Latest News

Sunday, July 15, 2018

နိုင်ငံလွတ်လပ်ရေးအတွက် သေရမှာမကြောက်သူ မန်းဘခိုင်

နိုင်ငံလွတ်လပ်ရေးအတွက်      သေရမှာမကြောက်သူ    မန်းဘခိုင်


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့ရာ   ထိုကျဆုံးသူများအနက်  ကရင်အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သော မန်းဘခိုင်လည်း ပါဝင်ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင်   စက်မှုလက်မှုနှင့်  အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် မန်းဘခိုင်က တာဝန်ယူခဲ့သည်။

မန်းဘခိုင်၏ ရာဇဝင်တင်လောက်သော  စကား တစ်ခွန်းမှာ ''အမျိုးသားရေးနှင့်   ဗမာပြည်ကြီးအတွက် လွတ်လပ်ရေးရရန် ဆောင်ရွက်ရာတွင် သေရမည်ကို မကြောက်''ဟူသောစကားပင် ဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မန်းဘခိုင် မှာ နေထိုင်မကောင်းဖြစ်နေ၍ ဇနီးဖြစ်သူက ရုံးမသွားရန်  တားမြစ်သော်လည်း      နေမကောင်းလျက်နှင့်ပင် အတွင်းဝန်ရုံးရှိ  ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းတွင် ပြုလုပ်သော အစည်းအဝေးသို့ ကြိုးစားတက်ရောက်ခဲ့သူ ဖြစ်သည်။ မန်းဘခိုင်သည်   ဗိုလ်ချုပ်၏ လက်ယာဘက် စားပွဲရှည်ကြီးအစွန်ဆုံး၊ လူသတ်သမားတို့ ဝင်ရောက်ရာ ဝင်ပေါက်နှင့် အနီးဆုံးတွင် ထိုင်ခဲ့သူလည်း ဖြစ်သည်။ ဗိုလ်ချုပ်ယုံကြည်     အားအကိုးရဆုံးသော    ကရင် ခေါင်းဆောင်တစ်ဦးဆိုလျှင်လည်း မမှားပေ။

''အဲဒီနေ့က    ဖေဖေတို့အကြောင်းကိုကြားလို့ ဆေးရုံကို လိုက်သွားတော့   ဗိုလ်ချုပ်အောင်ဆန်းကို ပွေ့ပြီး အိမ်ပြန်ယူသွားတဲ့ ဒေါ်ခင်ကြည်ကို တွေ့ရတယ် တဲ့၊  အခန်းထဲရောက်လို့ ဖေဖေ့ကိုလည်းမြင်ရော မေမေ မူးမေ့လဲကျသွားတာ၊ အိမ်ပြန်ရောက်မှပဲ သတိရတယ်လို့ မေမေကပြောတယ်၊ ဆေးရုံက ဂျူဗလီဟောကို ရွှေ့ပြီး တော့ အာဇာနည်ကိုးဦးရဲ့ ရုပ်ကလာပ်တွေကို ထားထား တယ်လေ။ 

''၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ ဂျူဗလီဟော မှာ သံဃာတော်အပါး ၁ဝဝ နဲ့  နိုင်ငံတော်ဆွမ်းကပ်ပွဲ ပြုလုပ်ပါတယ်၊   ရန်ကုန်မြို့တော်ခန်းမမှာလည်း ဆွမ်းသွတ်ပွဲလုပ်တယ်၊ မေမေကနှစ်စဉ်သံဃာ ၄၅ ပါးနဲ့  လစဉ်  သံဃာတော် ငါးပါးကို  အိမ်မှာ ဆွမ်းအမြဲကပ် တယ်၊ မေမေ့အသက် ၆၁ နှစ်၊ ၁၉၇၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ တက္ကသိုလ်ရိပ်သာလမ်းက အိမ်မှာဆုံးပါးတဲ့ အထိ ဖေဖေ့ကို   ရည်မှန်းပြီး   သံဃာတော်တွေကို ဆွမ်းကပ်မပျက်ခဲ့ဘူး၊ ဖေဖေဆုံးတော့ ကျွန်မက သုံးနှစ် သမီး၊  မောင်လေးက  အခါလည်ပဲရှိသေးတယ်''ဟု မန်းဘခိုင်၏ မိသားစုဝင်ဖြစ်သော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(သင်္ချာဌာန)မှ အငြိမ်းစားပါမောက္ခတစ်ဦး ဖြစ်သည့် ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။

ဒေါ်မြင့်မြင့်ခိုင်တို့ မိသားစုသည်  တာမွေမြို့နယ် ရှိ  နေအိမ်တွင်နေထိုင်ပြီး  အိမ်ရှေ့ရှိ တစ်ချိန်ကSaint Francis Convent  မစ်ရှင်စကူးလ်  ယခုအထက (၄)ကျောင်းတွင် ဒေါ်မြင့်မြင့်ခိုင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့်ဦးအောင်ဆန်းလင်းတို့   အတူတကွကျောင်းတက် ဖူးကြောင်း၊  ဒေါ်မြင့်မြင့်ခိုင်နှင့် ဦးအောင်ဆန်းလင်းမှာ ပထမတန်းတွင် အတူတက်ရောက်၍ ဒေါ်အောင်ဆန်း စုကြည်မှာ တစ်တန်းငယ်ကြောင်း  ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။ အဆိုပါ      ကျောင်းကြီးမှာယခုအခါ  အမှတ်(၄)အခြေခံပညာ  အထက်တန်းကျောင်းအဖြစ်  အနာဂတ်မျိုးဆက်သစ်များကို မွေးဖွားပေးလျက်ရှိသည်။

ဒေါ်မြင့်မြင့်ခိုင်က ''ဖေဖေဆုံးပြီးတော့ မိသားစု အခက်အခဲတွေ ကြုံခဲ့ရတယ်၊  ၁၉၆၃   ခုနှစ်ကစပြီး ကံဆိုးမှု စတယ်လို့ ဆိုရမယ်၊ မေမေအလုပ်လုပ်နေတဲ့ ဓာတ်ဆီဆိုင်လည်း အောက်တိုဘာလ ၂ဝ ရက်နေ့မှာ ပြည်သူပိုင်အသိမ်းခံရတယ်။  ဖေဖေရှိစဉ်က  ဖွင့်ထားတဲ့   ငှက်ပျောပွဲရုံကလည်း  မေမေဆုံးပြီးနောက်မှာ  ရွာက ငှက်ပျောတင်ပို့ခြင်းမရှိတော့    ရပ်ဆိုင်းသွားတယ်။  အဆောက်အအုံကလည်း  ဗုံးဒဏ်သင့်လို့  ပြန်ပြုပြင် ရတယ်။

''အဲဒီမှာ ရေနံကုမ္ပဏီ ဘီအိုစီက ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေကို ကော်မရှင်စား ဓာတ်ဆီအရောင်း ကိုယ်စားလှယ်ပေးမယ်လို့ ကမ်းလှမ်း ချက်ကို လက်ခံပြီး ဆိုင်နေရာရှာနေတော့ ဦးလေးဖြစ်သူ ဦးအမောင်က အရှေ့မြင်းပြိုင်ကွင်းလမ်းက   သူပိုင်တဲ့ နေရာကိုပေးပြီး  ကူညီစောင့်ရှောက်ခဲ့တယ်၊ ဓာတ်ဆီဆိုင် တွေ ပြည်သူပိုင်သိမ်းပြီးတဲ့အခါမှာ အာဇာနည်ခေါင်းဆောင် ကြီးတွေရဲ့  မိသားစုတွေ  စားဝတ်နေရေးမပြေလည်မှာ စိုးလို့ ကျန်ရစ်သူ ဇနီးသည်တွေကို တစ်သက်တာ ခံစားခွင့် ပင်စင် တစ်လတစ်ထောင်ကျပ်စီ ချီးမြှင့်မယ့်အကြောင်းကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီးနေဝင်းက ကျွန်မ မိခင်အပါအဝင်    ကျန်ဇနီးသည်တွေကိုလည်း တွေ့ဆုံပြီး ပြောကြားခဲ့တယ်လို့လည်း  သိခွင့်ရခဲ့ပါတယ်'' ဟု ပြောပြသည်။

မန်းဘခိုင်သည် ဟင်္သာတခရိုင် ယုန်သလင်းကျေးရွာ ဇာတိဖြစ်ပြီး  ရွာသူကြီးမန်းပေကုန်းနှင့် အမိဒေါ်ပုတို့မှ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ ဟင်္သာတမြို့   အေဘီအမ်ကျောင်းတွင်  ပညာ သင်ကြားခဲ့ကာ ကလေးသူငယ်များ ကရင်ဘာသာသင်ကြား နိုင်ရန် ကျောင်းတစ်ကျောင်းဖွင့်ပေးခဲ့ပြီး ကရင်လူငယ်များ အသင်းကိုလည်း စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ်  အရွေးခံရပြီး ဂျပန် တော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကာ ကရင်-ဗမာ ချစ်ကြည်ရေးကိုအထူး ကြိုးပမ်းတည်ဆောက်ခဲ့သူလည်းဖြစ်သည်။

''ဗိုလ်ချုပ်အောင်ဆန်းဇလွန်မြို့မှာ တရားဟောတော့  အင်္ဂလိပ်က  ဆုငွေထုတ်ထားတဲ့အတွက် ရှောင်နေရတယ်။ အဲဒီအချိန်မှာ ရာဇဝတ်အုပ်ဇနီးဖြစ်တဲ့ မေရီလှ တောက ကားနဲ့ ဟင်္သာတ၊ ယုန်သလင်းရွာက ပါးပါးစီကို ခေါ်လာ ပြီး မိတ်ဆက်ပေးတယ်၊ ပြီးတော့ ဒါငါတို့ခေါင်းဆောင် ဗိုလ်ချုပ်ပဲ။ မင်းတာဝန်ယူပြီး  ရန်ကုန်ကို ရောက်အောင် ပို့ပေးဖို့ တာဝန်ပေးတယ်၊   ရွာမှာဗိုလ်ချုပ်က  သုံးရက် နေတယ်၊ အပေါ်ဆုံးထပ်မှာ အိပ်တယ်။ ညပိုင်းတိုင်းပြည် လွတ်လပ်ရေးအတွက် တရားတွေဟောတယ်၊   ပါးပါးက ဗိုလ်ချုပ်ကို  အဲဒီကတည်းက  လေးစားခဲ့တာ၊   နာမည် ကြားဖူးပေမယ့်  အခုမှတွေ့ရတာဆိုတော့  ဝမ်းလည်း ဝမ်းသာ၊ လေးလည်း လေးစားပေါ့လေ။

''အင်္ဂလိပ်စပိုင်တွေကလည်း    ဗိုလ်ချုပ်ဇလွန်က ပျောက်သွားတော့ ပိုက်စိပ်တိုက်ရှာနေတဲ့ အချိန်ပဲ။ ရွာမှာ သုံးရက်နေပြီး မနက်မှာပါးပါးက သူ့ငှက်ပျောသီးတင်တဲ့ ကားနဲ့ ဗိုလ်ချုပ်ကို ခြံအလုပ်သမား အယောင်ဆောင်ပြီး ဟင်္သာတကိုပို့တယ်၊    ကမ်းနားရောက်တော့   ပါးပါးက  ဗိုလ်ချုပ်ဘယ်လိုမှမအောက်မေ့ပါနဲ့၊ လှေပေါ်ကို တက်ရင် ငှက်ပျောခိုင်တစ်ခိုင် ထမ်းပြီး တက်စေချင်ပါတယ်၊ ဒါမှ မရိပ်မိကြမှာလို့ တောင်းပန်စကားပြောတော့ ဗိုလ်ချုပ်က ရယ်ပြီး သမ္ဗန်ပေါ်ကို ထမ်းသွားတယ်လို့  ပြောတယ်။ဗိုလ်ချုပ်မှန်းလည်း   မရိပ်မိကြဘူး၊     ပါးပါးကိုယ်တိုင် ငှက်ပျောလှေနဲ့   ရန်ကုန်ကို  လိုက်ပို့တော့  ဗိုလ်ချုပ် အောင်ဆန်း  ရန်ကုန်ကိုပြန်ရောက်ခဲ့တယ်၊   ကျွန်မ ခုနစ်နှစ်သမီးအရွယ်ဆိုတော့  မမကြီးက အမြဲပြောပြလို့ မှတ်မိနေတာပါ''ဟု  မန်းဘခိုင်၏   သမီးဖြစ်သူတစ်ဦး ဖြစ်သော ဒေါ်နန့်ခင်ဌေးရီခိုင်က ပြောပြသည်။

မန်းဘခိုင်သည် အမျိုးသားစည်းလုံးညီညွတ်မှုနှင့်  တိုင်းပြည်လွတ်လပ်ရေးကို အထူးကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်သောကြောင့် ဗိုလ်ချုပ်က လေးစားအားကိုးခဲ့သူ တစ်ဦး လည်း ဖြစ်သည်။

''ကျွန်မအဘိုးက စည်းလုံးမှုနဲ့ပတ်သက်ရင် အမြဲ ပြောဖူးတယ်တဲ့၊  စည်းလုံးညီညွတ်မှုသာ ရှိမယ်ဆိုရင်  ပင်လယ်ရေကိုတောင်  ခပ်ထုတ်လို့  ရတယ်တဲ့၊    အခု အချိန်မှာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးက အထူး လိုအပ်နေတာပါ၊  တိုင်းပြည်တိုးတက်ဖို့ ရည်မှန်းချက်တွေ တူကြမယ်ဆိုရင် ငြိမ်းချမ်းရေးရမှာပါ၊   တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်ဆိုရင်တောင် ရန်သူလို့မမြင်ဘဲ ရည်မှန်းချက် တူတဲ့ မိတ်ဆွေလို့ မှတ်ယူကြရမှာပါ၊ ကျွန်မတို့တစ်တွေ မမီတော့ပေမယ့် နောင်မျိုးဆက်သစ်တွေ  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုရဲ့ အကျိုးရလဒ်ကို ခံစားရမှာဖြစ်တဲ့အတွက်  တိုင်းရင်းသားစည်းလုံးညီညွတ်မှု အမြန်ရဖို့ တစ်ဦးနဲ့ တစ်ဦး   စာနာထောက်ထားနားလည်ဖို့လိုပါတယ်''ဟု မြေးဖြစ်သူ   အသက်(၅၇)နှစ်ရှိ  ဒေါ်နန့်စိုးစိုးခိုင် (ဟင်္သာတတက္ကသိုလ်) က ပြောပြသည်။

အာဇာနည်ခေါင်းဆောင်ကြီး  ကိုးဦးတွင်  တစ်ဦး အပါအဝင်ဖြစ်ပြီး  ဖဆပလအဖွဲ့ကြီးဖြစ်မြောက်ရေး အတွက်  အားကြိုးမာန်တက်ကြိုးပမ်းဆောင်ရွက်ခဲ့သူ၊ ကရင်လူငယ်များအစည်းအရုံးဥက္ကဋ္ဌ၊  စက်မှုလက်မှုနှင့်  အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးမန်းဘခိုင်အား  ဦးညွတ် ဂါဝရပြုပြီး  ဤဆောင်းပါးကို      ရေးသားတင်ပြလိုက် ရပါသည်။      ။

မန်းဘခိုင်

(၂၆ အောက်တိုဘာ ၁၉ဝ၃ - ၁၉ ဇူလိုင် ၁၉၄၇)

၁၉၄၆ ခုနှစ်  စက်တင်ဘာလတွင် ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သော ဝန်ကြီးအဖွဲ့၌ စက်မှု လက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ကရင်ခေါင်းဆောင် မန်းဘခိုင် တာဝန်ယူခဲ့သည်။

မန်းဘခိုင်သည် ဟင်္သာတခရိုင် ယုန်သလင်းရွာ ဇာတိဖြစ်သည်။   အဘ  ယုန်သလင်းရွာသူကြီး မန်းပေကုန်းနှင့်  အမိ  ဒေါ်ပုတို့မှ  ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက် တနင်္လာနေ့တွင် မွေးဖွား သည်။ တော်လှန်ရေးတွင် ထိုနယ်မှ ပါဝင်လှုပ်ရှား ခဲ့သည်။

ငယ်စဉ်က ဟင်္သာတမြို့ အေဘီအမ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။

ကလေးသူငယ်များ ကရင်ဘာသာ သင်နိုင်ရန် အတွက် ကျောင်းတစ်ကျောင်း ဖွင့်ပေးခဲ့သည်။ ကရင် လူငယ်များအသင်းကိုလည်း စတင်ဖွဲ့စည်းခဲ့သည်။

၁၉၃၇ ခုနှစ်တွင်  ပုသိမ်မြောက်ပိုင်းမှ အမတ် အဖြစ် အရွေးခံရသည်။

ဂျပန်တော်လှန်သည့် အချိန်တွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်။ ကရင်-ဗမာချစ်ကြည်ရေးကို အထူးကြိုးပမ်းတည်ဆောက်ခဲ့သည်။

ဖဆပလအဖွဲ့ကြီး  ဖြစ်မြောက်ရေးကို ကြိုးကြိုး ပမ်းပမ်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့ ကြီးတွင် ဗဟိုအမှုဆောင်  လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှာပင်  ကရင်လူငယ်များ  အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် အခြားခေါင်းဆောင် ကြီးများနှင့်အတူ  လုပ်ကြံခံရပြီး  အသက်ဆုံးရှုံးခဲ့ရ သည်။

သတင်းဆောင်းပါး - သန်းထိုက်
ဓာတ်ပုံ - သန်းစိုး

No comments:

Post a Comment