အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏လောကအမြင်
နိုင်ငံလွတ်လပ်ရေးအတွက် အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲတစ်လျှောက် နယ်ချဲ့ ဆန့်ကျင်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ဇာတိသွေးထက်သန်စွာ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသူများမှာ သမိုင်း ရှိသူများဖြစ်ကြပါသည်။ သမိုင်းရှိသူများဖြစ် သဖြင့်လည်း ရာဇ၀င်မော်ကွန်းတင်ခံရ ခြင်းဖြစ်သည်။ နိုင်ငံကိုခေါင်းဆောင်သူ၊ နိုင်ငံကိုလွတ်မြောက်အောင်တိုက်ပွဲဝင်ခဲ့သော ပုဂ္ဂိုလ်များအတွက် ရာဇ၀င်မော်ကွန်းကား ထိုပုဂ္ဂိုလ်တို့၏ ကိုယ်ရည်ကိုယ်သွေး၊ စွမ်း ဆောင်မှုနှင့် ခံယူချက်အတွေးအမြင်များ ထင်ရှားလျှင်ထင်ရှားသလောက် တည်တံ့ ခိုင်မြဲနေမည်ဖြစ်ပေသည်။
ဤသို့ထင်ရှားခြင်းရှိသူများတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်များ သည် ရှေ့တန်းမှပါဝင်နေမည်ဖြစ်သည်။ သက္ကရာဇ် ၁၃၀၉ ခု ၀ါခေါင်လဆန်း ၂ ရက် (၁၉-၇-၁၉၄၇) စနေနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် အတွင်းဝန်များရုံး ခန်း၌ အမှုဆောင်ဝန်ကြီးများအစည်းအဝေး ကျင်းပစဉ် ဗိုလ်ချုပ်နှင့်တကွဝန်ကြီးခုနစ်ဦးနှင့် သက်တော်စောင့်တစ်ဦး စုစုပေါင်းကိုးဦးသည် မသမာသူတို့လက်ချက်ဖြင့် လုပ်ကြံမှုခံရ၍ ကျဆုံးရလေသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြိမ်မီးအုံးသကဲ့သို့ ခံပြင်း ဒေါသဗျာပါဒလှိုင်လှိုင်ဝေခဲ့သော ထိုနေ့ကား မြန်မာပြည်သူတို့ တစ်သက်မမေ့နိုင်သော နေ့ပင်တည်း။ လွတ်လပ်ရေးမုခ်ဦးကို မြင်နေ ရသော ခရီးအကွာအဝေး၌ အသက်ကိုစတေး ၍လဲလျောင်းခဲ့သော နိုင်ငံ့သူရဲကောင်းများ ကျဆုံးခဲ့သည်မှာ ၁၉-၇-၂၀၁၈ ရက်တွင် ၇၁ နှစ်ပင် ကြာညောင်းခဲ့ပေပြီ။ သို့တိုင် ပြည်သူတို့၏ ကြေကွဲဝမ်းနည်းယူကျုံးမရခြင်း တည်းဟူသော အငိုသည် ယနေ့တိုင် မတိတ် သေးပါတကား။
တိုင်းပြည်လူထုနှင့် တစ်မျိုးသားလုံး၏ ရင်ထဲတွင်သာမက ကမ္ဘာကပါလွန်စွာ လေးစားရသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးခေါင်းဆောင် များ၏တွေးပုံခေါ်ပုံ၊ အလုပ်ကြိုးစားပုံ၊ အဆင်းရဲခံနိုင်ပုံ၊ အမြော်အမြင်ကြီးပုံတို့ကား လက်ဆင့်ကမ်း သယ်ဆောင်လာသော စာအုပ်စာပေများတွင် ထင်ရှားရှိကုန်၏။ ထိုစာအုပ်များကပေးသော အကျိုးကျေးဇူး ကြောင့်ပင် အာဇာနည်ခေါင်းဆောင်ကြီး များကို မသိမမီလိုက်သူတို့သည် မြန်မာ ရာဇ၀င်တစ်စိတ်တစ်ဒေသကို သိရှိလာကြ သည်။ သမိုင်းတင်အပ်သောအကြောင်း အရာများတွင် ကျဆုံးခေါင်းဆောင်များလည်း ပါဝင်နေပါသည်။
မိမိအသက်ကိုစွန့်ပြီး အများအကျိုး ကိုဆောင်ကြသော သူတော်ကောင်းတို့၏ အကြောင်းများကိုဖတ်ရမှသာ ဓာတ်ကူးပြီး သူတော်ကောင်းတစ်ယောက်ဖြစ်နိုင်ပါသည်။ ယနေ့ခေတ် လူငယ်များအတုယူဖွယ် စံပြုအပ်သော သူတော်ကောင်းတို့တွင် လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ပုံသက်သေထားပြီး ခေတ်လူငယ်အပေါင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်အမျိုးသားရေးအမြင် ရှင်သန်ထက်မြက်အောင် အပတ်တကုတ် အားထုတ်သင့်ပါသည်။ သို့မဟုတ်က နိုင်ငံ၏ အနာဂတ်ကို လူငယ်များလက်ထဲထည့်ခဲ့ သောအာဇာနည်ကြီးများကို အားနာဖို့ ကောင်းပါသည်။
လောကတွင် လူသုံးမျိုးရှိ၏ဟု ပညာရှင် များဆိုမိန့်သည်။ လူဆိုး၊ လူသာမန်နှင့်လူ သူတော်ကောင်းဟူ၏။ လူဆိုးလူမိုက်တွေ များလာလျှင် လောကသည် ပူလောင်၏။ လူသာမန်တွေများလာလျှင် လောကကြီး တည်ငြိမ်သည်။ အေးချမ်းမှုကားမရှိသေး။ လူသူတော်ကောင်းများ ပေါများလာပါမှ လောကတစ်ဝန်းတည်ငြိမ်အေးချမ်းကုန်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀တစ်လျှောက် ပေးဆပ်မှုများကား နေရသောသက်တမ်း နှင့်မမျှအောင်များလှပါ၏။ မျက်မွေးတစ်ဆုံးမကြည့်ဘဲ မျက်စိတစ်ဆုံးမျှော် ခေါ်၍ တွေးခေါ်ကြံဆပုံများမှာလည်း အနှစ် သာရပြည့်ဝပြီး မှန်ကန်သည်က အလေးသာ လျက်ရှိသည်။
"ငါ့အတွက် ဖြစ်လိုရာဖြစ်စေတော့၊ နိုင်ငံရေးဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ့နိုင်ငံ၏လွတ်လပ်ရေးအတွက် မနေမနားစွန့်စားလုံးပန်းတော့အံ့" ဟူသော အဓိဋ္ဌာန်ကို ပိုင်ပိုင်ကြီးချကာ တစ်မျိုးသား လုံး၏အရေးကို ရှေ့တန်းတင်ခဲ့သည်။ ထို့ကြောင့် "မိမိရဲ့အမျိုးသားရေးကိစ္စကိုသာမက လူမျိုးတစ်မျိုးနဲ့တစ်မျိုး တစ်နိုင်ငံနဲ့တစ်နိုင်ငံ နည်းလမ်းတကျပူးပေါင်းဆက်ဆံမှုတွေကို လည်း ကျွန်တော်တို့သတိမူရပါလိမ့်မယ်။ အဲဒီလိုပူးပေါင်းဆက်ဆံဆောင်ရွက်ခြင်းအား ဖြင့် ကျွန်တော်တို့ အသီးသီးတို့ရဲ့ အကျိုး ယုတ်ဖို့ဝေးစွ။ အမျိုးမျိုးသောအကျိုးထူးများ ခံစားဖို့ရှိတယ်လို့ ဆိုလိုပါတယ်။ ဒီလို ဆောင်ရွက်နိုင်ပါက အလွန်မြင့်မြတ်သော ၀ံသာနုရက္ခိတ မိမိရဲ့အမျိုးကို မိမိစောင့် သည့်တရားနဲ့ ကမ္ဘာသူကမ္ဘာသားတို့နဲ့ အကျိုးရှိအောင် နည်းလမ်းတကျဆက်သွယ် ပေါင်းသင်းရာလည်းရောက်ပါတယ်"ဟု ကမ္ဘာ့ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ကြီးပွားမှုတို့ ကိုရည်သန်၍ အလယ်ပစ္စယံညီလာခံ မိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြား ခဲ့သည်မှာ အမျိုးသားရေးအမြင်ရှင်သန် ထက်မြက်မှုကို ထင်ရှားစေသည်။
လူသူတော်ကောင်းများသည် ပတ်ဝန်းကျင် မှ လူများငတ်နေလျှင် သူ့ထမင်းသူပင် မျိုမကျသူဖြစ်သည်။ ထိုလူသူတော်ကောင်းများ ပေါများလာလျှင် လောကကြီးသည် ငြိမ်းချမ်း တည်ငြိမ်မည်ဟု ရှေးမဆွကပင်ဆိုခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်နှင့် တိုင်းပြည်အကျပ်အတည်းကျရောက် တိုင်း လူမှုဝန်ထမ်းစိတ်ပြည့်ဝသော လူသူတော် ကောင်းများ၏ကျေးဇူးကြောင့် တိုင်းပြည်ကို ချောက်ကမ်းပါးသို့ ကျလုနီးနီးအခြေအနေ မှ ကယ်ထုတ်နိုင်ခဲ့သည်မှာ သမိုင်းသက်သေ ရှိပေသည်။ ဤလူသူတော်ကောင်းများတွင်
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ရဲရဲတောက် အာဇာနည်များသည် တိုင်းပြည်အတွက် ဦးဆွေးဆံမြည့်အမှုထမ်းရုံမျှမက အသက်ကို ပင် စတေးဝံ့ပါပေသည်။
နိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပေး သွားသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ညီညွတ်ရေးကို လည်း ဤသို့ချပြသွားပါသည်။ "တိုင်းပြည် မှာ ညီညွတ်ရေးဟာ အခုအဓိကလုပ်ငန်းပဲ။ ညီညွတ်ရေးဆိုပေမယ့် တိုင်းပြည်လွတ်လပ် ရေးနှင့်ထူထောင်ရေးကို အထက်ပါအခြေခံ အချက်တွေအရ ဆောင်ရွက်မယ့် ညီညွတ် ရေးမျိုးကိုသာ ဆိုလိုပါတယ်။ ရာထူးဝေစားရုံ သာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေးကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တတ်ရုံလောက်တတ်နိုင် အောင် ညီညွတ်ရေးမျိုးဆိုရင်တော့ ဘယ်နည်း နဲ့မှ ဖြစ်မှာမဟုတ်ဘူး"ဟူ၍တည်း။
ကမ္ဘာ့နိုင်ငံရေးအမြင်တွင် ရှင်သန်ထက်မြက်နေပုံကိုလည်း ဤသို့သိရာ၏။ "သဘောတရားသက်သက်နဲ့ကြည့်ပြီး ပြောရမယ်ဆိုရင်တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာဟာ ဘာဖြစ်လို့ ပေါ်ပေါက်လာရသလဲဆိုတော့ တိုင်းပြည်အသစ်တည်လို့ တိုင်းသစ်၊ ပြည်သစ်၊ နိုင်ငံသစ်တည်ထောင်ဖို့အတွက် ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ ကျွန်တော်တို့ မြန်မာစာပေနယ်မှာကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာအစဆိုပြီး ဖွဲ့တဲ့အခါတုန်းက မဟာသမ္မတမင်းမြှောက်ကြတယ်ဆိုပြီး လူတွေစုရုံးမြှောက်ကြတဲ့ အစည်းအဝေးမျိုးက ကမ္ဘာကြီးမှာပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်လို့ပဲဆိုရမှာပဲ"စသည့်ပြောစကားများမှာ မကွယ်လွန်မီတစ်ပတ်ခန့်(၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ရက်)တွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်သည်။ မိမိသေမည့်နေ့ကို မသိသော လူ့အဖြစ်သနစ်အတိုင်း တိုင်းပြည်အတွက် အမျှော်လင့်ကြီးမျှော်လင့်ထားသော ဗိုလ်ချုပ်၏ မိမိတွင်ရန်သူမရှိဟုထင်မှတ်ပုံ အရိုးခံဖြူစင်သည့်စိတ်ထားကိုဤမိန့်ခွန်းက ပြဆိုလျက်ရှိသည်။
ဤစိတ်ရင်းအခြေခံကို ငယ်စဉ်ကလေးဘ၀ကပင် မွေးမြူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာသောအခါ နိုင်ငံရေးဟူသည်ကို "အနုလုံပဋိလုံဆင်ခြင်လျက် နိုင်ငံရေးသဘောအမှန်ဆိုတာကျွန်တော်တို့လူသားတွေနဲ့ မတန်မရာမြင့်မြတ်လွန်းတာလည်းမဟုတ်။ နိမ့်ကျလွန်းတာလည်းမဟုတ်။ မျက်လှည့်ဗေဒင်လည်းမဟုတ်။အဂ္ဂိရတ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသောကန္တာရခရီးလည်းမဟုတ်" ဟုဖွင့်ဆိုပြီး "နိုင်ငံရေးဆိုတာ ကျွန်တော်တို့နေ့စဉ်နဲ့အမျှ လူ့လောကမှာတွေ့ကြုံနေကြရတဲ့ကိစ္စပဲဖြစ်ပါတယ်။ တစ်နည်းဆိုရရင်နိုင်ငံရေးဆိုတာ လူ့ကိစ္စလို့ဆိုရမယ်။ ကျွန်တော်တို့စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊လာမှုအစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်" ဟုရှင်းလင်းပြောကြားသည့်မိန့်ခွန်းမှာ အလယ်ပစ္စယံညီလာခံမိန့်ခွန်းပါပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ခေတ်တွင် တစ်ယောက်ထွန်းသောပါရမီရှင်သူရဲကောင်းပီပီ လောကရေးရာများကို စေ့စေ့စပ်စပ်တွေးခေါ်နိုင်စွမ်းသူတည်း။
ယင်းသို့လောကရေးကို အလေးအနက်ထားသူပီပီ ဗိုလ်ချုပ်အောင်ဆန်းသည် "အခုဖြစ်နေတဲ့ မြန်မာပြည်အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ခြင်းအားဖြင့် စီးပွားရေးအရ လုံးဝလွတ်လပ်ရေးကိုတော့ဖြင့် ကျုပ်တို့ကြိုးစားနိုင်မှ တန်ကာကျမယ်လို့ ကျွန်တော်တော့ဖြင့်မြင်တာပဲ"ဟု ၁၉၄၇ ခုနှစ် ဧပြီ၁၇ ရက်ညတွင် အသံလွှင့်ရုံမှ မြန်မာနှစ်သစ်ကူးမိန့်ခွန်းချွေခဲ့သည်။ မိန့်ခွန်းပါလုပ်ငန်းစဉ်ခြောက်ရပ်တွင် လွတ်လပ်ရေးရန်ပုံငွေဆက်လက်ကောက်ခံရန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့်သွေးစည်းရန်၊ မြန်မာပြည်၏ကာကွယ်ရေးအခြေခံရစိမ့်သောငှာ စစ်တပ်အဖွဲ့၊ ပုလိပ်အဖွဲ့၊ လက်နက်ကိုင်စစ်တပ်၊ရပ်ရွာကာကွယ်ရေးအဖွဲ့များဖွဲ့စည်းရန်နှင့်စီးပွားရေးအခြေခံဖြစ်သော ထူထောင်ရေး လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်ရန်စသည်တို့ပါရှိရာ ဗိုလ်ချုပ်အောင်ဆန်း၏စီးပွားရေးအမြင်ကျယ်မှုကို တွေ့ရှိနိုင်ပါသည်။ ထို့ပြင်ကမ္ဘာ့အမြင်ဖြင့်လည်း သုံးသပ်ကြည့်သေးသည်။ "နယ်ချဲ့ဝါဒ၊ အရင်းရှင်ဝါဒတွေကိုလိုက်နေသရွေ့ကာလပတ်လုံးအလုပ်လက်မဲ့ပြဿနာ၊ နေထိုင်စားသောက်မှုချောင်ချိရေး ပြဿနာ စတဲ့စီးပွားရေး၊ ကြီးပွားရေးပြဿနာ တွေကို ဖြေရှင်းနိုင်လိမ့်မယ်မဟုတ်ပါဘူး။ဗြိတိသျှနိုင်ငံဟာ မိမိပြည်ထောင်စုအပါအ၀င်နိုင်ငံများနဲ့သာတူညီမျှ စီးပွားရေး၊ ကြီးပွားတိုးတက်ကြဖို့ဆောင်ရွက်မည်ဆိုပါက မိမိရဲ့အကျိုးကျေးဇူး၊ ပြည်ထောင်စုအပါအ၀င်ဖြစ်တဲ့နိုင်ငံ၊ ပြည်နယ်အသီးသီးတို့ရဲ့ အကျိုးကျေးဇူးကိုဖြစ်ထွန်းအောင် လုပ်နိုင်ပါလိမ့်မယ်"ဟူ၍ဖြစ်သည်။
မိန့်ခွန်းများတွင်သာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ကျွမ်းကျင်ထက်သန်ကာ မှတ်သားစဖွယ် ပြောကြားခဲ့သည်မဟုတ်၊ ဘ၀ဖြစ်စဉ်များတွင်လည်းကြိုတင်စဉ်းစားတွေးခေါ်နိုင်သူတည်း။ ဘိလပ်ဆွေးနွေးပွဲအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ၀န်ကြီးအဆင့်သာအစည်းအဝေးတက်ရမည်ဆို၍ ဦးနုကိုဝန်ကြီးတစ်နေရာခန့်ပြီး ဘိလပ်လိုက်သွားရန် အဖွဲ့ဝင်များကအကြံပြုသည်ကို ဗိုလ်ချုပ်အောင်ဆန်းကမြန်မာပြည်တွင်းမှာ အရေးကြုံလာပါကဦးနုဖြေရှင်းရဦးမှာမို့ မလိုက်ဘဲနေရစ်ရန်ဆုံးဖြတ်ခဲ့သည်။ ဘိလပ်ဆွေးနွေးပွဲပျက်ခဲ့သော် ဆုံးဖြတ်ချက်အတိုင်း အာဏာဖီဆန်နိုင်အောင် လူထုလှုပ်ရှားမှုများကို ဦးနုလုပ်ကိုင်နိုင်အောင်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ဆုံးဖြတ်ချက်မှာမှန်လေစွတကား။ ဗိုလ်ချုပ်တို့ဘိလပ်ထွက်သွားသည့်နေ့မှာပင် ရှမ်းပြည်စော်ဘွားများကဘိလပ်ကို အကြောင်းကြားစာပို့သည်။ဗိုလ်ချုပ်သည် မိမိတို့ကိုယ်စားလှယ်မဟုတ်ကြောင်းစာဖြစ်သည်။ သို့ဖြစ်ရာ ဦးနု ရှမ်းပြည်နယ်ကို ချက်ချင်းလိုက်သွားပြီး ပြည်သူ
များအပြင် ရင်းနှီးသောစော်ဘွားများနှင့်ပါအစည်းအဝေးချက်ချင်းလုပ်ကာ "ဗိုလ်ချုပ်တို့ဟာ ပြည်မ ပြည်နယ် ပြည်ထောင်စုတိုင်းရင်းသားပြည်သူလူထု၏ကိုယ်စားလှယ်ဖြစ်ကြောင်း"ဘုရင်ခံမှတစ်ဆင့် ဘိလပ်ကို စာပို့ကြသော အကြောင်းဖြစ်ရပ်ကား မြန်မာပြည်သားတိုင်းသိရှိပြီးဧကန်ဖြစ်ပေသည်။ ဤသို့ နိုင်ငံရေး၊စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးအမြင်များတွင် သူမတူအောင် ထက်မြက်ထူးချွန်သဖြင့်လည်း သတ္တိရော ဗျတ္တိပါပြီးပြည့်စုံသူဟု ကမ္ဘာတစ်ဝန်းကျော်ကြားသူတည်း။
ကျွန်တော်တို့ရဲ့ရာဇ၀င်အဖြစ်အပျက်ကျွန်တော်တို့ရဲ့လူမျိုးအတွက် သတ္တိဗျတ္တိနှင့်အံ့ဖွယ်ဘနန်း သက်စွန့်ကြိုးပမ်းအမှုထမ်း ခဲ့ကြတဲ့ မရေမတွက်နိုင်သော သွားလေသူမျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ပေးအပ်ခဲ့သည့်အမွေအနှစ်တည်းဟူသောအာဇာနည်စိတ်တို့ကို ကျွန်တော်တို့အခုအချိန်အခါမှာ သတိရကြပေလိမ့်မယ်။ ဒီလိုသတိရကြတဲ့အားလျော်စွာ အဲဒီအာဇာနည်အပေါင်းတို့ကို ကျွန်တော်တို့ဟာ ခဏတာမျှ အရိုအသေပြုပြီး ထိုထိုသောအာဇာနည်ပုဂ္ဂိုလ်တို့ရဲ့အဆင့်အတန်းကိုမီအောင် အားထုတ်လုံးပန်းမယ်။ ထိုထိုသောအာဇာနည်ပုဂ္ဂိုလ်တို့ရဲ့ လုပ်ငန်းကို ဆုံးခန်းတိုင်ဆက်လက်ပြီးဆောင်ရွက်မယ်လို့ သစ္စာပြုကြပါမှ ကျွန်တော်တို့လူမျိုးဟာ ဧကန်စင်စစ်ကြီးပွားတိုးတက်တန်ခိုးထွက်ပေတော့မယ်။
ဤအဆိုကို မည်သူပြောခဲ့သည်ဟု ထင်မြင်ပါသနည်း။ ဆောင်းပါးရှင်၏နိဂုံးကမ္ပတ်အဆုံးသတ်စကား မဟုတ်သည်ကတော့သေချာပါသည်။ စင်စစ်ဤစကားရပ်၏ပိုင်ရှင်ကား "ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ၊ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို့ဆောက်၏"ဟု ဆရာဇော်ဂျီညွှန်းခဲ့သောပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတည်း။ လောကရေးရာအကြောင်းရပ်များကို စူးစမ်းလေ့လာတွေးခေါ်ခြင်းဖြင့်လောကအမြင်ရှင်သန်သော မြန်မာဥသျှောင်အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတည်း။ မကွယ်လွန်မီတစ်နှစ်ခွဲခန့်အလိုတွင် ရွှေတိဂုံဘုရားအလယ်ပစ္စယံညီလာခံ၌ပြောကြားခဲ့သော မိန့်ခွန်းအတိုင်းဖြစ်လာမည်ဟု မည်သူထင်အံ့နည်း။ ရာဇ၀င်အဖြစ်အပျက်ကြီးတစ်ခုသည် မေ့နိုင်ဖွယ်မရှိ။ "သွားလေသူမျိုးချစ်ပုဂ္ဂိုလ်အပေါင်းနှင့်တကွ ထိုပုဂ္ဂိုလ်တို့ပေးအပ်ခဲ့တဲ့ အမွေအနှစ်တည်းဟူသောအာဇာနည်စိတ်တို့ကို ကျွန်တော်တို့ အခုအချိန်အခါမှာ သတိရကြပေလိမ့်မည်"ဟုဆိုခဲ့သူနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို တိုင်းနိုင်ငံတစ်ဝန်း အောက်မေ့သတိရဂါရ၀ပြုရသည်မှာလည်း ၇၁ နှစ်ပင်ပြည့်မြောက်ခဲ့ပြန်လေပြီတကား။ ။
ပါမောက္ခ ခိုင်ခိုင်ရီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment