ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်း ကလေးဆေးရုံ ဟောင်းတွင် ကျွန်မတို့ အထူးကုဆရာဝန်များ၏ နေ့စဉ် တာဝန်ချိန်က နံနက် ၈ နာရီမှ ညနေ ၄ နာရီထိဖြစ်ပါ သည်။ သို့ရာတွင် ကလေးများ၏ အသက်ကယ်နေရသော ဆရာဝန်၊ ဆရာမများမှာ နောက်ဂျူတီဝင်မည့်သူ မရောက်မချင်း ကိုယ့်တာဝန်ကို အပြီးဆက်လက် ဆောင်ရွက်ရသည်။ တစ်ခါတစ်ရံဂျူတီပြီး၍ ပြန်မည့်သူ သည် မပြန်နိုင်ဘဲ ဂျူတီအသစ်ဝင်သူနှင့် နှစ်ယောက် ပေါင်းပြီး ကလေးအသက်ကို သေမင်းနှင့် လုခဲ့ကြရပေါင်း မှာ မရေမတွက်နိုင် ရှိခဲ့ကြသည်။
နံနက် ၈ နာရီက ကိုယ့်ရဲ့ ဂျူတီချိန်စဝင်ရမည်ဖြစ်၍ နံနက် ၇ နာရီအရောက် ထိုအချိန်က ဗောက်(စ)ဝယ်ဂင် ကားအဖြူကလေးမောင်း၍ ကိုယ့်အခန်းသို့ ကိုယ်ရောက် ခဲ့ရသည်။ အကြောင်းမှာ မိသားစုစားဝတ်နေရေးကြောင့် စိတ်သိပ်မချဘဲ အိမ်ပြန်လွှတ်လိုက်ရသည့် ကလေးများ၊ အသိမိတ်ဆွေများနှင့် ဆရာဝန်များက မိမိနာမည်တပ်၍ လွှဲစာနှင့် လွှတ်လိုက်သော အရေးတကြီး ဖျားနာလာသည့် ကလေးများ၊ ထိုအချိန်က ၁၉၆၉ ခုနှစ် ပတ်ဝန်းကျင်ဖြစ် ၍ သွေးလွန်တုပ်ကွေးစပေါ်ချိန်ဖြစ်ရာ ကော်ဖီရောင် အန်ပြီး အနီစက်ထွက်လာသမျှ ကလေးများသည် တန်းစီ ရောက်လာကြသဖြင့် မေတ္တာ၊ ကရုဏာ အပြည့်ဖြင့် ကြည့်ပေးခဲ့ရသည်။
သူငယ်ချင်းတစ်ဦး ခွင့်ယူထားသဖြင့် ကျွန်မသည် သူတာဝန်ကျရာအခန်းပါ ယနေ့ကြည့်ရှုပေးရမည်ဖြစ် သဖြင့် ရိုးရိုးအဖျားရှိသည့် ကလေးများကို ပြင်ပလူနာဌာန မှ ဆရာဝန်ကြီးထံ ပြန်လွှဲအပ်ပြီး ၈ နာရီထိုးသည် နှင့် ကိုယ့်အခန်းထဲက ကလေးတွေကို ကြည့်ပေးရတော့ သည်။
''ဒေါက်တာလာပြီဟေ့'' ကလေးခုတင်ပေါ်ထိုင်နေ မိကြသော မိခင်များသည် ခုတင်ပေါ်မှ ကမန်းကတန်း ခုန်ဆင်းပြီး မျက်နှာချိုသွေး၍ စောင့်နေကြသည်။ ဆေးရုံ ဆင်းရမည့် မိခင်များ၊ အဖျားမကျသေးသော ကလေး များ၏ မိခင်များမှာ ကျွန်မကိုလည်ပင်းတစ်တောင်ဆန့်၍ မျှော်နေကြရာ ကျွန်မကိုမြင်သည်နှင့် အားကိုးအားထား သော အမူအရာများနှင့် ကြည့်နေကြရှာသည်။
ကျွန်မသည် မိခင်များနှင့် ကလေးများကို ပြုံးရယ် ၍ တစ်ဦးချင်းနှုတ်ဆက်လိုက်သည်။ ဆေးမကုရသေးမီ ဆရာဝန်၏ အပြုံးပန်းတစ်ချက်သည် မိဘဆွေမျိုးကလေး များအတွက် အားဆေးတစ်ခွက်ပင် ဖြစ်ပါသည်ဟု ယုံကြည်ပါသည်။ ကျွန်မသည် မိခင်များမမေးခင် မိခင် များမေးချင်၊ သိချင်နေသော အချက်များကို ကြိုတင် သိထားပြီးဖြစ်ရာ ရောဂါအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်။ ကလေးများကို စမ်းသပ်ရင်လည်း ကျန်းမာရေးပညာပေးတရားများ နားလည်အောင်ပြောပြ တတ်သည်မှာ အကျင့်ဖြစ်၍ နေလေသည်။
''ဒီကလေးက နေ့စဉ်ဆီးစစ်ရတယ်၊ သွေးတိုင်းရ တယ်၊ ကျောက်ကပ်ရောဂါဖြစ်နေတော့ အငန်နဲ့မတည့် ဘူး၊ ဆော်ဒါပါတဲ့မုန့်တွေနဲ့လည်း မတည့်ဘူး၊ အခုတော့ ဆန်ပြုတ်ကလေးပဲ သောက်ထားဦးနော်''
ကလေးတွေ၏ ခုတင်ခြေရင်းတွင် တန်းစီနေသော ဆီးပုလင်းများကို ငုံ့ကြည့်ပြီး ဆရာမ စစ်ထားသော ဖန်ြ>ွပန်ချောင်းထဲမှ ဆီးအဖြူအနှစ်ရောင်များ၊ အုန်းရည် ရောင်များ၊ ဆပ်ပြာရည်အရောင်တို့ကို တစ်ခုပြီးတစ်ခု ယူကြည့်ကာ ရောဂါအခြေအနေများ ကြည့်ရသည်။ အလုပ်သင်ဆရာဝန်များ စမ်းထားသော သွေးပေါင်ချိန် စာရင်းများကို လှန်ကြည့်ရင်း မိခင်များအား အားပေးရ သည်။ အခန်းထဲမှထွက်ခါနီး ကလေးများကိုလည်း ပြုံးပြ၍ အခန်းထဲမှ ထွက်လာခဲ့ရသည်။
နောက်တစ်ခန်းသို့ရောက်လျှင် ကျွန်မတို့သည် ဖိနပ် အဟောင်းကိုချွတ် အသစ်ကိုစီး၍ အပေါ်အင်္ကျီအဖြူ (GOWN) ဂေါင်းကိုဝတ်၊ မျက်နှာဖုံးကိုစွပ်၊ လက်ကို တံတောင်ဆစ်အထိ ဆပ်ပြာဖြင့်ဆေးပြီး သူငယ်ချင်း၏ အခန်းထဲသို့ ကူးလာခဲ့ရာ ရက်သားကလေးများသည် နီယွန်မီးရောင်အပြာအောက်ရှိ ခုတင်ကလေးများပေါ်တွင် ကိုယ်တုံးလုံးကလေးများ စီလျက်ရှိကြသည်။ အဝါဆိပ်များ ကို နီယွန်မီးရောင်နှင့် ထပ်မတိုးအောင် တားထားခြင်းဖြစ် သည်။ ကလေးခြေဖနောင့်မှ သွေးဖောက်ကာ အဝါဆိပ်များ တက်မတက် စမ်းသပ်ထားသည့် မှတ်တမ်းကို ဆရာမက ပြသည်။ ဘေဘီမအေးမြင့်ခေါ် ရက်သားကလေးသည် အတော်ဝါနေသည်ကို တွေ့ရသည်။
''ရက်သားကလေးတွေမှာ ဘာလို့ အသားဝါရောဂါ ဖြစ်ရတာလဲ''ဟု အလုပ်သင်ဆရာဝန်တစ်ဦးကို လှမ်းမေး လိုက်ရာ----
''မွေးပြီးစ နှစ်ရက်၊ သုံးရက်အထိ ကလေးရဲ့အသည်း ထဲက အင်ဇိုင်းဓာတ်က သိပ်မထွက်သေးလို့ သွေးထဲမှာ ဘီလီရူဘင်တွေများပြီး အသားခဏဝါလာတာ ဖြစ်ပါတယ်၊ နောက်တစ်ပတ်ဆိုရင် သူ့အလိုလို ပျောက်သွားမှာပါ။
နောက်တစ်ခုကတော့Rh သွေးအနုတ်လက္ခဏာ ရှိတဲ့အမေကRh အပေါင်းလက္ခဏာရှိတဲ့ကလေး မွေးလာ တဲ့အခါမှာ သွေးချင်းမတည့်လို့ ဘီလီရူဘင်တွေများပြီး ဝါလာတာဖြစ်ပါတယ်။ ဒီRh သွေးမတည့်တာကတော့ အနောက်နိုင်ငံတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။
နောက်တစ်ခုကလည်း လမစေ့ ပေါင်မပြည့်တဲ့ ကလေး တွေမှာ အသားဝါရောဂါဖြစ်တယ်။
နောက်တစ်မျိုးကတော့ အမေရဲ့သွေးက အိုသွေး၊ ကလေးရဲ့သွေးက အေ သို့မဟုတ် ဘီ ဖြစ်ခဲ့ရင် သွေးချင်း မတည့်ဘဲ အင်ဒါရိုက်ဘီလီရူဘင်တွေ အများကြီးဖြစ်လို့ ဝါလာပါတယ်။
နောက်တစ်ခုကတော့ ကလေးချက်က အနာဖြစ်တာ တို့၊ ကလေးမှာ အဖျားအနာတို့ ရှိနေရင်လည်း အင်ဒါရိုက် ဘီလီရူဘင်တွေရှိလာပြီး အသားဝါလာတာပါ''ကျွန်မသည် အင်္ဂလိပ်လို ပြန်ဖြေနေသော အလုပ်သင်ဆရာဝန်အား သဘောကျ၍ ချီးမွမ်းလိုက်သည်။
''အေး မင်းတော်တယ်၊ ဝါတဲ့အကြောင်းတွေကတော့ အများကြီးပဲ၊ အရေးကြီးဆုံးကတော့ အင်ဒါရိုက်ဘီလီ ရူဘင်တွေ ဦးနှောက်ထဲရောက်သွားရင် ကလေးက ခါးကော့တက်ပြီး ဦးနှောက်ပျက်သွားတယ်၊ အသက်လည်း ဆုံးရှုံးနိုင်တယ်၊ အဲဒီလိုမဖြစ်ရအောင် အမြန်ဆုံးကာကွယ် ကုသပေးဖို့က အရေးကြီးဆုံးပဲ၊ လာ---လာ---- ကလေး တွေ သွားကြည့်ရအောင်''
ဘေဘီမအေးမြင့် ရက်သားကလေးသည် အဝါဆိပ် များ ထိပ်ဆုံးသို့ရောက်နေရာ ကျွန်မတို့သည် အချိန်မစောင့် နိုင်ဘဲ ခွဲစိတ်ခန်းတွင် ချက်ထဲရှိ သွေးပြန်ကြောထဲသို့ ပိုက်ထည့်၍ သွေးအဆိပ်များကို စုပ်ထုတ်ပြီး သွေးသန့် ပြန်သွင်းသည့် သွေးဟောင်းထုတ် သွေးသစ်သွင်းသည့် ကုသနည်းဖြင့် အမြန်ဆုံးကုသပေးရတော့သည်။
ဤသို့ဖြင့် ကျွန်မတို့အဖွဲ့သည် ကလေးချက်၏ သွေးပြန် ကြောထဲတွင် ပိုက်အသေးကလေးထည့်၍ ဖန်သား ဆေးထိုြး>ွပန်ကိုတပ်ပြီး သွေးများထုတ်လိုက်၊ သွေးသစ်ပြန် သွင်းလိုက်နှင့် သွေးတစ်ပုလင်းခန့် ပေးနေရစဉ် အနီးမှ ဆရာဝန်တစ်ဦးက ကလေး၏နှလုံးကို နားကြပ်ဖြင့် အမြဲ နားထောင်ပြီး သွေးခုန်နှုန်းစမ်းနေရသည်။ ကလေးပြာလာ လျှင် အကြောထဲသို့ ဆေးသွင်းကြရသည်။
သွေးထုတ်ရင်း ကယ်လ်စီယမ်ဓာတ်များ လျော့နည်း ပြီး ကလေးတက်သွားမည်စိုး၍ ကယ်လ်စီယမ်ဓာတ်များ လည်း သွင်းရသည်။ ကလေးအသက်ရှူပုံကို မမှိတ်မသုန် ကြည့်ရင်း အောက်ဆီဂျင်ပေးရ၊ စိတ်ထဲမှ ဘုရားရှိခိုး၊ ဆုတောင်းရနှင့် ကလေး၏မျက်နှာနီရဲပြီး အခြေအနေကောင်း လာမှ ကျွန်မတို့အားလုံး ပြုံးရွှင်ကြရသည်။ ထမင်းစားဖို့ ကိုလည်း မေ့သည်။ ကလေးအသက်ရှင်ဖို့သာလျှင် ဦးနှောက် နှင့် နှလုံးသားက လှုပ်ရှားနေရ၍ ကိုယ့်ကိုယ်ကိုယ်လည်း မေ့နေမိပါသည်။
ဘေဘီမအေးမြင့်မှာ ရက်သားကလေးဖြစ်၍ အမည် မမှည့်ရသေးပါ။ ကျွန်မတို့ကပင် အမေက မအေးမြင့်၊ အဖေက ဦးကျော်ဖြစ်ပြီး ကြာသပတေးသားကလေးဖြစ်၍ မောင်မျိုးမြင့်ကျော်ဟု မှည့်ခေါ်လိုက်ကြသည်။ ကျွန်မတို့ သည် ကလေး၏ချက်မှ အဆိပ်များထုတ်ပြီးသည့်အလုပ် အောင်မြင်ပြီးသော်လည်း တစ်ရက်၊ နှစ်ရက်၊ သုံးရက်အထိ ရင်တမမနှင့် ကြည့်နေရသည်။ ဆေးရုံကဆင်းသောအခါ လည်း တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ အမြဲခေါ်၍ ကြည့်ရှုစစ်ဆေးစမ်းသပ်ရပါသည်။
အရေးကြီးဆုံး စမ်းသပ်ရသည်မှာ နဂိုကလေးများ ကဲ့သို့ မိခင်က စကားပြောလျှင် မျိုးမြင့်ကျော်သည် စူးစိုက်ကြည့်နေတတ်ရဲ့လား၊ တစ်လခွဲလောက်အကြာ တွင် မိခင်က စကားပြောလျှင် ပြုံးလာတတ်ရဲ့လား၊ အသက် နှစ်လ၊ သုံးလအရွယ်တွင် ခုတင်ပေါ်မှာ ဆွဲထား သော အရုပ်ကလေးများကို လိုက်ကြည့်တတ်ရဲ့လား၊ လေးလအရွယ်တွင် အသံကြားရာ လှည့်ကြည့်တတ်ရဲ့ လား (အကယ်၍ နားမကြားလျှင် စကားမပြောတတ်သည့် ကလေးဖြစ်မှာ စိုးရိမ်ပူပန်ကြရသည်)၊ ခြောက်လ ခုနစ်လတွင် ထိုင်တတ်ပြီလား၊ လူငုတ်တုတ်၊ သွားငုတ် တုတ်ဖြစ်ပြီလား၊ ခုနစ်လ ရှစ်လတွင် လျှာထုတ်တတ်ရဲ့ လား၊ တစ်နှစ်တွင် လမ်းလျှောက်ပြီး ဖေဖေ မေမေ ခေါ်တတ်ပြီလား စသည်ဖြင့် လားပေါင်းများစွာ မျိုးမြင့် ကျော်ကို တစ်နှစ်သားအထိ စစ်ဆေးကြည့်ရှုကြရာ ကလေးသည် သွက်လက်ရွှင်မြူးပြီး Óဏ်ရည်Óဏ်သွေး ကောင်းနေသည်ကို တွေ့ရတော့မှ ကလေးငယ်၏ ရှေ့ရေးအတွက် စိတ်ချကာ ပျော်ရွှင်ရတော့သည်။
''မအေးမြင့်ရေ ကာကွယ်ဆေးတွေ အချိန်မှန်ထိုး၊ အချိန်မှန်တိုက်နော်၊ လူကြီးစားသလို အာဟာရဖြစ် အောင် အစားကောင်းကောင်းကျွေးပါ။ ကလေးက ခန္ဓာကိုယ်လည်း ဖွံ့ဖြိုး၊ Óဏ်ရည်လည်းမီလို့ ကျွန်မတို့ သိပ်ဝမ်းသာကြတယ်၊ ကျွန်မတို့ အသက်ကယ်ရကျိုး နပ်ပြီနော်''
ဤသို့ဖြင့် မွေးကင်းစကလေးများ၊ ရက်သား ကလေးများကို အသားဝါ၍ သွေးဆိပ်များထုတ်ပြီး သွေးသန့်များ သွင်းပေးရသည့် ကလေးငယ်များကို ဒပ်ဖရင်ဆေးရုံ(ခေါ်) ဗဟိုအမျိုးသမီးဆေးရုံမှ ဆရာဝန်၊ ဆရာမများကလည်း ၂၄ နာရီအတောအတွင်း အချိန် မရွေး ကုသပေးခဲ့ကြ၊ ပေးနေကြပါသည်။
ကျွန်မသည် မျိုးမြင့်ကျော်ကို သွေးလဲသည့်နေ့က အိမ်ပြန်၍ နေ့လယ်စာ မစားတော့ဘဲ ကျွန်မတို့ သွေးသွင်းသည့်အဖွဲ့ကို ထမင်းကျွေးပြီး မကြည့်ရသေး သော ကလေးများ၏အခန်းကို ဆက်လက်၍ ကြည့်ရှု ကုသပေးခဲ့ပါသည်။ မျိုးမြင့်ကျော်သည် ယခုအခါ အသက် (၃ဝ) ကျော်၍ ကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျာကြီး တစ်ဦး ဖြစ်နေသည်ဟု သိရပါသည်။
ဤကဲ့သို့ မွေးကင်းစနှင့် ရက်သားများ၏ အသားဝါရောဂါပေါင်း မြောက်မြားစွာကို ကျွန်မနှင့်အတူ ရောင်းရင်းဆရာဝန်များသည် မေတ္တာ၊ ကရုဏာ၊ စေတနာ၊ ဝါသနာဖြင့် ကုသပေးခဲ့ကြပါသည်။ ကလေးငယ်များကို ကာယ၊ ဥာဏစွမ်းအား ဖွံ့ဖြိုးတိုးတက်ရန် ယခု မျက်မှောက်ခေတ် မျိုးဆက်သစ်ဆရာဝန်များသည် ကျွန်မတို့ကဲ့သို့ပင် မေတ္တာ၊ ကရုဏာ၊ စေတနာ၊ ဝါသနာ အရင်းတည်ပြီး မြင့်မြတ်သောစိတ်ထားများဖြင့် မိမိတို့ တာဝန်များကို ပခုံးပြောင်းလွှဲယူ၍ ထမ်းဆောင်ကြမည်ဟု ယုံကြည်မိပါသည်။
ယုဝတီ-ခင်ဦး
No comments:
Post a Comment