Latest News

Saturday, July 28, 2018

ကျေးလက်ဟင်းတစ်ခွက် သပြုသီးငါးရံ့ချဉ်ရည်ချက်

ကျေးလက်ဟင်းတစ်ခွက် သပြုသီးငါးရံ့ချဉ်ရည်ချက်


ဈေးထဲမှာ သပြုသီးတွေရောင်းနေတာ တွေ့ရတော့  အလယ်တန်းကျောင်းသားဘဝက သင်ခဲ့ရတဲ့ ဦးဖိုးကျားဝတ္ထုကောက်နုတ်ချက်များထဲက ''လွဲသောအကြွား''ကို သတိသွားရလို့ ပြုံးလိုက်မိပါတယ်။   အဆောင်အယောင် ဂုဏ်ပကာသနကို  အထင်ကြီးလွန်းတတ်တဲ့ တူမဖြစ်သူ မယ်တင်ကပြောတဲ့စကားပါ။

''ဦးလေးက ဘာသိလို့လဲ။    အဲဒါက မြို့အုပ်မင်းကတော်ရှင့်၊ သူ့ယောက်ျားက ဘာမြို့အုပ်ဆိုလား၊ ဟို .. ဟင်းချက်စားရတဲ့ ချဉ်ဖန့်ဖန့်အသီးဟာလေ ဦးလေးရယ်..''

''သပြုသီးလား''

''အဲ..အဲ ..ဟုတ်တယ် .. ဟုတ်တယ်၊ သပြုသီးမြို့အုပ်မင်းကတော်ရှင့် '' အမှန်က (Deputy)ဒက်ပျူတီမြို့အုပ်၊   လက်ထောက် မြို့အုပ်ကို ဆိုလိုတာပါ။

သပြုသီးက     ရာသီအလိုက်ပေါ်တဲ့ ဟင်းလျာသီးနှံတစ်မျိုးဖြစ်ပြီး အောက်အရပ် ဒေသတွေမှာသာ တွေ့ရှိရတာပါ။ အထက် အညာနဲ့ တောင်တန်းဒေသနေသူများကတော့ စားဖူးဖို့ဝေးစွ မြင်ဖူးကြားဖူးကြမယ်တောင် မထင်ပါဘူး။ အသီးက လူကြီးလက်သီးဆုပ် သာသာအရွယ်ရှိပြီး အရောင်က စိမ်းပါတယ်။ အခွံအဖတ်တွေအထပ်ထပ်နဲ့ လုံးဝန်းနေတာမို့ ဟင်းချက်မယ်ဆိုရင်   အညှာဘက်က   ဓား ထက်ထက်နဲ့လှီးချလိုက်မှ    အဖတ်တွေကို အလွယ်တကူခွာနိုင်ပါတယ်။

အရသာက   အထက်မှာပြောခဲ့သလိုပဲ ချဉ်ဖန့်ဖန့်ပါ။   သပြုသီးအရင့်ဖတ်တွေကို ဖယ်ပြီး   အောက်ဘက်က အနုဖတ်တွေကို ငှက်ပျောအူလှီးသလို ခပ်ပါးပါးလှီးပြီး ချက်ရ တာပါ။ အလိုက်ဖက်ဆုံးက ငါးရံ့သားနဲ့ရောပြီး ချက်ကြတဲ့ သပြုသီးငါးရံ့ချဉ်ရည်ဖြစ်ပါတယ်။ ဟင်းလျာတွေကို  အချဉ်အရသာပေါ်အောင် ချက်ကြတဲ့အခါ မန်ကျည်းသီး၊ ဆီးသီး၊ သစ်တို သီးအစရှိတဲ့ အချဉ်သီးနှံတွေကို သုံးလေ့ရှိ ပါတယ်။

အခြေခံအချဉ်အရသာတူသော်လည်း ချဉ်ပုံချဉ်နည်း ပုံစံကွဲပြားသွားကြတာကြောင့် ငါးရံ့သားကို သပြုသီးနဲ့အချဉ်ချက်တဲ့ ဟင်း အရသာဟာလည်း ထူးခြားလှပါတယ်။ တစ်ခါ ငါးရံ့ရဲ့ အကျိုးဂုဏ်ကလည်း ငါးရံ့သည် ချိုဆိမ့်၏။ လေ၊ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ ကြေလွယ်၏။ ဝမ်းမီးကိုတောက်စေ၏။ နှုတ်ကိုမြိန်စေတတ်၏လို့  ဥတုဘောဇနသင်္ဂဟ ကျမ်းမှာ ဖော်ပြထားပါတယ်။

သပြုသီးနဲ့ ငါးရံ့ချဉ်ရည်ချက်မယ်ဆိုရင် အရွယ်တော် ငါးရံ့ကို အကြေးထိုးခေါင်းဖြတ်၊ အူနုတ်ပြီး သန့်စင်ရပါမယ်။ ငါးရံ့မှာ အချွဲများ နေရင်တော့  ဆားနဲ့လူး  တစ်ထပ်ဆေးပြီး မန်ကျည်းမှည့်ရည်နဲ့ ထပ်ဆေးပါ။ မန်ကျည်းမှည့် မသုံးချင်ရင်တော့ ရှာလကာရည်လောင်းပြီး စဥ့်တုံးမှာ တိုက်လိုက်ရင် အချွဲတွေစင်ပြီး ငါးကကြမ်းသွားပါတယ်။ သန့်စင်ပြီး ငါးရံ့ကို အကွင်းလိုက်လှီး၊ ဆား၊ နနွင်း၊ ငံပြာရည်တို့ နဲ့နယ်ပြီး နှပ်ထားပါ။ ပြီးရင်အဖတ်ခွာပြီး ပါးပါးလှီးထားတဲ့ သပြုသီးစိတ်လေးတွေကို ရေအနေတော်ထည့်၊ ဆား၊ နနွင်းခတ်ပြီး နူးအောင်ပြုတ်ထားရပါမယ်။

ဆီအိုးတည်ပြီးရင်တော့ ငရုတ်၊ ကြက်သွန် ဖြူ၊ နီ ထောင်းပြီးသားအရောကို  ဆီသတ် ပါမယ်။ ရွှေဝါရောင်သမ်းလာရင်  နှပ်ထားတဲ့ ငါးရံ့ကွင်းများကိုထည့်ပြီး  လုံးရေကလေးနဲ့ ဆီပြန်အောင်ချက်ပါ။  တစ်ရေခန်းလို့ ဆီပြန် လာပြီဆိုရင်တော့   ပြုတ်ထားတဲ့သပြုသီး စိတ်လေးတွေနဲ့     ပြုတ်ရေကိုထည့်ပါ။ ဟင်းအိုးပွက်ပွက်ဆူလာရင်တော့ အပေါ့ အငန်မြည်းကာ အသင့်ပြင်ထားတဲ့ ငရုတ်သီး စိမ်းတောင့်ခွဲခြမ်းတွေနဲ့    ရှမ်းနံနံအုပ်ပြီး မီးဖိုမှချပါ။      သပြုသီးငါးရံ့ချဉ်ရည်ဟာ အမည်ထူးသလို     သပြုသီးရဲ့အချဉ်စူးစူး အရသာကလေးကိုလည်း  လျှာလည်သွားကြမှာ သေချာပါတယ်။       

 စံလွင် (ငါးဦးစီး)

No comments:

Post a Comment