ထိုင်းနိုင်ငံ လိုဏ်ဂူထဲမှ လူငယ် ၁၃ ဦး ခေါ်ထုတ်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
တာချီလိတ် ဇူလိုင် ၃
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူအတွင်း၌ ပိတ်မိနေသည့် လူငယ်ဘောလုံးသမား ၁၃ ဦးအား ရှာဖွေကယ်ဆယ်မှု ၁ဝ ရက်မြောက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ရာ ယနေ့နံနက်တွင် ယင်းလူငယ်များကို ပြန်လည်ခေါ် ထုတ်နိုင်ရေး လိုဏ်ဂူလမ်း ကြောင်းများ ကောင်းမွန်ရေးအပါအဝင် အာဟာရပြည့်စေရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ယင်းလူငယ်များ ခေါ်ထုတ်ရန်အတွက် လိုဏ်ဂူအတွင်းမှ ရေများ စုပ်ထုတ်ခြင်း၊ အပေါ်ဂူပေါက်ဖောက်ခြင်း၊ ဂူအတွင်း အပြင် လမ်းကြောင်းကောင်းမွန်ရေး ရှင်းလင်းခြင်း၊ အောက်ဆီဂျင်ဘူးများ ချထားခြင်းတို့ ဆောင်ရွက်နေကြောင်း ယနေ့နံနက် ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြား ကြောင်း သိရသည်။ ထို့အတူ ပြင်ပမှ ကူညီကယ်ဆယ်ရေးနှင့် အခြားလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်လိုသူများအနေဖြင့် လိုဏ်ဂူအနီးရှိ ကယ်ဆယ်ရေး အုပ်ချုပ်ရေးရုံးကို သာ သတင်းပို့ဆောင်ရွက်ရန်ဖြစ်ပြီး သတင်းပို့ပြီးမှသာ လုပ်ဆောင်ရမည့် လုပ်ငန်း များနှင့် နေရာများကို စီစဉ်ဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်း ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါရှာဖွေကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ရေငုပ်သမားများက လိုဏ်ဂူအတွင်း ပိုင်းရှိ တတိယဂူအခန်းငယ်ကို ကျော်လွန်ကာ ဂူလမ်းကျဉ်း ထဲသို့ ခက်ခက်ခဲခဲဝင်ဝင်ရောက်ပြီးနောက် ရေငုပ်သမား များက ပတ္တရားကမ်းခြေဟု တင်စားခေါ်ဝေါ်သည့်နေရာသို့ ရောက်ရှိခဲ့သည်။
ယင်းကမ်းခြေနေရာတွင်လည်း ပိတ်မိနေသည့် လူငယ် ၁၃ ဦးကိုမတွေ့ရှိရသဖြင့် ရှေ့သို့ မီတာ ၄ဝဝ အကွာထိ သွားရောက်မှသာ လိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ် ၁၃ ဦးစလုံးကို အသက်ရှင်လျက်တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တစ်ဖက်က သိပ္ပံနည်းကျ ရှာဖွေမှုများ ပြုလုပ်မှုနည်းတူ တစ်ဖက် ကလည်း လောကီနည်းအရ ဆုတောင်း မေတ္တာပို့မှုများနှင့် တိုင်တည်မှုများလည်း ပြုလုပ်ကြသည်။ ဇွန် ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် တာချီလိတ်မြို့နယ်မှ မိုင်းဖုန်းဆရာတော် အဂ္ဂ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရက ကြွရောက်ကာ လူငယ် ၁၃ ဦးအား ဘေးအ္တရာယ်ကင်းရှင်းရေး ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ပြီး ပိတ်မိနေသူများကို တစ်ရက် (သို့မဟုတ်) နှစ်ရက်အတွင်း အသက်ရှင်လျက် ပြန်လည်တွေ့ရှိမည်ဟု မိန့်ကြားခဲ့သည်။
အဆိုပါ ထမ့်လုံခွန်နမ့်လိုဏ်ဂူသည် အရှည် ၁ဝ ကီလိုမီတာရှိပြီး မြန်မာနိုင်ငံမှ နှစ်မိုင်ခန့်အကွာတွင် တည်ရှိကာ ထိုင်းနိုင်ငံ၏ အရှည်ဆုံးလိုဏ်ဂူနှင့် မိုးတွင်းကာလ အတွင်း လိုဏ်ဂူအတွင်းမဝင်ရန် တာဝန်ရှိသူများက တားမြစ်ထားသည့် လိုဏ်ဂူဖြစ် ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment