လာအိုဆည်ကျိုးပေါက်မှုကပေးတဲ့ သင်ခန်းစာ
မကြာသေးမီက လာအိုနိုင်ငံ အရှေ့တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ဗအအစေနက ပြည်နယ် ဆန်နန်ဆေးခရိုင်မှာရှိတဲ့ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်တစ်ခု ပြိုကျမှုဖြစ်ပြီး သေသူသေ၊ ပျောက်ဆုံးသူပျောက်ဆုံးနဲ့ သောကပင်လယ်ဝေနေတဲ့ သတင်းတစ်ခုကို ဝမ်းနည်းဖွယ် ကြားသိလိုက်ရပါတယ်။
Xe Pian-Xe Namnoy ဆည်
အဆိုပါ တည်ဆောက်ဆဲဆည်ကို တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတို့မှ ကုမ္ပဏီတွေပါဝင်သော ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ Xe Pian-Xe Namnoy Power Company က တည်ဆောက်နေတာဖြစ်ပါတယ်။ Xe Pian-Xe Namnoyရေအားလျှပ်စစ် စီမံကိန်းဟာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကုန်ကျ မယ်လို့ ခန့်မှန်းထားပြီး နှစ်စဉ် လျှပ်စစ် ဓာတ်အား ခန့်မှန်းခြေ ၄၁ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ်လို့လည်း သိရတယ်။ ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက် ရေးအတွက် ကနဦးလေ့လာမှုတွေကို ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလမှာ အဆုံး သတ်ခဲ့ပြီး စီမံကိန်းတည်ဆောက်မှုကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ စတင် ကာ စီးပွားဖြစ်လည်ပတ်မှုကို မကြာမီ ၂ဝ၁၉ မှာ စတင်နိုင်တော့မှာဖြစ်တယ် လို့ သိရပါတယ်။
ဆည်ကျိုးပေါက်မှု
လာအိုနိုင်ငံ အရှေ့တောင်ပိုင်းက အဲဒီ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ဆည်ကျိုးပေါက်မှု ဖြစ်ပွားခဲ့ရာ ပျောက်ဆုံးသူဦးရေ ၁၃၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း လာအိုဝန်ကြီးချုပ် ထောင်လွန်ဆစ်ဆူလစ်က ဗုဒ္ဓဟူးနေ့ မှာ ပြောခဲ့ပါတယ်။ ဆည်ကျိုးပေါက် ခဲ့တဲ့အတွက် ရွာပေါင်း ခုနစ်ရွာကို ရေလွှမ်းမိုးခဲ့ကြောင်းနဲ့ လူပေါင်း ၂၇ ဦး သေဆုံးခဲ့တယ်လို့ လာအိုသတင်း ဌာနက အတည်ပြုထားပေမယ့်လည်း လာအိုဝန်ကြီးချုပ်က သေဆုံးသူအရေ အတွက်ကို အတိအကျ ဖော်ပြပြောဆို ခြင်း မရှိပါဘူး။
ဆည်ကျိုးပေါက်ပြီး ရေလွှမ်းမိုးမှု ကြောင့် နေအိမ်ခေါင်မိုးတွေ၊ သစ်ပင် တွေပေါ် လူတွေ တက်နေကြတဲ့ မြင်ကွင်းကို ရုပ်မြင်သံကြားသတင်း တွေမှာ တွေ့လိုက် မြင်လိုက်ရတာ ဟာ စိတ်နှလုံး ထိခိုက်စရာပါပဲ။ ဆည်ကျိုးပေါက်မှုကြောင့် ရေတွေ စီးဆင်းရာ လမ်းကြောင်းတစ်လျှောက် မှာရှိတဲ့ ကျေးရွာပေါင်း ၁၂ ရွာလောက် ဟာ ချက်ချင်းပဲ ရေကြီးမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ ဝေဟင်က တွေ့လိုက်ရတဲ့ မြင်ကွင်းဟာလည်း ဘယ်နေရာကြည့် ကြည့် ရေဖွေးဖွေးနဲ့ ကြေကွဲစရာ ကောင်းလှပါတယ်။ ဒါပေမယ့်လည်း ရေဘေးသင့်ပြည်သူတွေကို လုံခြုံစိတ် ချရတဲ့ နေရာတွေဆီ ပြောင်းရွှေ့ပေး လိုက်ပြီဖြစ်ကြောင်း လာအိုဝန်ကြီး ချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ အကြောင်း ကြားလိုက်ရတာ ဟာ ရေဘေးသင့်ပြည်သူတွေအတွက် တအားဖြစ်ခဲ့ရပါတယ်။
အိုးမဲ့အိမ်မဲ့ဖြစ်
ဆည်ကျိုးပေါက်မှုကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်တဲ့သူ အရေအတွက်ဟာ ၃ဝ၆ဝ အထိရှိလာပြီး သေဆုံးသူမှာလည်း အခု အခါမှာတော့ အတော်လေးများလာပြီလို့ သိရပါတယ်။ ဆည်ကျိုးပေါက်မှုကြောင့် ရေတွေဟာ ရပ်တန့်သွားတယ်လို့မရှိဘဲ ဆက်လက်စီးဆင်းနေပြီး တခြား ရွာငါးရွာမှ ခြောက်ရွာအထိ ရေလွှမ်းမိုးမှု ဒဏ် ခံစားနေရတုန်းရှိသေးတာကို သိရ ပါတယ်။
ဆည်ကျိုးပေါက်မှုကြောင့် နေအိမ် တွေ မျောပါသွားပြီး လူပေါင်းများစွာ သေဆုံးခဲ့သလို ရေဘေးသင့်ပြည်သူတွေ အတွက် ကယ်ဆယ်ရေးအကူအညီတွေ ပေးဖို့ Attapeu ပြည်နယ် အုပ်ချုပ်ရေး မှူးရုံးက ကြေညာခဲ့ပါတယ်။ ပါတီ၊ အစိုးရ အဖွဲ့အစည်းတွေ၊ စီးပွားရေးအသိုင်း အဝိုင်း၊ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေ၊ စေတနာရှင် လာအိုနိုင်ငံသားတွေကိုလည်း ရေဘေး သင့်ပြည်သူတွေအတွက် အရေးပေါ်အကူ အညီတွေပေးဖို့ မေတ္တာရပ်ခံထားတယ် လို့ သိရပါတယ်။ ဝန်ကြီးချုပ်ကလည်း အထူးကော်မတီဖွဲ့စည်းပြီး လက်ရှိအခြေ အနေကို ကိုင်တွယ်နိုင်ရေးနဲ့ ဆည်ကျိုး ပေါက်ရတဲ့အကြောင်းရင်းကို ရှာဖွေဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။ ယခုသီတင်းပတ်အတွင်း အာဏာပိုင်တွေကလည်း ထိခိုက်ခံရသူ တွေကို အမြန်ဆုံးကယ်တင်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
ရှာဖွေကယ်ဆယ်မှုတွေလုပ်
မိုးခေါင်တဲ့နေရာလည်းဖြစ်၊ ဝေးလံ ခေါင်သီတဲ့ နေရာလည်းဖြစ်တဲ့ လာအို နိုင်ငံ Attapeu ပြည်နယ်မှာ တည်ဆောက် ထားတဲ့ ဆည်ကျိုးကျမှုမှာ ပျောက်ဆုံး နေတဲ့ သူတွေကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေက ကျွမ်း ကျင်သူတွေဟာ လာအိုတပ်ဖွဲ့ဝင်တွေ၊ စေတနာရှင်တွေနဲ့အတူ ရှာဖွေကယ်ဆယ် မှုတွေ လုပ်နေပါတယ်။ စင်ကာပူလေတပ် က စီ-၁၃ဝ လေယာဉ်တွေလည်း ပထမ အသုတ်၊ ဒုတိယအသုတ်ရယ်လို့ ခွဲကာ ကယ်ဆယ်မှုတွေမှာ ပူးပေါင်းပါဝင်ပြီး ရေဘေးဒုက္ခခံစားနေရသူတွေကို အစား အစာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
ကျောင်းတွေကိုလည်း ရေဘေးဒုက္ခ သည်တွေ ခိုလှုံရာနေရာအဖြစ် စခန်းဖွင့် လှစ်ဆောင်ရွက်ခဲ့ရသလို မိသားစုပေါင်း ၁၃ဝဝ လောက်လည်း ခိုနားရာတွေ လိုအပ်လျက်ရှိပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ တိုင်ပင်ညှိနှိုင်းရေး ကုလသမဂ္ဂရုံးကလည်း ရေဘေးဒုက္ခဖြစ် နေတဲ့နေရာမှာ လှေနဲ့ ရဟတ်ယာဉ်တွေ သာ ပို့ဆောင်ဆက်သွယ်တဲ့နေရာမှာ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ကူညီဖို့ ရောက်လာ
''ကျွန်တော်တို့ကို ဘယ်သူမှ ဂရု မစိုက်ဘူးလို့ ထင်နေတာ။ ဘယ်သူမှ လာအိုလိုနိုင်ငံလေးကို မသိဘူးလို့ထင်နေ တာ။ တကယ်တမ်း ဆည်ကျိုးကျပြီး သောကပင်လယ်ဝေတော့ နိုင်ငံခြားက လူတွေလည်း ကျွန်တော်တို့ကို ကူညီဖို့ ရောက်လာကြတယ်။ ကျွန်တော့်ရဲ့ ရေဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ မချိတင်ကဲ ဝေဒနာလည်း အတော်လေး သက်သောင့်သက်သာ ဖြစ်သွားတယ်'' လို့ လာအိုနိုင်ငံသား တစ်ဦးဖြစ်တဲ့ ဆူဖာဖုန်း ဆူနာဗန်က ဆိုပါတယ်။
လာအိုဆည်ကျိုးမှုက ကမ္ဘောဒီးယား
နိုင်ငံကိုလည်း ရိုက်ခတ်
လာအို ဆည်ကျိုးပေါက်မှုဟာ လာအိုတစ်နိုင်ငံတည်းသာမကဘဲ အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့ က္ဘောဒီးယားနိုင်ငံ ကိုလည်း ရိုက်ခတ်ခဲ့ပြီး ကမ္ဘောဒီးယား ပြည်သူတွေကိုလည်း အိုးမဲ့အိမ်မဲ့ တွေ ဖြစ်စေခဲ့ပါတယ်။ လာအိုဆည်ကျိုး တာဟာ က္ဘောဒီးယားနိုင်ငံနဲ့ ဘယ်လို ဆက်စပ်နေသလဲလို့ သိချင်ပါလိမ့်မယ်။ လာအိုနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ကမ္ဘော ဒီးယားနိုင်ငံနယ်စပ်မှာ တည်ဆောက် ထားတဲ့ ဆည်ကျိုးကျမှုမှ စီးဆင်းလာတဲ့ ဆည်ရေတွေဟာ ကမ္ဘောဒီးယားနိုင်ငံ ဆီးခုန်မြစ်ထဲကို စီးဆင်းသွားပြီး မြစ်ရေ လျှံမှုတွေ၊ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ် လာကာ အဆိုပါ မြစ်ကမ်းတစ်လျှောက် နေထိုင်ကြတဲ့ က္ဘောဒီးယားပြည်သူ ထောင်ပေါင်းများစွာ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူး နေ့က မြစ်ရေဟာ တချို့ဒေသတွေမှာ ၁၁ ဒသမ ၅ မီတာအထိ မြင့်တက်လာ တာကြောင့် တချို့အိမ်များဆိုရင် ရေမြုပ် ခဲ့ပါတယ်။
''ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက် ပိုင်း စတန်ထရန်ပြည်နယ်မှာရှိတဲ့ ဒေသခံ ၁၂ဝဝ လောက်ကို ဘေးကင်းစိတ်ချရပြီး မြင့်မားတဲ့ ကုန်းမြင့်နေရာတွေကို ကမ္ဘော ဒီးယားတပ်ဖွဲ့ဝင်တွေက ပို့ဆောင်ခဲ့ပါ တယ်။ ရေတွေလည်း ဆက်လက်ပြီး တက်နေတုန်းပဲ။ ဒါကြောင့် လူတွေကို ဘေးကင်းရာနေရာတွေကို ရွှေ့ပြောင်း မှုတွေ ပိုမိုလုပ်နေရတယ်'' လို့ ပြော လိုက်သူကတော့ အစိုးရပြောရေး ဆိုခွင့်ရှိသူ မစ္စတာ မန်ကောင်ပဲ ဖြစ်ပါ တယ်။
ခရိုင်လေးခရိုင်ရှိ ကျေးရွာပေါင်း ၁၇ ရွာလောက်မှာရှိတဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာ ကယ်ဆယ်မှုတွေ ပြုလုပ် ခဲ့ ပါတယ်။ တပ်မတော်တပ်ဖွဲ့ဝင် ၇ဝဝ၊ ရဲတပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးသမား တွေကို ရေဘေးဒုက္ခသည်တွေ ကူညီဖို့ ရေဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေကို စေလွှတ်ခဲ့ပါတယ်။
လူတွေကြောင့်ဖြစ်တဲ့
ဘေးအန္တရာယ်
စတင်ဆန် စင်တာ အရှေ့တောင် အာရှ အစီအစဉ်အကြီးအကဲ ဘရီယန် အိုင်လာက အခုလိုဖြစ်ပွားတာဟာ လူတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ် ဆိုတာ သံသယဖြစ်စရာတောင် မလို တော့ပါဘူးလို့ ပြောခဲ့ပါတယ်။ ကမ္ဘော ဒီးယားပြည်သူတွေလည်း အခုလို ရေဘေး၊ ရေကြီးနိုင်မှုအခြေအနေကို သတိထားရမှာဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ ဆီးခုန်မြစ်ဟာ မဲခေါင် မြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တာနဲ့ အညီ လာအိုနိုင်ငံနဲ့ က္ဘောဒီးယား နိုင်ငံကြားမှာ ရေဘေး သို့မဟုတ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး နဲ့ သက်ဆိုင်တဲ့ သတိပေး အချက်ပြမှု တွေ မရှိခဲ့ပါဘူးလို့ သူက ပြောပါ တယ်။
အခုတော့ ကယ်ဆယ်မှုတွေ ဆောင်ရွက်နေကြပါပြီ။ စိုးရိမ်စရာ အခြေအနေကနေ လွန်မြောက်လာနိုင် တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ဆုံးရှုံးမှုကိုတော့ ပြန်လည်အစား ထိုးလို့မရသလို ဖြည့်ဆည်းပေးလို့ လည်း ရမယ်မထင်ပါဘူး။ တိုးတက်မှု တိုင်းမှာ ဆုတ်ယုတ်မှုဆိုတာ အစဉ် ဒွန်တွဲလျက်ပါ။ လာအိုဆည်ကျိုးကျမှု ကနေ ကျွန်တော်တို့ကို သင်ခန်းစာ ပေးလိုက်တာကတော့ ပြောင်းလဲ တိုးတက်မှုတွေ လုပ်ဆောင်တဲ့နေရာ မှာ ဖြစ်နိုင်ခြေရှိတဲ့ အ္တရာယ်တွေ ကိုလည်း ထည့်တွက်ထားရမှာဖြစ်ပြီး သူ့အတွက်လည်း ကြိုတင်ပြင်ဆင် ထားဖို့ လိုတယ်ဆိုတာပဲ ဖြစ်ပါ တယ်။ ။
မြန်မာ့အလင်း၊တင်လင်းအောင်၊
ကိုးကား- အေအက်ဖ်ပီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment