Latest News

Sunday, July 15, 2018

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တတိယနေရာ ဘယ်လ်ဂျီယံတို့ ရရှိ

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တတိယနေရာ ဘယ်လ်ဂျီယံတို့ ရရှိ


ရုရှားနိုင်ငံတွင် ကျင်းပသည့် ၂ဝ၁၈ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲကြီး၏ တတိယ နေရာလုပွဲအဖြစ် ဇူလိုင် ၁၄ ရက် ညပိုင်း တွင် ဘယ်လ်ဂျီယံနှင့် အင်္ဂလန်အသင်း တို့  ယှဉ်ပြိုင်ကစားခဲ့ရာ  ဘယ်လ်ဂျီယံ အသင်း နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းပွဲကို    စိန့်ပီတာစဘက်မြို့ ခရက်စ်တော့ဗ်စကီးကွင်း၌   ယှဉ်ပြိုင်ခဲ့ပြီး ကွင်းလယ်ဒိုင်အဖြစ်   အီရန်နိုင်ငံသား အလီရက်ဇာဖက်ဟာနီက    တာဝန်ယူ ကိုင်တွယ်ခဲ့ကာ ပရိသတ်ပေါင်း ၆၄ဝဝဝ ကျော်     လာရောက်အားပေးခဲ့သည်။ဘယ်လ်ဂျီယံအသင်းသည်    ၃-၄-၂-၁    ကစားကွက်ဖြင့် လည်းကောင်း၊ အင်္ဂလန် အသင်းသည်      ၃-၅-၂     ပုံစံဖြင့် လည်းကောင်း ပွဲထွက်လာခဲ့ကြသည်။ ပွဲစပြီး လေးမိနစ်တွင် ချာဒလီ ဖန်တီးမှုကို ကွင်းလယ်ကစားသမား     သောမက်စ် မူနီယာ က   အနီးကပ်ပိတ်သွင်းယူခဲ့၍ ဘယ်လ်ဂျီယံတို့    အဖွင့်ဂိုးရရှိခဲ့သည်။ ဒုတိယပိုင်းပွဲချိန် ၈၂ မိနစ်တွင် အသင်း ခေါင်းဆောင်ဟာဇက်က တစ်ကိုယ်တော် စွမ်းရည်ဖြင့်      ဘယ်လ်ဂျီယံအသင်း အတွက် ဒုတိယအနိုင်ဂိုး သွင်းယူခဲ့သည်။ ယနေ့ပွဲတွင်    အင်္ဂလန်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုအနည်းငယ် အသာစီး ရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်အနက်  ခြောက်ကြိမ် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ သည်။  ဘယ်လ်ဂျီယံအသင်းသည်   ဂိုး ကန်သွင်းခွင့် ကိုးကြိမ်အနက် လေးကြိမ် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
ဘယ်လ်ဂျီယံအသင်းသည် အကြို ဗိုလ်လုပွဲသို့    ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ကြိမ် စလုံး   အကြိုဗိုလ်လုပွဲတွင်   ရှုံးနိမ့်ခဲ့၍ တတိယနေရာလုခဲ့ရာ    ပထမအကြိမ် ၁၉၈၆ ခုနှစ် ပြင်သစ်အသင်းနှင့် တွေ့ဆုံ ခဲ့ပြီး အချိန်ပိုထိယှဉ်ပြိုင်ခဲ့ရာ လေးဂိုး-နှစ်ဂိုး ဖြင့်ရှုံးနိမ့်ခဲ့၍ စတုတ္ထနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။
ယနေ့ပွဲတွင်     အနိုင်ရရှိခဲ့သည့် အတွက်  ဘယ်လ်ဂျီယံအသင်းသည် ကမ္ဘာ့ဖလားသမိုင်းတွင်       အမြင့်ဆုံး တတိယနေရာထိ ရရှိခဲ့ဖူးပြီ ဖြစ်သည်။
အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလား သမိုင်းတွင် ၁၉၆၆ ခုနှစ်က ချန်ပီယံဖြစ် ခဲ့ပြီး နောက်ပိုင်း ဒုတိယအကြိမ်မြောက် စတုတ္ထနေရာ ရခဲ့ခြင်းဖြစ်သည်။ ပထမ အကြိမ်  တတိယနေရာလုပွဲကို   ၁၉၉ဝ ပြည့်နှစ်တွင်   အီတလီအသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ ရသည်။ အင်္ဂလန်အသင်းသည် ယနေ့ပွဲ တွင်လည်း ဒုတိယမြောက် ထပ်မံရှုံးနိမ့်ခဲ့ ရပြီး   စတုတ္ထနေရာ၌သာ  ကျေနပ်ခဲ့ရ သည်။         
၂ဝ၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ပြင်သစ်အသင်းနှင့် ခရိုအေးရှားအသင်း တို့သည် ဇူလိုင် ၁၅ရက် ည ၉နာရီခွဲတွင် မော်စကိုမြို့၌      ယှဉ်ပြိုင်မည်ဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ်   အာဂျင်တီးနား နိုင်ငံသား   နက်စ်တာပီတားနား   က တာဝန်ယူမည် ဖြစ်သည်။       
     
သီဟ

No comments:

Post a Comment