Latest News

Saturday, July 7, 2018

ကုန်သွယ်ရေး စစ်ပွဲကြီး စ ပြီ

ဂျုလိုင် လ ၇ ရက်နေ့ သန်းကောင်ကျော် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မနက် ၁၂:၀၁ နောက်ပိုင်း အမေရိကန် ဆိပ်ကမ်း များ နှင့် နယ်ခြားသို့ ၀င်ရောက်လာမည့် တရုတ် သွင်းကုန် များနှင့် ကုန်လှောင်ရုံများ မှ ထုတ်လာမည့် ကုန်စည် စုစုပေါင်း ၈၁၈ မျိုး အား တန်ဖိုး၏ ၂၅ % ကို စည်းကြပ်မည့် သမ္မတ ဒေါ်နယ် ထရန့် ၏ အမိန့်က စတင် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၄ ဘီလီယံ ခန့်ရှိ ကုန်စည်များကို စည်းကြပ်လာခြင်းသည် သမိုင်းတွင် အကြီးမားဆုံးဟု ဆိုနိုင်သော ကုန်သွယ်ရေး စစ်ပွဲကြီးက စတင်လာပြီဟု ဆိုရမည် ဖြစ်သည်။

တရုတ်ပြည်ကလည်း လက်တုန့်ပြန်သည့်အနေဖြင့် စက္ကန့်ပိုင်းအတွင်းမှာပဲ အလားတူ ပမာဏ ရှိသော စက်မှုလုပ်ငန်းသုံး စက်ရုပ်များ အပါအ၀င် အမေရိကန် ကုန်စည်များ ကို အခွန်စည်းကြပ်ကြောင်း ကြေငြာခဲ့ပေသည်။ ထို့အပြင် ကမ္ဘာ ကုန်သွယ်ရေး အဖွဲ့ကြီး ထံလည်း တင်ပြတိုင်တန်းသွားမည်ဟု ဆိုသည်။

ထို့အတွက် မွန်တာနား ပြည်နယ်သို့ Air Force One လေယာဉ်ကြီး ဖြင့် ခရီးထွက်နေသော ဒေါ်နယ် ထရန့်က နောက်ထပ်နှစ်ပါတ်အတွင်း ၁၆ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများကို အခွန်စည်းကြပ်ဦးမည်ဟု ပြောလာခဲ့ပြန်သည်။

အမေရိကန်မှ တရုတ်မှ ကုန်ပစ္စည်းများ ကို တရုတ်က ၀ယ်ယူသည့် ပမာဏ ထက် လေးဆခန့် ၀ယ်ယူလျက်ရှိနေသောကြောင့် တရုတ် အနေဖြင့် အခွန်စည်းကြပ်မှု ကို လက်တုန့်ပြန် ပြုလုပ်လည်း အမေရိကန်တို့ ဖက်က အသားစီးရနေသည်ဟု ဒေါ်နယ် ထရန့် ယုံကြည်ထားခဲ့ပြီးလည်း ဖြစ်သည်။ သို့သော်လည်း အမေရိကန် အိမ်ထောင်စုများ အဖို့ တရုတ် ကုန်ပစ္စည်းများကို ဈေးကြီးပေး ၀ယ်ယူလာရဖို့ ရှိနေသည်။ ဒေါ်နယ် ထရန့်က မူ ရေရှည်တွင် တရုတ်တို့ဖက်မှ လိုက်လျောလာရလိမ့်မည်ဟုလည်း ယုံကြည်နေပြန်သည်။ ထိုအထဲတွင် အမေရိကန် နည်းပညာ များ ခိုးယူခြင်း အား တားဆီးခြင်း နှင့် ကုန်သွယ်ရေး လိုငွေများ တဖက်စောင်းနင်း ဖြစ်နေမှုအား လျော့နည်းအောင် လုပ်ပေးရေး တို့ ဖြစ်သည်။

အမေရိကန်တို့၏ လုပ်ရပ်သည် တရုတ်တို့မှ ကြေငြာထားသော “Made in China 2025” အစီအမံများကို စိုးရိမ်တကြီး လက်တုန့်ပြန်လာခြင်းသာ ဖြစ်သည်။ တရုတ် တို့မှ ဆီမီးကွန်ဒပ်တာ များ အပါအ၀င် နည်းပညာ များနှင့် ဆက်စပ်နေသော စက်မှု လုပ်ငန်းများ တွင် ကမ္ဘာ နံပါတ် တစ် ဖြစ်လာစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သောကြောင့်ပင်၊ ထို့အတွက် တရုတ်နိုင်ငံ အတွင်း လုပ်ကိုင်နေကြသော အမေရိကန် ကုမ္ပဏီများ၏ နည်းပညာ ပိုင်ဆိုင်မှုများကို အတင်းအကျပ် ၎င်းတို့ထံ လွှဲပြောင်းပေးရေး အရှိန်မြင့် လုပ်လာနိုင်မည့်အရေးကို အဓိက စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။ ထို့အပြင် အခြား မတရားနည်းလမ်းများ သုံးကာ အမေရိကန် ကုမ္ပဏီများ အား အနိုင်ကျင့်လာနိုင်စရာ ရှိသည်ဟု ယူဆခဲ့ကြပြန်သည်။ သို့သော် ၀ါရှင်တန်ရှိ လေ့လာသူများ အဆိုအရ တရုတ်ပြည်မှ တင်သွင်းလာနေသော ဒေါ်လာ ၃.၆ ဘီလီယံ ဖိုးရှိ ဆီမီးကွန်ဒပ်တာ များသည် အမေရိကန် ကုမ္ပဏီ ကြီးများ၏ လက်ခွဲများမှ တင်ပို့နေခြင်း ဖြစ်ပြီး အမေရိကန်ပြည်တွင်းတွင် Chip များအား ဒီဇိုင်း ပြုလုပ်ခြင်းသာ ရှိပြီး တပ်ဆင် စမ်းသပ်ခြင်းများကို လုပ်အား အများအပြား သုံးရသည့် တရုတ်ပြည်တွင် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်ဟု သိရသည်။

အမေရိကန်ကမူ နိုင်ငံတွင်းရှိ နည်းပညာ လုပ်ငန်းများတွင် တရုတ် တို့ ၀င်ရောက် ရင်းနှီးမြုပ်နှံမှု ပမာဏ ကို ကန့်သတ် ပြဌာန်းသွားရန်လည်း အမေရိကန်တို့မှ ပြုလုပ်ကြဦးမည်လည်း ဖြစ်သည်။ ထို့အပြင် အမေရိကန်ရှိ လေကြောင်း နှင့် စက်ရုပ် ထုတ်လုပ်ရေး ပညာရပ်များ လာရောက်သင်ကြားမည့် တရုတ် ကျောင်းသားများ အတွက် ဗီဇာ သက်တမ်းကို ကန့်သတ်သွားရန်လည်း စဉ်းစားလာနေကြပြီ ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ လောလောဆယ်တွင် ကမ္ဘာ ကုန်သွယ်ရေး နှေးကွေးသွားပြီး ကမ္ဘာတ၀ှမ်းရှိ စီးပွားရေး တိုးတက်မှု နှုန်းများကို အရှိန် အဟုန် နှင့် ရိုက်ခတ်ခံရတော့မည်ကား သေချာနေပြီ ဖြစ်သည်။ သောကြာနေ့က အာရှ ရှိ စတော့ဈေးကွက်များ တွင် ဈေးနှုန်းများ စတင် ထိုးကျလာခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

ကုမ္ပဏီများ အနေနှင့် အဆိုပါ နှစ်နိုင်ငံ နှင့် မပါတ်သက်သော နေရာများမှ ၀ယ်သူများ နှင့် ပစ္စည်း သွင်းနိုင်သူများကို မဖြစ်မနေ လှည့်ပါတ် ရှာကြရတော့မည်လည်း ဖြစ်သည်။ အမေရိကန်ရှိ အာကာသ လေကြောင်းနှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ အနေဖြင့် ထွက်ကုန်များကို တရုတ်ကိုသာ အဓိက ထား ရောင်းချနေရသဖြင့် ထိခိုက်လာရဖို့ ရှိနေပေသည်။

တရုတ်ပြည်မှ အလျူမီနမ် နှင့် သံမဏိ ကုန်ကြမ်းများကို ၀ယ်ယူတင်သွင်းပြီး ပြည်တွင်းတွင် အရေကြို ပုံသွင်း ခြင်း ပြုလုပ်နေသည့် ကုမ္ပဏီများလည်း အခြားသို့ ရွှေ့ပြောင်းသွားနိုင်ပြန်ပေသည်။

အမေရိကန်၏ စီးပွားရေးသည် အိုင်ဖုန်း ဒီဇိုင်းများ တည်ထွင်ခြင်း ကဲ့သို့သော လုပ်ငန်းများကို အမှီပြုနေရပြီး လေယာဉ် နှင့် ကား အတွင်းပစ္စည်းများ ကို အကြိမ်ကြိမ် မှာယူ တင်သွင်းနေရသည်။ ကုမ္ပဏီများ အဖို့ သွင်းကုန်များ ကို အစားထိုးဖို့ လုပ်အား နှင့် ရင်းနှီးမြုပ်နှံငွေများကို ပြန်လည် လမ်းကြောင်းလွှဲလာရဖို့ ရှိနေပေသည်။

ခန့်မှန်းချက်များ အရ အမေရိကန် တွင် အလုပ်အကိုင်ပေါင်း ၅၅၀,၀၀၀ ခန့် ဆုံးရှုံးဖွယ် ရှိနေပြီး တရုတ်အနေဖြင့် ပို၍ ပြင်းထန်နိုင်ဖွယ် ရှိနေသည်ဟု သိရသည်။ ထရန့်အပေါ် ခန့်မှန်းရ ခက်နေမှုများကြောင့် စည်းကြပ်ခွန်များ ဒီထက် တက်လာမလား ကျသွားမလာ ကို ကုမ္ပဏီများ အဖို့ မသိနိုင် ဖြစ်နေကြရသည်။

ထရန့် မှ ၎င်း လုပ်ရပ်ကြောင့် Supply Chain တခုလုံး အမေရိကန်သို့ ရွှေ့ပြောင်းလာမည်ဟု တွက်ဆနေသော်လည်း အာရှ ရှိ အခြား ဒေသများသို့ ရွှေ့ပြောင်းသွားနိုင်သည့် အလားအလာများကို တွေ့နေရပေသည်။ တရုတ် နှင့် ဂျပန်အပါအ၀င် အာရှ ရှိ ခွန်အားရှိလှနေသော စီးပွားရေး နိုင်ငံများက အချင်းချင်း ဈေးကွက်များ ဖွင့်ပေးလာနိုင်သဖြင့် ဒေါ်နယ် ထရန့် ကိုယ်စားပြုနေသည့် ၃၂၆ သန်းသော လူများ အဖို့က ကုန်သွယ်ရေး အတားအဆီးများ နောက်ကွယ်မှ ငေးမော ရပ်ကြည့် ကျန်ရစ်ခဲ့ဖို့သာ ရှိပေသည်ဟု ပညာရှင်များ က သုံးသပ်လျက် ရှိနေကြသည်။

အီးယူမှလည်း ၎င်းတို့ ၏ သံမဏိနှင့် အလျုမီနမ် များ အပေါ် အခွန်စည်းကြပ်လာမှုများကို လက်တုန့်ပြန်မည့် အလားအလာများလည်း ရှိနေပေသည်။

အမေရိကားသည် ကမ္ဘာစီးပွားရေးကြီး အတွက် မောင်းနှင်အား ကောင်းလှသည် အင်ဂျင်ကြီး ဖြစ်သော်လည်း ဒရိုင်ဘာ ခုံတွင် ထိုင်နေသည်က အန္တရာယ် များလှသော ထရန့် ဖြစ်နေပေသည်။

ကုန်သွယ်ရေး နှင့် ရေရှည် ဖွံ့ဖြိုးမှု ဆိုင်ရာ နိုင်ငံတကာ ဌာနမှ ဒီမီထရီ ဂရိုဇောက်ဘင်စကီး ကမူ ကုန်သွယ်ရေး စစ်ပွဲ ဟူသည် မိမိတို့ မြို့ကြီးများကို ဖေါက်ခွဲဖျက်ဆီးပြီး ထွက်လာမည့် မီးခိုး များကြောင့် နယ်ခြား တဖက်ရှိ လူများ မျက်စိစပ်စေရန် ဟူသော မျှော်လင့်ချက်မျိုးသာ ဖြစ်ပေသည်ဟု ထောက်ပြသွားခဲ့ပေသည်။
လှစိုးဝေ

(Nikkei Asian Review နှင့် The Economist ပါ ဆောင်းပါးများမှ ကောက်နှုတ်တင်ပြသည်)

No comments:

Post a Comment