Latest News

Saturday, July 7, 2018

ပိန္နဲသီးအကြောင်းသိကောင်းစရာ

ပိန္နဲသီးအကြောင်းသိကောင်းစရာ

အနံ့အရသာနဲ့ပြည့်စုံပြီး အသားထူတဲ့ mulberry မျိုးနွယ်ဝင် ပိန္နဲသီးပင်ကို ဘီစီ ၂ဝဝဝ ခန့်ကတည်းက အိန္ဒိယနိုင်ငံ တောင်ဘက်ပိုင်းမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ယခုအခါ မှာတော့ အရှေ့တောင်အာရှ နိုင်ငံများ မှာသာမက အပူပိုင်းစိုစွတ်သော ဒေသများဖြစ်ကြတဲ့ ဂျမေကာ၊ ထရီနီးဒတ်နှင့် အာဖရိကအရှေ့ပိုင်းတို့မှာလည်း ကျယ်ပြန့်စွာ တွေ့ရှိရပါတယ်။ ယနေ့ကမ္ဘာပေါ်တွင် မလေးရှားနိုင်ငံထွက် ပိန္နဲသီးသည် အရသာ အကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့သစ်သီးဈေးကွက်တွင် လူကြိုက်များ၍ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရရှိနေပါတယ်။ ပိန္နဲပင်တို့သည် ကမ္ဘာ့အကြီးဆုံးသီးနှံပင် အမျိုးအစားဖြစ်ကာ အစိမ်းရောင် နှစ်ရှည်ခံပင်များ ဖြစ်ကြပါတယ်။ သူရှင်သန်ပေါက် ရောက်ရာဒေသနှင့် အမျိုးအစားပေါ် မူတည်ကာ တစ်ခါတစ်ရံတွင် ၉ဝ စင်တီမီတာအထိ မြင့်သော အပင်ကြီးများကို တွေ့ရတတ်ပါတယ်။ အပင်၏ ပင်စည်ထဲမှာသာမက အရွက်နှင့် အသီးထဲရှိ အူလယ်တိုင်များမှာလည်းစေးကပ်သော အဖြူရောင်အစေးများ ပါရှိကြပါတယ်။ အသီးရဲ့ပုံသဏ္ဌာန်က ဘဲဥသို့မဟုတ် အလုံးပုံစံဖြစ်ပြီး အရွယ်အစား ကတော့ ၁၅ ကီလိုမှ ကီလို ၅ဝ အထိရှိတတ်ပါတယ်။ သစ်သီးတို့ထုံးစံအတိုင်း မမှည့်ခင်မှာ အခွံစိမ်းဖြစ်ပြီး မှည့်လာတဲ့အခါမှာတော့ အဝါရောင်သန်းကာ ရနံ့လည်း မွှေးလာပါပြီ။ ပိန္နဲသီးမမှည့်ခင် အသီးထဲရှိအသားမှာ ဖြူဖျော့ဖျော့နှင့် အချိုအလွန် ပေါ့ပါတယ်။ အသီးအမြန်မှည့်စေရန် အသီးရဲ့အညှာရိုးတံနားကပ်ပြီး သစ်သားတုတ်တစ်ချောင်းရိုက်ထည့်ပေးရပြီး မြန်မာအယူအဆအရ သပ်ရိုက်တယ်လို့ဆိုပါတယ်။ အသီးမှည့်လာတဲ့အခါမှာတော့ အခွံပျော့ လာပြီး အထဲရှိအသားမှာ အဝါရောင်ဖြစ်ကာ မွှေးကြိုင်ချိုမြပြီး အလွန်အရသာကောင်းပါတယ်။ ပိန္နဲသီးတို့သည် ပူနွေးသောရာသီတွင် လှိုင်လှိုင်ပေါလေ့ရှိပြီး အိမ်မာနှင့်အိမ်ပျော့ဟူ၍ နှစ်မျိုးရှိကာ အသားထူပြီး အဆန် ထဲမှာ အချိုရည်တွေ အိုင်နေတတ်တဲ့ အသားကြွပ်ဆတ်ဆတ် အိမ်မာသီးကို လူကြိုက်များလှပါတယ်။ ပိန္နဲသီးကို အခွံနွှာကာ သစ်သီးအဖြစ် အဆာပြေစားကြသလို ယို၊ ဂျယ်လီ၊ ရေခဲမုန့်၊ စည်သွတ်ဘူးအဖြစ်သော် လည်းကောင်း၊ အစေ့ကိုပြုတ်၍သော် လည်းကောင်း၊ အသီးနုနုကိုပြုတ်ကာ ပိန္နဲသီးသုပ်၊ ပိန္နဲသီးသနပ်၊ ဝက်နံရိုးပိန္နဲသီးဟင်းရည်၊ ပိန္နဲသီးထားဝယ်ချက်၊ တာလပေါ့ဟင်းရည် စသည်ဖြင့် အမျိုးမျိုးချက်စားနိုင်ပါတယ်။

 ပိန္နဲသီးနှင့်ကျန်းမာရေး

 ပိန္နဲသီးဟာ အနံ့အရသာရှိရုံမျှမက လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်ကြတဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ ပိုတက် စီယမ်၊ သံဓာတ်၊ သီအာမင်၊ ရီဘိုဖလာဗင်၊ နီအာစင်း၊ မဂ္ဂနီစီယမ်၊ ဇင့် စသည်တို့ အမြောက်အမြား ပါရှိတဲ့အပြင် ဘေးဥပဒ်ဖြစ်စေသော ကယ်လိုရီပမာဏ ပါဝင်မှုနည်းကာ ကြေညက်လွယ်သော အမျှင်ဓာတ် အလုံအလောက် ပါရှိတာမို့ ခွန်အားဖြစ်စေတာ အမှန်ပါ။ အသီးသာမက အစေ့နှင့်အမြစ်တို့ကလည်း ဆေးဖက်ဝင်ကြပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း၏ ဓာတ်ခွဲစမ်းသပ်ချက်အရ ၁ဝဝ ဂရမ် ပမာဏရှိသော ပိန္နဲသီးထဲတွင် ဆိုဒီယမ် သုံးမီလီဂရမ်၊ ကစီဓာတ် ၂၄ ဂရမ်၊ ကြေညက်လွယ်သော အမျှင်ဓာတ် နှစ်ဂရမ်၊ ပရိုတင်း တစ်ဂရမ်၊ ဗီတာမင်အေ ၂၉၇ IU၊ ဗီတာမင်စီ ၆ ဒသမ ၇ မီလီဂရမ်၊ သီအာမင် သုည ဒသမ ဝ၃ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၁ မီလီ ဂရမ်၊ နီအာစင်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီ-၆ သုည ဒသမ ၁ဝ၈ မီလီဂရမ်၊ ဖောလိပ် ၁၄ မိုက်ခရိုဂရမ်၊ ကယ်လ်စီယမ် ၃၄ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၆ မီလီ ဂရမ်၊ မဂ္ဂနီစီယမ် ၃၇ မီလီဂရမ်၊ ဖော့စဖော့ရက် ၃၆ မီလီဂရမ်၊ ပိုတက်စီယမ် ၃ဝ၃ မီလီဂရမ်၊ ဆိုဒီယမ် ၃ မီလီဂရမ်၊ ဇင့် သုည ဒသမ ၄၂ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၁၈၇ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၁၉၇ မီလီဂရမ်၊ စီလီနီယမ် သုည ဒသမ ၆ မိုက်ခရိုဂရမ်၊ အဆီ သုည ဒသမ ၃မီလီဂရမ်၊ ပြည့်ဝဆီ သုည ဒသမ ဝ၆၃ မီလီဂရမ်၊ မိုနိုမပြည့်ဝဆီ သုည ဒသမ ဝ၄၄ မီလီဂရမ်၊ ပိုလီမပြည့်ဝဆီ သုည ဒသမ ဝ၈၆ မီလီဂရမ်၊ ကယ်လိုရီ ၉၄ တို့ အသီးသီးပါရှိကြပါတယ်။ ပိန္နဲသီးမှာ လူကိုအကျိုးပြုစေတဲ့ ဗီတာမင်စီ များစွာပါဝင်တာကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးတို့လို ရာသီဖျား ရောဂါများနှင့် ပြင်ပဗက်တီးရီးယားပိုး အမျိုးမျိုးတို့ မကူးစက်နိုင်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးဖြူဥဆဲလ်တွေကို ကောင်းကျိုးပြုတာကြောင့် ကိုယ်ခံ စွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏကို ပိန္နဲသီးတစ်ခွက်စာထဲမှာ အလုံ အလောက် ရရှိစေနိုင်ပါတယ်။ ပိန္နဲသီးမှာ ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ အပြင် ကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်တဲ့ phytonutrients များ၊ lignans, isofl avones နှင့် saponins ဓာတ်တို့ ပါရှိကြပါတယ်။ ၄င်းဓာတ်တွေက ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်စေမှု ကိုအားပေးတဲ့ Free radicals များကို ဖယ်ရှားသုတ်သင် ပေးတဲ့အပြင် ခန္ဓာကိုယ်ထဲရှိ ကင်ဆာဖြစ် စေနိုင်သော ဆဲလ်များကို ကာကွယ်ပေးတာ ကြောင့် ကင်ဆာမဖြစ်စေနိုင်ပါဘူး။ ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာ ပါရှိခြင်းကြောင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ အူကိုကောင်းစွာ အလုပ်လုပ်စေတဲ့ အတွက် ဝမ်းမှန်စေတဲ့အပြင် အူအမြှေးပါးတွေကို ကျန်းမာစေလို့ အူမကြီးကင်ဆာ မဖြစ်စေနိုင်ပါဘူး။ ပိန္နဲသီးမှာ ခန္ဓာကိုယ်တွင်းရှိ ဖက်ခွက်နာ၊ ပြည်တည်နာများ မဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါရှိနေတာကြောင့် အစာအိမ်နာနှင့် အူလမ်းကြောင်း ရောဂါဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးတစ်ခွက်စာ ပမာဏထဲတွင် ပါရှိသော ဗီတာမင်အေသည် မုန်လာဥနီတစ်ခွက်စာ ထဲတွင် ပါရှိမှု၏ လေးပုံတစ်ပုံဖြစ်၏။ ပိန္နဲသီးကို စားပေးခြင်းဖြင့် အရွယ်မတိုင်ခင် မျက်စိမှုန်ခြင်း၊ အမည်းရောင် အစက်အပြောက်များ ပေါ်ခြင်းနှင့် ကြက်မျက်သင့်ရောဂါစတဲ့ မျက်ကြည်လွှာ အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပိန္နဲသီးထဲမှာ ဖရက်တို့စ်နဲ့ဆူးခရို့စ်တို့လိုအသီးအနှံမှရသော သဘာဝသကြားဓာတ်တွေ ပါဝင်တာကြောင့် ပိန္နဲသီးစားပြီးတာနဲ့ တစ်ပြိုင်နက်တည်း သိသိသာ သာ ခွန်အားတိုးပွား လာစေမှာပါ။ စွမ်းအားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ကျန်းမာရေးအတွက် ဘေး ထွက်ဆိုးကျိုးဖြစ်စေသော ပြည့်ဝဆီနဲ့ ကိုလက်စထရော တို့လုံးဝမပါလို့ နှလုံးကို ကျန်းမာစေပါတယ်။



ပိန္နဲသီးမှာ ဗီတာမင် B6 ပါရှိလို့ သွေးထဲရှိ့  homocystein ပမာဏကို ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ ရုတ်တရက် သွေးအားတက်ခြင်း၊ ကျခြင်းတို့ မဖြစ်စေနိုင်ပါ။ ဒါ့အပြင် သွေးတိုးကို ကျစေပြီး သွေးတိုးရောဂါနဲ့ ဆက်စပ်သော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပေါ်မှု အလားအလာကို နည်းပါးစေပါတယ်။ ပိန္နဲသီးထဲရှိ ပိုတက်စီယမ်ဟာ ငှက်ပျောသီး ထဲမှာပါတဲ့ ပိုတက်စီယမ်ရဲ့ ထက်ဝက်မျှ ပမာဏပါရှိလို့ အရိုးများကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင် ပိန္နဲသီးထဲမှာ မဂ္ဂနီစီယမ်ဓာတ် ပေါကြွယ်ဝတာကြောင့် ကယ်လ်စီယမ် စုပ်ယူခြင်းကို အားပေးတဲ့အတွက် အရိုးများကို ကျန်းမာသန်စွမ်းစေပါတယ်။ ဗီတာမင်ဒီနှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်တတ်သည့် အရိုးကြွပ်ဆတ်ရောဂါ၊ အရိုးပါးရောဂါနှင့် အရိုးအလွယ်တကူ ကျိုးခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ကလေးငယ်များ အရိုးသန်စွမ်းစေရန်အတွက်လည်း ပိန္နဲသီးဟာ အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။ ပိန္နဲသီးထဲမှာ သံဓာတ်ပါရှိတာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲရှိ သွေးများ ကို ကောင်းစွာလည်ပတ်စီးဆင်းစေပါတယ်။ ပိန္နဲသီးထဲမှာ ပါရှိတဲ့ ကော့ပါးသတ္တုဓာတ်များက သိုင်းရွိုက်ရဲ့ ဇီဝကမ္မလုပ်ဆောင်ချက်များကို ကောင်းစွာအကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးတာကြောင့် သိုင်းရွိုက်ကို ကျန်းမာစေပါတယ်။ ပိန္နဲသီးထဲမှာ ကယ်လိုရီနှင့် အဆီဓာတ်ပမာဏပါဝင်မှု လွန်စွာနည်းပါးတဲ့အတွက် ခန္ဓာကိုယ်အလေးချိန် ပုံမှန် ထိန်းသိမ်းလိုသူများ အတွက် အထူးသင့်လျော် ကောင်းမွန်ပါတယ်။ သွေးမတိတ်ရောဂါ ဝေဒနာသည်များကို ကောင်းကျိုးပြုပါတယ်။ ဒါ့အပြင် သွေးမတိတ်နာများနှင့် အနာမကျက်ဘဲ မြုံနေသော ယဉ်းနာများကို ပိန္နဲသီးအသား အုံပေးခြင်းဖြင့် သက်သာစေနိုင် ပါတယ်။ ပိန္နဲသီးထဲမှာ ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါရှိလို့ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုမှ ကာကွယ်ပေးရုံသာမက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ပိန္နဲသီးဟာ စိတ်ဖိစီးခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို ကောင်းကောင်း ပျောက်ကင်းစေပါတယ်။ ခံတွင်းကို ကျန်းမာစေပါတယ်။

ပိန္နဲသီးအစေ့နှင့်ကျန်းမာရေး

ပိန္နဲသီးအစေ့ကို ပြုတ်စားပါက သွေးလေလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ သက်သာခြင်း၊ ခန္ဓာကိုယ်တွင်းအညစ် အကြေးစင်ကြယ်ခြင်း၊ အသားအရေကြည်လင်ခြင်း၊ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။ ပိန္နဲသီးအစေ့တစ်စေ့ကို နွားနို့အေးအေးထဲမှာ ခေတ္တစိမ်ထားပြီးနောက် အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပါ။ မျက်နှာပေါ်ရှိ အရေးအကြောင်းများပေါ်သို့ ၄င်း အနှစ်ဖြင့် သုတ်လိမ်းပေးခြင်းအားဖြင့် ရက်သတ္တလေးပတ်အကြာ သိသိသာသာ ထူးခြားကောင်းမွန် လာစေပါလိမ့်မယ်။ မျက်နှာပေါ်ရှိ အမာရွတ်များအတွက်ကိုတော့ ပိန္နဲသီးအစေ့ကို အခြောက်ခံပြီးနောက် နွားနို့၊ ပျားရည်တို့ဖြင့် အနှစ်ရအောင် ကြိတ်ခြေ၍ လိမ်းပေးပါ။

ပိန္နဲသီးပင်အမြစ်နှင့်ကျန်းမာရေး

ပိန္နဲသီးပင်အမြစ်မှထုတ်ထားတဲ့ အဆီဟာ ဝမ်းလျှောဝမ်းကိုက်ရောဂါကို ပျောက်ကင်း စေပါတယ်။ ပိန္နဲသီးပင်အမြစ်ဟာ အရေပြားပေါ်မှာဖြစ်တတ်တဲ့ ရောဂါတော်တော်များများကို ပျောက်ကင်းစေလို့ သနပ်ခါးနဲ့ ရော၍သော်လည်းကောင်း၊ သူ့ချည်းပဲသွေး၍လည်းကောင်း လိမ်းကျံပေးနိုင်ပါတယ်။ ပန်းနာရင်ကျပ်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်းနှင့် အပူကြီးဖျားနာခြင်းတို့အတွက် ပိန္နဲသီးပင်အမြစ်ကို ပြုတ်၍သော်လည်းကောင်း၊ သွေး၍သော်လည်းကောင်း သောက်သုံးပေးနိုင်ပါတယ်။

ပိန္နဲပင်နှင့် မျက်နှာပေါင်းတင်နည်းနှစ်သွယ်

ပိန္နဲသီး၊ အရွက်နှင့် အပင်မြစ်တို့ဟာ အသားအရေကို ကျန်းမာစေလို့ ယခုအခါ ၄င်းတို့ ဖြင့် ပြုလုပ်ထားသော ရေချိုးဆပ်ပြာ၊မျက်နှာသစ်ဆပ်ပြာ၊ လိုးရှင်းနှင့် ခေါင်းလျှော်ရည်တို့ကို အလှကုန်ဈေးကွက်မှာ ရောင်းချ လျက်ရှိပါတယ်။ ပျိုမေတို့အတွက် သတင်းကောင်းလေးပါ။ အောက်ပါနည်းလမ်းနှစ်သွယ်ဖြင့် မိမိအိမ်မှာ အလွယ်တကူ မျက်နှာပေါင်းတင်လို့ရတယ်နော်။ ပိန္နဲသီးအရွက် ၁ဝ ရွက်ကို ရေစင်အောင်ဆေးပြီး ရေအနည်း ငယ်ဖြင့်ညှစ်ချပါ။ ရရှိလာတဲ့ ပိန္နဲရွက်သတ္တုရည်ကို မျက်နှာအနှံ့လိမ်းကျံပြီးနောက် အခြောက်ခံထားပါ။ ၁၅ မိနစ်ခန့်အကြာမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ သင့်မျက်နှာ အသားအရေလေး နူးညံ့သန့်စင်သွားစေမှာ အမှန်ပါ။ အစေ့ဖယ်ထားသော ပိန္နဲသီးမှည့်မှည့် ငါးမြွှာရဲ့အသားကို ကြိတ်စက်ဖြင့်ကြိတ်ခြေပြီးနောက် ရရှိလာတဲ့အနှစ်ကို သကြားစားပွဲတင်ဇွန်း နှစ်ဇွန်းရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ မိနစ် ၂ဝ ခန့်အကြာမှာ ရေအေးအေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ဒီနည်းအတိုင်း တစ်ပတ်လျှင် တစ်ကြိမ်လုပ်ပေးရုံမျှဖြင့် သင့်မျက်နှာအရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသား အရေလေး ဝင်းမွတ်တောက်ပလာ ပါလိမ့်မယ်။

မှတ်ချက်

ပိန္နဲသီးအဆန်ကြီး၊ မကြီးကို အသီးခွံကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ အပြင်က ပိန္နဲခွံဆူးတွေ ကြီးပြီးကျဲနေရင် အသီးရင့်ပြီး အဆန်ပြည့်ပါတယ်။ အခွံဆူးတွေစိပ်ပြီး သေးနေရင် အသီးနုပြီး အဆန်ကျဲပါတယ်။ ပိန္နဲသီး အစေးဟာ အလွန်စေးကပ်လို့ အဝတ်အစားများ စွန်းထင်းပါက ရေနဲ့ဘယ်လိုဆေးဆေး မပြောင်တော့ပါဘူး။ အသီးခွံကို ခွဲတော့မယ် ဆိုရင် အစေးများကပ်မနေစေဖို့ လက်နှင့်ဓားတို့ကို ဦးစွာဆီသုတ်ပါ။ အစေးတွေ လက်ပေါ်ပေသွားရင် လက်ကို ဆန်အိုးထဲထည့်ပြီး ဆန်တွေနဲ့ပွတ်သပ်ပေးပါ။

သတိပြုရန်

ပိန္နဲသီးကို ပျားရည်နဲ့ တွဲဖက်စားမိပါက အော့အန်တတ်ပါတယ်။ အချိုဓာတ်များသော အချို့ပိန္နဲသီးတို့ကို ဆီးချိုရောဂါသည်များ မစားသင့်ပါ။ ကိုယ်ဝန်ဆောင်သည်များနှင့် အမျိုးသမီးများ ဓမ္မတာလာစဉ်မှာလည်း ပိန္နဲသီးကို အလွန်အကျွံ မစားသင့်ပါ။ estrogen hormone ကိုပျက်စီးစေနိုင်လို့ပါ။ ပိန္နဲသီးဟာ ပင်ကိုသဘာဝအရ ကြေညက် ခဲတဲ့အစာဖြစ်လို့ ညက်ညက်ဝါးစားပါ။ အစာအိမ်ရောဂါသည်များ အလွန်အကျွံစားပါက အစာကိုချေဖျက်ပေးတဲ့ အက်စစ်ဓာတ်များ တဖြည်းဖြည်းတိုးပွားလာကာ အစာအိမ် သွေးကြောပေါက်ခြင်း ဖြစ်တတ်ပါတယ်။ ပိန္နဲသီးသည် အနံ့အရသာနှင့် ပြည့်စုံသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်ဓာတ်စာ တစ်မျိုးလည်းဖြစ်ပေ၏။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်ပြည့် ကစီဓာတ်၊ ဗီတာမင်နှင့်သတ္တုဓာတ်တို့ အများအပြား ပါဝင်နေတဲ့ အံ့မခန်းပိန္နဲသီးကိုသဘာဝရဲ့အာဟာရအဖြစ် စားသုံးကြပါရန် တိုင်တွန်းလိုက်ပါတယ်။   ။

MWD

No comments:

Post a Comment