သထုံနှင့် ဘီးလင်းအကြားတွင် ရေကြီးမှုကြောင့် ခရီးသွားမော်တော်ယာဉ်များ နှစ်ရက်ကြာ ပိတ်မိနေဆဲ
သထုံ ဇူလိုင် ၂၈
မွန်ပြည်နယ် သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်ကြား ရွှေရောင်ပြလမ်းဆုံအနီးမှ ဘီးလင်းမြို့နယ် ဘီးလင်း တံတားကြားတွင် ဇူလိုင် ၂၄ ရက်မှ စတင်၍ ယနေ့ အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင် အဝေးပြေးကားလမ်းမကြီးပေါ်တွင် ရေကျော်မှုများ ဖြစ်ပေါ်နေသည့်အတွက် ခရီးသွားမော်တော်ယာဉ် များ၊ ပြည်သူများသည် ဇူလိုင် ၂၆ ရက် ညနေပိုင်းမှ စတင်၍ ယခုအချိန်ထိ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီအထိ အဝေးပြေး လမ်းမပေါ်တွင် ရေအနည်းငယ်ကျဆင်းသွား သော်လည်း
ခရီးသွားလာမှုစိတ်ချရခြင်းမရှိသေး၍ ကားများဖြတ်သန်းသွားလာခွင့်ကို ခေတ္တ ပိတ်ထားသောကြောင့် တချို့ခရီးသည်များ ၊ ခရီးသည်တင်ယာဉ်များသည် နောက်ကြောင်းသို့ ပြန်လှည့်သွားသူများရှိသော်လည်း တချို့မှာ ဒုံဝန်းကျေးရွာမှ ရေကြီးရာ ရွှေရောင်ပြလမ်းဆုံအထိ ရပ်တန့်ထားသော ကားတန်းအရှည်မှာ တစ်မိုင် ကျော်ခန့် ရှိနေသေးကြောင်း သိရသည်။ ''နှစ်ရက်ရှိသွားပါပြီ၊ ကားသွားမရလို့ ပိတ်မိနေတာပါ၊ နောက်ကြောင်းပြန်မလှည့်တော့ပါဘူး။ ဖြတ်လို့ရမယ့်အချိန်ကို စောင့်နေတာပါ။ ဒီအနီးတစ်ဝိုက်ရှိ ဒေသခံတွေက ထမင်း၊ စားစရာ၊ သောက်ရေတွေ အပြင် ကျန်းမာရေးစောင့်ရှောက်မူပါ ခရီးသည်တွေအတွက် လာရောက်ကူညီနေလို့ အဆင်ပြေပါတယ်''ဟု မိုးကောင်းကင် ခရီးသွားယာဉ်မှ ခရီးသည်တစ်ဦးက ပြောသည်။
ခရီးသွားများ၊ ရေဘေးသင့်ပြည်သူများအတွက် ဒေသခံစေတနာရှင်များ သာမက သထုံ၊ မုဒုံ အစရှိသော မြို့များက ကုသိုလ်ရှင်များကလည်း ကားကြီး၊ ကားငယ် လေးများနှင့် လာရောက်၍ စားသောက်စရာများကို လိုက်လံလှူဒါန်းနေကြောင်း သိရသည်။ ''အခက်အခဲဖြစ်နေတဲ့ ခရီးသွားတွေအတွက်ရော ရေဘေးသင့်နေတဲ့ ကျေးရွာတွေကိုပါ သွားပြီး အခြေအနေကောင်းတဲ့အထိ ကူညီမှာပါ''ဟု သုဝဏ္ဏဝတီ မြို့မှ စေတနာရှင်ပြည်သူတစ်ဦးက ပြောသည်။ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက ရေဘေးရှောင်ခရီးသွားများအပြင် ရေဘေးသင့်ကျေးရွာများသို့ အဖွဲ့များခွဲ၍ ကျန်းမာရေးဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ ရေကြီးရာ နေရာ များတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ အဖွဲ့အစည်းများမှ အချိန်ပြည့် ကူညီမှုများပေးနေကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက် ညနေအချိန်မှ ငါးကြင်းအင်း ဘုန်းတော်ကြီးကျောင်း၌ ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်ထား၍ ငါးကြင်းအင်းကွင်းစပ်ပိုင်းမှ ရေဘေးသင့်သူ အိမ်ထောင်စု ၄၇ စု လူဦးရေ ၂၁ဝ ၊ ခရီးသွားဧည့်သည် ၃၆ ဦးတို့အား ပြောင်းရွှေ့ အခြေချထားပေးပြီး စေတနာရှင် လူမှုရေးအဖွဲ့များက ကူညီကြသည်။ ထို့အပြင် ကျိုက္ကော် - ကတိုက်ကြီးသွားရာ မော်တော်ကားလမ်း ရေကျော်ခြင်း၊ အနိမ့်ပိုင်း ကျေးရွာများရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခြင်း၊ ကမာစိုင် - ဒုံဂန်းကျေးရွာ ချင်းဆက် တာလမ်းရေကျော်ခြင်း၊ ဇရပ်ကျွန်းကျေးရွာသည် ရေပတ်လည်ဝိုင်း၍ အဆက်အသွယ်ပြတ်တောက်ခြင်းများအပြင် ပင်လယ်ဘက်ခြမ်းရှိ ကျေးရွာများအချို့ ရေကြီးနစ်မြုပ်နေ၍ ကူညီကယ်ဆယ်မှုများ အမြန်ဆုံး လိုအပ်နေကြောင်း ဒေသခံများ ထံမှ သိရသည်။
ခွန်(ဝင်းပ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment