငွေမှ ဒေါ်လာသန်း ၇ဝဝ ခန့်ကို ၂ဝ၁၃ ခုနှစ် မတ်လတွင်တစ်ကြိမ်၊ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင်တစ်ကြိမ်၊ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင်တစ်ကြိမ် သုံးကြိမ်သုံးလီ
ခွဲ၍ နဂျစ်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ လွှဲပြောင်းပေးခဲ့သည်ဆို၏။

AmBank Islamicဘဏ်ကြီး၌ နဂျစ် က ကိုယ်ပိုင်စာရင်းနှစ်ခုဖွင့်ထားသည်ဟု သတင်းစာကြီးက ရေးသားဖော်ပြခဲ့သော် လည်း ယင်းစာရင်းများရှိနေပုံကို သတင်း စာကြီးက ရေးသားဖော်ပြခြင်း မပြုမီမှာ ပင် ပြန်လည်ပိတ်သိမ်းခဲ့ပြီးဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာ တင်သွင်းခဲ့သည်။

စုံစမ်းစစ်ဆေးစဉ်ကာလ ငွေလွှဲပြောင်း
ထုတ်ယူခြင်းကို ပိတ်ပင်ခံရသော ဘဏ်
စာရင်းခြောက်ခုမှာ နဂျစ်၏ဘဏ်စာရင်း
များမဟုတ်ကြောင်း စုံစမ်းစစ်ဆေးရေး
မှူးများက ထုတ်ပြန်ကြေညာခဲ့သော်လည်း ယင်းစာရင်းများ၏ ပိုင်ရှင်များ မည်သူ
မည်ဝါတို့ဖြစ်သည်ကိုမူ ဖွင့်ဟခဲ့ခြင်းမရှိ ချေ။

အဂတိလိုက်စားမှုအရှုပ်တော်ပုံနှင့်ပတ် သက်၍ နဂျစ်၏ကိုင်တွယ်ဆောင်ရွက်ပုံ ကို ဝန်ကြီးချုပ်ဟောင်း မဟာသီမိုဟာမက် နှင့် ထိုစဉ်က ဒုတိယဝန်ကြီးချုပ်ဖြစ်သူ မွာယီဒင်းယာဆင်တို့က ဝေဖန်ရှုတ်ချခဲ့ကြ လေသည်။

နဂျစ်သည် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ၌
ရာထူးသက်တမ်းလယ်ကာလ ဝန်ကြီးအဖွဲ့တွင်း အပြောင်းအလဲပြုလုပ်ရာတွင်    ဒုတိယ          ဝန်ကြီးချုပ်ယာဆင်ကို   လည်းကောင်း၊ နဂျစ်၏ ခေါင်းဆောင်မှုကို ဝေဖန်လေ့ရှိသူ ဝန်ကြီးများကိုလည်းကောင်း   ဖြုတ်ချခဲ့ သည်။

နဂျစ်၏     ပုဂ္ဂလိကငွေစာရင်းထဲသို့ ရင်းဂစ်ငွေ ၂ ဒသမ ၆ ဘီလီယံ (ဒေါ်လာ သန်း ၇ဝဝ) ဝင်ရောက်သွားသည်ဆိုခြင်း မှာ နိုင်ငံတော်ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေမှ ငွေကြေးများမဟုတ်မူ၍ အလှူရှင်များက ပေးအပ်ခဲ့သော ငွေကြေးများသာလျှင်ဖြစ် သည်ဟု ၂ဝ၁၅  ခုနှစ် သြဂုတ်လတွင်
အဂတိလိုက်စားမှု    တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင်အလှူရှင်များ မည်သူတို့ဖြစ်ကြ သည်၊ အဘယ်အတွက်လှူခဲ့ကြသည်ဆို သော အကြောင်းခြင်းရာများကိုမူ  ထုတ် ဖော်ခဲ့ခြင်းမရှိပေ။

ရင်းဂစ်ငွေ ၂ ဒသမ ၆ ဘီလီယံကို လက်ခံရရှိခဲ့ခြင်းမှာ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ ကျဆုံးစေရန် မလေးရှား
အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆော်ဒီ အာရေဗျနိုင်ငံက လှူဒါန်းခဲ့ပါသည်ဟု အမ်နိုပါတီ အထက်တန်းတာဝန်ရှိသူတစ် ဦးက နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ သည်။ အလားတူလှူဒါန်းမှုများကို ဖိလစ်ပိုင်
ရှိ မွတ်စလင်အသိုက်အဝန်းနှင့် ထိုင်းတောင်
ပိုင်းရှိ မွတ်စလင်အသိုက်အဝန်းတို့က ပြုလုပ်ခဲ့သေးသည်ဟု ဆိုသည်။

ယင်းလှူဒါန်းမှုများသည် နဂျစ်ထံသို့ ပုဂ္ဂိုလ်ရေးအရ လှူဒါန်းခြင်းဖြစ်သဖြင့် သူ၏ ကိုယ်ပိုင်ဘဏ်စာရင်းများအတွင်းသို့
ငွေကြေးများဝင်ရောက်ခဲ့သည်ဟု အကြောင်း ပြခဲ့သည်။

ငွေကြေးအရှုပ်တော်ပုံမှာ ရင်လှိုက်
သည်းဖို ပွေလီလာခဲ့သည်။ နဂျစ်၏ပါတီမှ ကိုယ်စားလှယ်တစ်ဦးက နဂျစ်အား တရား စွဲဆိုခဲ့ရာမှ ပဋိပက္ခ ကြီးထွားလာသည်။ အလှူငွေများလက်ခံရရှိခြင်းနှင့်ပတ်သက်၍ နဂျစ်က ဂေါပကဆိုင်ရာ တာဝန် ဝတ္တရားများအတိုင်း ဆောင်ရွက်ရန် ပျက် ကွက်ခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်း ဖြစ်သည်။

နဂျစ်ပါဝင်ပတ်သက်နေသော အဂတိ လိုက်စားမှုနှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုတွင် စုံစမ်းစစ်ဆေးလျက်ရှိသည်
ဟု နယူးယောက်တိုင်းမ်   သတင်းစာက ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအတွင်းဖွင့်ဟ လိုက်ရာ   ကမ္ဘာကျော်အရှုပ်တော်ပုံကြီး သည်ကလောက် ရှုပ်ထွေးလှပါတကား ဟု ပြည်သူတို့ စုတ်တသပ်သပ် ဖြစ်ခဲ့ကြ ရပြန်သည်။

နဂျစ်၏ ပုဂ္ဂလိကဘဏ်စာရင်းများထဲ ဝင်ရောက်သွားသော 'အလှူငွေများ' ဟု ဆိုသော ငွေကြေးများကိစ္စကိုအကြောင်းပြု ၍ လွှတ်တော်အတွင်း အချင်းများခဲ့ကြပြီး လျှင် အတိုက်အခံအမတ်များက နဂျစ်အား
အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ကြသေး သည်။

ပုဂ္ဂလိကဘဏ်စာရင်းသို့ ငွေကြေးများ ဝင်ရောက်ခဲ့ပုံနှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးမှုကို ရှေ့နေချုပ်ရုံးက ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ရုပ်သိမ်းခဲ့သည်။ နဂျစ်၏ ဖြုတ်ချမှုကိုခံခဲ့ရသော ရှေ့နေချုပ် ပါတီး ၏နေရာတွင် အစားထိုးခန့်အပ်ခံရသူ အပန်ဒီက နဂျစ်ဘက်မှ အကာအကွယ် ပေးခဲ့သည်။

ပြိုကွဲလေပြီ

ရင်တမမဖြင့် စောင့်ကြည့်ခဲ့ကြရသော ကမ္ဘာကျော်အရှုပ်တော်ပုံကြီး၏ ပင်မဇာတ် ကောင်ကြီး နဂျစ်မှာ မေလတွင် ရွေးကောက်
ပွဲရှုံးနိမ့်မှုနှင့်အတူ သူ၏အာဏာများအစိတ် စိတ်အမြွှာမြွှာ ပြိုကွဲခဲ့ရလေပြီ။နိုင်ငံရေး ဇာတ်ခုံပေါ်    နှစ်ပေါင်းရှည်ကြာရှိနေခဲ့ ပြီးနောက် ပတ်စာခွာ  ဖျာသိမ်းရချိန်တွင် နဂျစ်ရင်ဆိုင်လာရသည်မှာ  အဂတိလိုက်စားမှုတိုက်ဖျက်ရေးအာဏာပိုင်များဖြစ်၏။

'ပျိုးပင်ကောင်းလျက် ပိုးကဖျက်' ဟူဘိ သို့ပင် ကောင်းမြတ်သောရည်မှန်းချက်များ နှင့်အတူ အကောင်အထည်ဖော်ခဲ့သော
နိုင်ငံတော်ဖွံ့ဖြိုးရေးရန်ပုံငွေသည် 'အဂတိ တရား' တည်းဟူသော ပိုး၏ဖျက်ဆီးမှု ကြောင့် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးခဲ့ရခြင်းရှိ-မရှိ တရား ဥပဒေက အမှန်အကန် အဆုံးအဖြတ်ပေးမည့်အချိန်ကာလကို နဂျစ်
စတင်ဖြတ်သန်းနေပြီဟု တွေးတောမိရင်း ''ပျံလေတဲ့ငှက်ခါး နားခါမှသိ'' ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။

Ref: Malaysia 1MDB: EX-PM Najib arrested by anti-corruption officials

No comments:

Post a Comment