Latest News

Tuesday, July 24, 2018

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ထားရှိရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ထားရှိရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ထားရှိရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁ဝ နာရီက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး  အစည်းအဝေး ခန်းမတွင်ပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသအခြေပြု လူမှုအဖွဲ့အစည်း များ၊ သတင်းမီဒီယာ ၁၁ ခုမှ သတင်း ထောက် ၂၅ ဦးတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားရာတွင်  ကယားပြည်နယ်  လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် သွန်းလုပ်ထားရှိရေး အများ ပြည်သူဆန္ဒနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် အစည်း အဝေး သုံးကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် လည်းကောင်း၊ ဧပြီ ၃ဝ ရက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်ခန်းမ၌ လည်းကောင်း၊ ဇွန် ၂ဝ ရက် မွန်းလွဲ ၂ နာရီတွင်  ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတို့တွင် လည်းကောင်း  သဘောထားရယူ  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ဆက်လက်၍ ဗိုလ်ချုပ် ကြေးရုပ် ထားရှိလိုခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့၏  ကျေးဇူးရှင်၊  တောင်တန်းမြေပြန့်  မခွဲခြားဘဲ ဗြိတိသျှကိုလိုနီတို့လက်အောက်မှ     တစ်ချိန်တည်း၊  တစ်ပြိုင်တည်း လွတ်မြောက်စေရန်၊ တိုင်းရင်းသားများ အားလုံး ဥမကွဲသိုက်မပျက် တစည်းတလုံးတည်းနေနိုင်ရန်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်အဝဖြင့်     ကိုယ်ကျိုး စွန့်လွှတ်ပြီး လွတ်လပ်ရေးရယူပေးခဲ့သော  လွတ်လပ်ရေး  ဗိသုကာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ကယားပြည်နယ် တွင်  မရှိသေးသဖြင့်  လွိုင်ကော်မြို့တွင်  နောင်လာ နောက်သားများ အတုယူတတ်စေရန် တည်ဆောက်ထား ရှိလိုခြင်း ဖြစ်ပါကြောင်း။

ထို့နောက်  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကယား ပြည်နယ်သာ ရှိပါကြောင်း၊ ကယားပြည်နယ်သည် ၁၉၅၂ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့ပြီး ကယားပြည်နယ်နေ့ အခမ်း အနားများကို နှစ်စဉ်ကျင်းပခဲ့သည်မှာ (၆၆)နှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါကြောင်း၊  အခြေခံဥပဒေနှင့်အညီ ခေါ်ဝေါ် သုံးစွဲစေချင်ပါကြောင်း၊ ပြည်ထောင်စုကြီး ပြိုကွဲစေမည့်   အခေါ်အဝေါ်အသုံးအနှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုကို ပျက်စီးစေမည့် အပြောအဆို၊ အရေးအသားများကို ရှောင်ကြဉ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေး  ထာဝရခိုင်မြဲစေမည့် ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြောဆိုသုံးနှုန်းရန် တိုက်တွန်းအပ်ပါကြောင်း၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို အလေးအနက်ထားကြရန် သတိချပ်စေလိုပါကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက် ထားရှိရေးကို ဆန့်ကျင်ကန့်ကွက်နေကြသည့် ကရင်နီပြည် လူငယ်များသမဂ္ဂနှင့်  ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂအဖွဲ့များ၏ ဇူလိုင် ၃ ရက်  ဆန္ဒပြမှုကိုလည်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ သက်ညှာစွာ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဖြစ်ပါကြောင်း။

လွိုင်ကော်မြို့တွင်  ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်ထားရှိရေးကို ကယားပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်တည်ဆောက်နေမှုအား ကရင်နီပြည်လူငယ်များ သမဂ္ဂနှင့် ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂအဖွဲ့ များက ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းကြောင့် ဇူလိုင် ၂ဝ ရက် နံနက် ၉ နာရီမှာ ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊  သို့သော်လည်း ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)နှင့် ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ (KSSU)အဖွဲ့တို့က တစ်ဖက်သတ်စွပ်စွဲပြောဆိုပြီး မတိုင်ပင် မဆွေး နွေးရဘဲ အစည်းအဝေးခန်းမမှ ထွက်ခွာသွားခဲ့ကြသည့် အတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါကြောင်း၊ ကျန်ရှိ သူများနှင့် ဆက်လက်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် လူမှုအဖွဲ့အစည်းများက မိမိတို့ ဦးဆောင်ဦးရွက်မှုဖြင့်သာ ကော်မတီဖွဲ့စည်းပြီး  ကြိုးပမ်းဆောင်ရွက်လိုကြောင်း တင်ပြခဲ့ကြသည့်အတွက်  လက်ရှိ ပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားသည့် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီအား  ဖျက်သိမ်းပေးလိုက်ပါကြောင်းနှင့် ဗိုလ်ချုပ် ကြေးရုပ်တည်ဆောက်ရေး  ပြည်သူ့ဆန္ဒသဘောထား ကောက်ယူ၍ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးသည့်  ပြည်သူလူထုအခြေပြုကော်မတီ ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ပြီး ပြည်နယ်အစိုးရအနေဖြင့် လိုအပ်သောအကူအညီ များနှင့် ဝိုင်းဝန်းပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  အများပြည်သူ၏ သဘောဆန္ဒအရ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူထားရှိရေး ဒေသခံပြည်သူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် Video Clip ပြသခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးခင်မောင်ဝင်းက ကရင်နီပြည်လူငယ်များသမဂ္ဂ၊ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂတို့၏ သဘောထား ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည့် အချက်များသည် ပြည်နယ်အစိုးရအဖွဲ့၏ ဆွေးနွေးချက်များနှင့် လွဲမှားနေမှု များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်က     ဆန္ဒဖော်ထုတ်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ထားမှု အခြေအနေကို လည်းကောင်း  ရှင်းလင်းပြောကြားကြပြီး သတင်းမီဒီယာ များက မေးမြန်းသည့်မေးခွန်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

သတင်းစာရှင်းလင်းပွဲသို့  နိုင်ငံပိုင်မီဒီယာများ အပါ အဝင်Skynet၊ Eleven Media Group၊ DVB၊ ကန္တရဝတီတိုင်းမ်၊ ဒီမိုကရေစီတူဒေး၊ ရွှေတြိဂံ၊ 7 Day၊Karenni Times စသည့် သတင်းမီဒီယာများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

 ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment