လွန်ခဲ့သောတနင်္ဂနွေနေ့က ကျွန်တော့်အမေမွေးနေ့ ဖြစ်၏။ အမေက မွေးနေ့တိုင်းဘုရားသွား၍ ပုတီးစိပ်လေ့ ရှိရာ ဒီနှစ်တွင်လည်း အမေအဖော်ရအောင် ကျွန်တော်နှင့် ကျွန်တော့်အစ်မပါ ရွှေတိဂုံဘုရားသို့ လိုက်ပါခဲ့ကြသည်။ မုန့်ဟင်းခါးအလွန်ကြိုက်တတ်သောကျွန်တော့်ကို ဗဟန်း ဈေးမှ အမေစားလေ့ရှိသော မုန့်ဟင်းခါးဆိုင်တွင် ဝယ်ကျွေး မည်ဟုလည်း ဆွယ်သောကြောင့် ယခုလို မနက်အစောကြီး ဝီရိယအားကိုး၍ ထခြင်းဖြစ်ပေလိမ့်မည်။
အမေက အင်္ဂါထောင့်တွင်ဘုရားရှိခိုးပုတီးစိပ်၍ ပြုဖွယ်သော ကုသိုလ်အရပ်ရပ်တို့ကို ပြုပါသည်။ ထို့နောက် သားအမိသုံးယောက် စေတီတော်တစ်ပတ်ပတ်၍ အောင်မြေတွင် ဘုရားရှိခိုးကြသည်။ ဘုရားပေါ်က ဆင်းလာပြီးနောက် အမေညွှန်းသည့် မုန့်ဟင်းခါးဆိုင်လေး ကို ပျပျလှမ်းမြင်ရ၏။ အမိုးအပြာရောင်လေးနှင့်ဖြစ်သည်။ ဆိုင်းဘုတ်မရှိ။ ဆိုင်နာမည်မရှိ။ ဘုန်းကြီးကျောင်း တစ်ကျောင်းရှေ့ဝယ် စားပွဲဝိုင်းခပ်သေးသေး သုံး၊ လေးဝိုင်း နှင့် ခုံပုလေးများနှင့်။ မုန့်ဟင်းခါးအနံ့ကတော့ အဝေး မှသည် ကောင်းစွာရှူမိသည်။ တကျွတ်ကျွတ်ဆာနေသော ဗိုက်အိုးကို အာဟာရဖြည့်ရန် ဆိုင်အနေအထားကြည့်မနေ တော့ဘဲ ဝင်ထိုင်ရန်ပြင်တော့သည်။ သို့သော် ချက်ချင်း နေရာမရပါ။ ဤမျှသေးဖွဲလှသော မုန့်ဟင်းခါးဆိုင်လေးတွင် စားသူဝယ်သူတို့နှင့် ကြက်ပျံမကျစည်ကားနေသည်မှာ အတန်ငယ် ထူးဆန်းစရာတော့ကောင်း၏။ ရောင်းသူကား အသက် ၄ဝ မကျော်လောက်သေးသည့် အမျိုးသမီး တစ်ယောက်နှင့် စားပွဲထိုးဟုထင်ရသော ခပ်ငယ်ငယ် ကောင်လေး နှစ်ယောက်။ သူတို့လည်း လက်မလည်ပါ။ ထိုစဉ် ဘုန်းကြီး ကျောင်းထဲမှ အသက် ၅ဝ မကျော်နိုင် သေးသည့် လူကြီးတစ်ယောက်ထွက်လာ၍ ကျွန်တော့်အမေ ကို မြင်သည်နှင့်..
''ဟာ..ညီမလေး...လာလေ...''ဟု အားရပါးရ ဖိတ်ခေါ်၏။
ထိုလူကြီးကား အစိမ်းဖျော့ရောင်အကွက်ပုဆိုးကို ဒူးအောက်ကျရုံ ခပ်တိုတိုဝတ်ဆင်ထား၏။ လက်သုတ် ပဝါတစ်ထည်ကို သူ၏ရှပ်အကျီပခုံးစွန်းပေါ်တွင် လွှားတင် ထားသည်။ ချွေးသုတ်ရန်လား၊ ခုံသုတ်ရန်လား ကျွန်တော် မသိ။ ဇရာ၏ဖိစီးမှုကြောင့် မုတ်ဆိတ်မွေး၊ ဆံပင်မွေးတို့က သိသာစွာဖြူနေ၏။ သို့သော် သူ့မျက်လုံးများကား တက်ြ<ွက မှုအပြည့်၊။ လှုပ်ရှားသွားလာပုံက မာန်အပြည့်။
ကံအားလျော်စွာ ခုံနေရာလွတ်သွားသဖြင့် သူက ကျွန်တော်တို့ သုံးယောက်စာ ကိုယ်တိုင်ကိုယ်ကျ နေရာ ချပေးပါသည်။
''ညီမလေး...ဘာစားမလဲ...ဒါ သားနဲ့ သမီး လား...''
စားပွဲဝိုင်းလေးပေါ်ရှိ တစ်ရှူးဘူးကိုစစ်ရင်း သူက မေးသည်။
''ဟုတ်တယ်ဦး...သားကမုန့်ဟင်းခါး အလွန်ကြိုက် တာလေ..အဲဒါ သူ့ကိုဒီမှာစားဖူးအောင် ခေါ်လာတာ''
''အဲဒါဆိုရင်တော့ ဦးတို့လက်ရာ မြည်းကြည့် သားရေ... မင်းအမေက သူ့ရုံးအဖွဲ့တွေနဲ့ မနက်တိုင်း လိုလို လာအားပေးနေကျ...''
ကျွန်တော့်ပခုံးကို ခပ်ဖွဖွပုတ်ကာ တက်ြ<ွကပြီး အနည်းငယ် ကျယ်လောင်သည့်အသံနှင့် ပြောသည်။
''အဲဒါဆိုဦးရေ....မုန့်ဟင်းခါး ဘူးသီးကြော်နဲ့ နှစ်ပွဲ...အကြီးမက မုန့်ဟင်းခါးမကြိုက်ဘူး''
''အဲဒါဆို သမီးအသုပ်လေးစား... အရမ်း ကောင်းတယ်...မုန့်ဟင်းခါး ဟင်းရည်လေးနဲ့....နော်...ငါ့ညီမလည်း အုန်းနို့ခေါက်ဆွဲစားတယ်မို့လား.. စားရင်မြည်းကြည့်....ဆွေမျိုးစာရင်း အကုန်မေ့သွား မယ်''
''ဟုတ်...ဟုတ်''
အမေလည်းတပြုံးပြုံးနှင့် ထိုလူကြီးပြောသည်ကို ခေါင်းညိတ်လျက်သာ ထောက်ခံသည်။
''ဟေ့...သားရေ...ဒီဝိုင်းအတွက် မုန့်ဟင်းခါး ဘူးသီးကြော်နဲ့ တစ်ပွဲ...အုန်းနို့ ပဲကြော်နဲ့တစ်ပွဲ..အသုပ်တစ်ပွဲ...အစပ်အထည့်ဘူးနော်...ငါစားမယ့် ထဲက ပိုထည့်ပေးလိုက်ပါဟေ့....ငါ့ညီမတွေ များများ စားရအောင်''
သူ့စကားကို ကျွန်တော် အံ့သြသွားရသည်ကား အမှန်ပင်။ ပထမအချက်ကား သူသားလို့ လှမ်းခေါ်လိုက် သည့်ကောင်လေးကား သူတို့ဆိုင်မှစားပွဲထိုးကောင်လေးဖြစ်၏။ သူ့သားအရင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်တန်ရာ။ ကျွန်တော်ထိုင်ဖူးသည့် ဆိုင်တော်တော်များများတွင် (လက်ဖက်ရည်ဆိုင်၊ အသုပ်ဆိုင်၊ အအေးဆိုင်စသည်ဖြင့်) စားပွဲထိုးကို သားဟု လှိုက်လှိုက်လှဲလှဲခေါ်သံ ကြားဖူးသည် မှာ ဤကား ပထမဆုံးပင်ဖြစ်၏။ အပေါ်ယံ လူကြား ကောင်းရုံခေါ်လိုက်ခြင်း မဟုတ်သည်ကား လေသံကို နားထောင်ရုံနှင့် လူတိုင်းသိနိုင်သည်။ သားဟု ရည်ညွှန်းခံရ သည့် စားပွဲထိုးကောင်လေး၏မျက်နှာလည်း ပြုံးရွှင်ကာ စိတ်ပါလက်ပါနှင့် ကျွန်တော်တို့အတွက် ပြင်ဆင်ပေးရှာ သည်။
တချို့ဆိုင်များ မြင်ဖူးကြပါလိမ့်မည်။ ကိုယ့်ဆိုင်က စားပွဲထိုးကို ပိုက်ဆံပေး၍ ခိုင်းချင်တိုင်းခိုင်း၊ ပြောချင်တိုင်း ပြော၊ ဆိုချင်တိုင်းဆိုကြသောဆိုင်များ ဒုနှင့်ဒေးပင်ဖြစ်၏။ သေချာပါသည်။ ထိုသို့သောဆိုင်မျိုးမှဝန်ထမ်းများ ထိုဆိုင် တွင်ကြာရှည်မတည်မြဲနိုင်။ ခွဲခြားဆက်ဆံခံရလွန်းသောအနေအထားတစ်ခုအောက်မှ တစ်ချိန်တော့ ပျော်ရွှင်စွာရုန်းထွက်ကြလိမ့်မည်။ အခုတော့ ဤလူကြီး၏ရင်ထဲမှ ချိုသာစွာထွက်ပေါ်လာသည့် အာလုတ်စကားလေးကြောင့် စားပွဲထိုးကောင်လေး မပျော်ဘဲနေနိုင်ပါမည်လား။ အလုပ် အပေါ်လည်း ချစ်ခင်စိတ်တိုးလာမည်မှာ မလွဲဧကန်ပင် ဖြစ်၏။ ဒုတိယအချက်ကား ငါစားမယ့်ထဲကပိုထည့်ပေးလိုက် ပါဆိုသည့်စကား။ ဤသည်လည်း အများကြားကောင်းရုံ ဟန်ဆောင်ပြောခြင်း မဟုတ်ပါ။ သူ့စေတနာက သူ့စကား မှာ အတိုင်းသားပေါ်ထွက်နေသည်။
တကူးတက ရှာဖွေနေစရာပင်မလို။ ကျွန်တော့်အမေ ဆိုင်ရွေးကောင်းလှသည်။ လက်ဖျစ်တတွတ်အချိန်မှာပင် မှာထားသည်တို့ ရောက်လာပါသည်။ ထို့အပြင် ထိုလူကြီး လည်း ထပ်ရောက်လာသည်။
''စားနော် သားတို့၊ သမီးတို့....လိုတာရှိရင် ပြော...ဘာမှအားမနာနဲ့''ဟု ပြောပြီး အလှူအိမ်သို့ လာရောက်စားသောက်သော လူများကိုဧည့်ခံသလို လောကွတ်ပြုသည်။ ထို့နောက် သူတခြားဝိုင်းများသို့ သွားဧည့်ခံသည်။ စားကောင်းရဲ့လား...ဟင်းရည်လိုရင် ပြော...အငန်ကလျှော့ထားတာ သွေးတိုးကုန်မှာစိုးလို့ ပါ...နံနံပင်တွေပေါမှပေါ လိုချင်ရင်ပြော...စသည် ဖြင့် ထိုနေရာလေးကား သူ့အသံဆာဆာနှင့် စည်ကား အသက်ဝင်နေသည်။
''သားရေ...ချော်လဲဦးမယ်ဖြည်းဖြည်းလာ...ဟင်းရည်မှောက်တာကိစ္စမရှိဘူး...မင်းအနာတရဖြစ်မှာ စိုးလို့''
စားသုံးသူကိုရော ဝန်ထမ်းကိုပါ တစ်ပြေးညီ ချိုသာ လွန်းသည့်ဆိုင်ပိုင်ရှင်ကို ကျွန်တော့်အသက် ၁၈ နှစ်တွင် ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်ကို ဤနေရာတွင် ဝန်ခံ ပါသည်။ ကျွန်တော် လွန်စွာပီတိဖြစ်၍ သူလုပ်သမျှကိုသာ လိုက်ကြည့်နေမိသည်။ ကျွန်တော်တို့အိမ်နားတွင် ရှားရှား ပါးပါး မုန့်ဟင်းခါးဆိုင် တစ်ဆိုင်သာရှိသည်။ ထိုဆိုင်ကို မိန်းမကြီးနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ဦးဆောင်ရောင်းချသည်။ သုံးယောက်စလုံး သဘော မကောင်းချက်က ကျွန်တော်တို့ရပ်ကွက်တွင် လူပြောများ သည်။ စားသုံးသူကို ချိုသာစွာပြောဆိုရန်ဝေးစွ။ ရန်မတွေ့ ရုံတမယ် တစ်ခါတရံ အော်ချင်ငေါက်ချင်သေး၏။
စိတ်ကလည်းမရှည်ပါ။ ကပ်စေးလည်းအလွန်နည်းပြီး တစ်ခါတစ်ရံ သူတို့ထည့်ပေးသော ဟင်းရည်နည်းလွန်း၍ အနည်းငယ်ထပ်တောင်းလျှင်ပင် မျက်စောင်းကလှမ်းထိုး လိုက်သေးသည်။ သို့သော်လည်း မုန့်ဟင်းခါးအရသာ မဆိုးသောကြောင့် လည်းကောင်း၊ စကားဦးခံခဲ့သည့်အတိုင်း ရှားရှားပါးပါး မုန့်ဟင်းခါးဆိုင်ဟူ၍ ထိုတစ်ဆိုင်သာ ရှိသည့်အတွက်ကြောင့်လည်းကောင်း ကျွန်တော်တို့မှာ မုန့်ဟင်းခါးစားချင်တိုင်း သူတို့၏အငြူစူကို သည်းခံ၍သာ စားနေခဲ့ရသည်မှာ ကြာခဲ့ပါပြီ။
အခုတော့ ဗဟန်းဈေးထဲမှ ခပ်မှိန်မှိန် မုန့်ဟင်းခါးဆိုင် လေးတစ်ဆိုင် အင်မတန်ရောင်းကောင်းနေရခြင်း၏ လျှို့ဝှက်ချက်ကို နှိုင်းယှဉ်သိခဲ့ပါသည်။ ထို့အပြင် ကျွန်တော် ရည်ညွှန်းနေသည့်လူကြီးကား လာဝယ်သမျှဖောက်သည် တိုင်းလိုလိုနှင့် အကျွမ်းတဝင်ရှိသည်။
''ဟော...ရခိုင်မလေးလာပြီ ဟင်းရည်လျှော့...အဖတ်များများထည့်...ကောင်မလေးကပျစ်ပျစ်လေး စားတာ...ရန်ကုန်ရောက်တာကြာပြီ ရခိုင်လိုပြောတာ နည်းနည်းလျှော့ဦးနော်...''
''စက်ဘီးနဲ့သားလေး...အေးဆေးပေါ့...ဘာမှာထားလဲ...ထိုင်ပြီးရေနွေးကြမ်းလေး သောက်နေ ပါလား...မင်းအမေအတွက် ပဲသီးနဲ့နံနံပင် ပိုထည့်ပေး လိုက်ပါ့မယ်''စသည်ဖြင့် မမောနိုင်အောင် အလုပ်တွေ လည်းလုပ်...စားသုံးသူကိုလည်း လိုတာထက်ပိုအောင် ဂရုစိုက်ပေးနေ၏။
သူ့ဆိုင်လေးအတွင်းမှာ အပြုံးတို့ဝေဆာနေသည်။ ပီတိကို စားနေကြသည်။ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်တွင် အပြောကောင်းသောလူများထက် အပြောချိုသောလူများ ပိုလိုအပ်ပါသည်။ သေးနုပ်သောကိစ္စရပ်ပင် ဖြစ်ပါစေ စေတနာအရင်းခံ၍ စကားပြောလျှင် နားထောင်သူအတွက် ချိုသာခြင်းဟူသည် အလိုလိုဖြစ်ပေါ်လာပါလိမ့်မည်။ အပေါ်ယံအပြုံးမျက်နှာဖုံးတပ်၍ ပျားရည်စိမ်ထားသော မုသားစကားတို့ ပြောဆိုနေခြင်းထက် ရင်ထဲမှလှိုက်လှဲစွာ ထွက်ပေါ်လာသော မေတ္တာတို့နှင့် ရောပြွမ်းနေသည့် စေတနာစကားလုံးလေးများက ပိုနားထောင်၍ ကောင်းပါ လိမ့်မည်။ ကျွန်တော်တို့ပြန်ခါနီး၍ ပိုက်ဆံရှင်းမည်ဆိုလျှင် လည်း ထိုလူကြီးမှာ အသည်းအသန်ပြေးလာပြီး...
''အသုပ်ဖိုးမပေးနဲ့ညီမ...ဦးအလကားကျွေးတာ စေတနာနဲ့''
''အာ..မလုပ်ပါနဲ့ဦးရယ်...ယူပါ...''
''ရပါတယ် ညီမရယ်..တစ်ခါတလေမှ ညီမသားနဲ့ သမီးကလာစားတဲ့ဟာကို...နောက်လည်း လမ်းကြုံရင် ဝင်စားနော် သားနဲ့သမီး...ဦးတို့ဆိုင်က နေ့တိုင်းဖွင့်တယ် လက်ရာလည်းမပြောင်းဘူး''
ရင်ထဲမှ ဝမ်းမြောက်ဝမ်းသာစွာနှင့် ကျွန်တော်သူ့ကို အလေးစားကြီး လေးစားမိသွားပါသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးများနှင့်သာ ကျွန်တော်တို့ပတ်ဝန်းကျင် ပြည့်နှက် နေမည်ဆိုလျှင် မည်မျှနေပျော်ဖွယ် ကောင်းလိုက်မည်နည်း။ အဆင့်အတန်းခွဲခြားခြင်းမရှိ၊ မလိုမုန်းထားစိတ်ထားများမရှိ၊ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများမရှိ၊ လောဘ သားကောင် စိတ်ထားများမရှိ။ အိမ်ပြန်လမ်းတစ်လျှောက် ဤအတွေးတို့နှင့်ကြီးစိုးရင်း သူ့လိုလူဖြစ်အောင် ကြိုးစား နေထိုင်မည်ဟုစိတ်ကူးရင်း နောက်တစ်ကြိမ်အခွင့်ရခဲ့လျှင် ဤဆိုင်၌သာ စိတ်ချမ်းသာစွာ လာစားမည်ဟုလည်း တွေးတောရင်း တွေးတောရင်းဖြင့်။
လင်းရိပ်ညို
No comments:
Post a Comment