Latest News

Saturday, July 28, 2018

မိန်းမရဲတောင်ဆီသို့

မိန်းမရဲတောင်ဆီသို့

ကျောက်တုံးလေးတွေ ပုံသ္ဌာန်အကွက်ဖော်ထားတဲ့ ဝင်ပေါက်မုခ်ဦးက ထူးခြားနေပါတယ်။ မုခ်ဦးတိုင်တစ်ဖက်တစ်ချက်မှာတော့ တင်းပုတ်ကိုင်ဆောင်ထားတဲ့ ဘီလူးရုပ်တုနဲ့ မတ်တတ်ရပ်နေတဲ့ နတ်သားရုပ်တုတစ်ခုစီရှိနေပြန်ပါတယ်။ ဘီလူးရုပ်တုရဲ့အပေါ်နားမှာ 'မကောင်းသူပယ်' လို့ရေးထားပြီး နတ်သားရုပ်တုအထက်နားမှာတော့ 'ကောင်းသူကယ်'ဆိုတဲ့စာသားကိုရေးသားထားတာ တွေ့ရပါတယ်။ မုခ်ဦးအပေါ်ပိုင်းမှာတော့'မိန်းမရဲသခင်မတောင်' လို့စာလုံးခပ်ကြီးကြီးနဲ့ရေးသားထားတာကို ထင်ထင်ရှားရှား မြင်တွေ့ရ ပါတယ်။ ကျွန်တော်တို့ မိန်းမရဲတောင်မုခ်ဦးဝကိုရောက်ခဲ့ကြပြီဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးတဲ့မိန်းမရဲတောင်ကို ကျွန်တော် ရောက်လိုသည့်ဆန္ဒ ယခုအကြိမ်တော့ ပြည့်ဝပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့သို့ တာဝန်နဲ့ရောက်ရှိ ခဲ့တာဟာ အခုအကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ဖြစ်ပါတယ်။ အရင်အခေါက်တွေမှာ အချိန်မရတာနဲ့ မိန်းမရဲတောင်ကိုသွားရောက်လိုပေမယ့် အထမမြောက်ခဲ့ပါဘူး။ နယ်ခရီးစဉ်တွေသွားတိုင်း အဲဒီဒေသရဲ့အထင်ကရနေရာတွေကို မရောက်ရောက်အောင် သွားတတ်လေ့ရှိတဲ့ကျွန်တော်ဟာ အရင်အခေါက်တွေကမသွားနိုင်ခဲ့တဲ့ မိန်းမရဲတောင်ကို အခုတော့ရောက်အောင်သွားခဲ့ခြင်းဖြစ်ပါတယ်။

မိန်းမရဲတောင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့ နယ်အတွင်းမှာ တည်ရှိ ပါတယ်။ ၂ဝဝ၈ခုနှစ်ကစတင်ပြီး ရွာငံမြို့နယ်နဲ့ ပင်းတယမြို့နယ်တို့ဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဖြစ် သတ်မှတ်ခဲ့တာမို့ အခုဆိုရွာငံ ဟာ  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မှာ တည်ရှိနေပြီဖြစ်ပါတယ်။ ရွာငံမြို့ဟာ အေးချမ်း သာယာလှတဲ့  မြို့တစ်မြို့ဖြစ်ပြီး  ပင်လယ်ရေ မျက်နှာပြင်ထက် ၄ဝ၈၂ ပေမြင့်တဲ့ နေရာမှာ တည်ရှိနေပါတယ်။  ဒါကြောင့်အေးမြတဲ့  ရာသီ ဥတုနဲ့အတူ အေးချမ်းတည်ငြိမ်ပြီးငြိမ်းချမ်းတဲ့ မြို့တစ် မြို့လည်းဖြစ်တာမို့ ရွာငံကိုရောက်တိုင်း  စိတ်ထဲချမ်းမြေ့နေမိတာ အမှန်ပါပဲ။
လမ်းပန်းဆက်သွယ်ရေးလည်းကောင်းမွန် နေပြီဖြစ်တဲ့ ရွာငံဟာ တောင်ကြီးမြို့သို့ နေ့ချင်း ပြန်သွားနိုင်တဲ့ မော်တော်ကားယာဉ်လိုင်းများရှိနေသလို ရွာငံမှ မ္တလေးသို့လည်း  ကားလမ်း ခရီးပေါက်နေပြီဖြစ်ပါတယ်။     ရွာငံ-မြို့ကြီး-ဟန်မြင့်မိုရ်-ကျောက်ဆည်-မြစ်သား မှတစ်ဆင့် မ္တလေးသို့   ယာဉ်လိုင်းများရှိနေပြီဖြစ်လို့ ခရီး သွားလာရေးလည်း   အဆင်ပြေနေပြီဖြစ်တာ ကြောင့် ဤခရီးအနီးလေးဖြစ်လို့နေပါပြီ။
အခုလည်း    ရွာငံမှာ    လုပ်ဆောင်ရမယ့် တာဝန်တွေပြီးတာနဲ့ ရွာငံမြို့ဇာတိ ကိုချစ်ဦးရဲ့ ကားနဲ့မိန်းမရဲတောင် (ခေါ်) မိန်းမရဲသခင်မ တောင်ကို  လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ မိန်းမရဲတောင်ဟာ ရွာငံမြို့ကနေပြီး ခုနစ် မိုင်ခန့် အကွာမှာတည်ရှိနေကာ       ကျွန်တော်တို့ နံနက်စာစားပြီးတာနဲ့  ထွက်လာခဲ့ကြပြီ  ဖြစ်ပါ တယ်။
တကယ်တော့ ရွာငံမြို့က ကားနဲ့လာခဲ့ကြပြီး ခုနစ်မိုင်ခန့်မောင်းလာတဲ့အခါ ကားလမ်းဘေး မှာရှိတဲ့  မြင်းကျဒိုးဆိုတဲ့ရွာအနီးမှာ  မိန်းမရဲ တောင် က တည်ရှိနေတာဖြစ်ပါတယ်။  မြင်းကျ ဒိုးရွာကနေပြီး  လှမ်းကြည့်လိုက်ရင်  မိန်းမရဲ တောင်ကို  လှမ်းမြင်နေရပြီဖြစ်သလို   တောင် စောင်းမှာ တည်ထားတဲ့ ရပ်တော်မူရုပ်ပွားတော် ကြီးတွေကိုလည်း  လှမ်းမျှော်  ဖူးတွေ့ခွင့်ရရှိနေ ပြီဖြစ်ပါတယ်။
ကျွန်တော်တို့ မိန်းမရဲသခင်မတောင်မုခ်ဦးကနေပြီး ကားနဲ့ဆက်လက် မောင်းနှင်လာခဲ့တဲ့အခါ ရှေ့တူရူတစ်မိုင်ခန့်အကွာမှာ  မြေပြင်ကနေပြီး ထိုးထွက်နေတဲ့တောင်နဲ့   တောင်ပေါ်မှာတည် ထားတဲ့စေတီတွေကို အဝေးက မြင်တွေ့ ဖူးမြော် လိုက်ရပါတယ်။ တောင်ခြေအထိဖောက်လုပ် ထားတဲ့  ကားလမ်း၊   စိမ်းစိုနေတဲ့တောင်နဲ့ တောင်ခြေ၊ တောင်စောင်းတွေမှာ တည်ထားတဲ့ စေတီတွေရဲ့ မြင်ကွင်းဟာ တကယ့်ကိုစိတ်နှလုံး ချမ်းမြေ့စရာ ကြည်နူးစရာပါပဲ။
တောင်ခြေရောက်တဲ့အခါ ကားပေါ်က ဆင်း ပြီး   တောင်ပေါ်ကိုတက်တဲ့   လှေကားထစ်တွေ အတိုင်း ကျွန်တော်တို့တက်ခဲ့ကြပါတယ်။ လှေကား ထစ်တွေက ကျယ်ဝန်းသလို စတီးလက်ရန်းတွေ လည်းတပ်ဆင်ထားတာမို့   ဖြည်းဖြည်းချင်း တက်ရောက်တဲ့အခါ မောပန်းမှုမခံစားရပါဘူး။ ကျွန်တော်တို့လိုပဲ တက်ရောက်လာတဲ့ဘုရားဖူးအချို့ကိုတွေ့ရသလို ပြန်ဆင်းလာသူအချို့ကို လည်း တွေ့ရပါတယ်။ မိုးရာသီကြောင့်လားမသိ၊ ဘုရားဖူးနည်းတာကို သတိပြုမိပါတယ်။
မိန်းမရဲတောင်(ခေါ်)မိန်းမရဲသခင်မတောင် ပေါ်ကိုတက်ရောက်တဲ့ လှေကား ဝဲယာတောင် စောင်းမှာတော့ ထုံးဖြူကပ်လှူထားတဲ့ စေတီ ငယ်များစွာကိုဖူးတွေ့ ရပါတယ်။ အဲဒီစေတီငယ် တွေအများစုမှာ       ထီးတော်သီးခြားကပ်လှူ ပူဇော်ထားမှုမရှိတာကို    သတိပြုမိပါတယ်။ တောင်စောင်းတစ်နေရာမှာတော့  မတ်ရပ်ရုပ် ပွားတော်လေးဆူ  တည်ထားတာကို  တွေ့မြင်ရ ပြီး  အရွယ်အစားကြီးတဲ့  ရုပ်ပွားတော်တွေ ဖြစ်ပါတယ်။
မိန်းမရဲတောင်ထိပ်ပိုင်းမှာတော့ စေတီအပေါ် ပိုင်းကိုရွှေချထားပြီး အောက်ပိုင်းကို အနီရောင် ကပ်လှူထားတဲ့ စေတီတော်အချို့ တောင်ထွတ် ပေါ်မှာ   တည်ထားတာကို    ဖူးတွေ့ရပါတယ်။ တောင်ထိပ်ပိုင်းမှာတော့လေတဟူးဟူး တိုက် ခတ်နေပြီး မိုးသက်လေမို့ အေးစိမ့်နေပါတယ်။ ကျွန်တော်တို့စေတီတော်ကို    ဦးချဖူးမြော်ပြီး နောက် ခေတ္တထိုင်ကာ မိန်းမရဲတောင်အကြောင်း ကိုချစ်ဦးပြောပြတာကို  နားထောင်နေမိပါတယ်။
ရှေးခေတ်က   ယခုတောင်အနီးဝန်းကျင် ဒေသမှာ မင်းသားလေးတစ်ပါးရှိကြောင်း၊ ရုပ် ရည်ချောမောတင့်တယ်တာမို့  မင်းသမီးခုနစ် ဖော်တို့ကလည်း  နှစ်သက်မြတ်နိုးကြကြောင်း၊ မင်းသားလေးကိုယ်တိုင်ကလည်း    ရုပ်ရည် အဆင်းလှလွန်းတဲ့ မင်းသမီးညီအစ်မခုနစ်ဖော်ကိုသဘောကျနေကြောင်း၊ မင်းသမီးညီအစ်မ ခုနစ်ဖော်အနက်   တစ်ဦးဦးကိုရွေးချယ်ပါက ကျန် ခြောက်ဦးအပေါ်  မထောက်ထားရာ ကျမည် စိုးရိမ်ကြောင်း၊ ထို့ကြောင့်  မင်းသားလေးက တောင်တစ်တောင်တွင်    ပုန်းအောင်းနေခဲ့ရာ ညီမအငယ်ဆုံးက   လိုက်လံရှာဖွေသော်လည်း မတွေ့သဖြင့် ယခုတောင်၏  အနောက်ဘက်ရှိ ရေကန်အတွင်း ခုန်ချပြီး မိမိကိုယ်မိမိ အဆုံးစီရင် သွားသဖြင့်   ရဲတင်းသောမိန်းကလေးတောင်  သို့မဟုတ် မိန်းမရဲတောင်၊ သခင်မတောင်လို့ ခေါ် ဝေါ်ခဲ့ကြခြင်းဖြစ်ကြောင်း  ကိုချစ်ဦးက  သူသိ သမျှ ပြောပြပါတယ်။
အခုတော့  မိန်းမရဲတောင်ပေါ်မှာစေတီပုထိုး များ၊ တောင်ခြေ၊ တောင်စောင်းအချို့နေရာများ မှာ ကျောင်း၊ ဇရပ်၊ တန်ဆောင်းများနဲ့စည်ကား နေပြီဖြစ်ပါတယ်။ မိန်းမရဲတောင်ပေါ်မှပတ်ဝန်းကျင်ကိုလှမ်းမျှော်ကြည့်လျှင် ရှမ်းတောင်တန်း၊ တောင်စွယ်များ၊ လှပသော စိုက်ခင်းများ၊ စိုက် ပျိုးပြီး၊ စိုက်ပျိုးဆဲ စိုက်ခင်းများက သက်ဝင်လှုပ် ရှားနေတဲ့  သဘာဝပန်းချီကား တစ်ချပ်ကဲ့သို့ ဖြစ်နေပါတယ်။
တိတ်ဆိတ်ခြင်း၊  အေးချမ်းတည်ငြိမ်ခြင်း၊ ပတ်ဝန်းကျင်    အနှောင့်အယှက်   ကင်းခြင်း၊ သဘာဝအလှကို ငေးမောစီးမျောခံစားခွင့်ရနိုင် ခြင်းတို့က မိန်းမရဲတောင်သို့ ခရီးသွားစဉ်တစ်ခု အနေဖြင့် ယခုအခါ၌ ထွက်ပေါ်လာခြင်းဖြစ်ပါ တယ်။ သွားလာရအဆင်ပြေပြီးလမ်းပန်းဆက်သွယ်ရေးလည်းကောင်းမွန်လာတာမို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အကြိုက်တွေ့စေ မယ့် ခရီးစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ မိန်းမရဲတောင်ပေါ်တွင် ခေတ္တ ထိုင်ရင်း   အနီးဝန်းကျင်တွင်   ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်တို့     တည်ရှိကြောင်း ကျွန်တော်သိထားပြီးဖြစ်ရာ   သွားရောက်ဖို့ အချိန်ကို တွက်ဆနေမိပါတယ်။ ရေပြာအိုင်က  မိန်းမရဲတောင်မှ ကားဖြင့်သွားလျှင် ၁၅ မိနစ် ခန့်သာသွားရင် ရောက်ရှိမှာဖြစ်ပါတယ်။
အဲဒီရေပြာအိုင်ကနေပြီး ငါးမိနစ်ခန့်ဆက် သွားတဲ့အခါ တောကျယ်ရေတံခွန်ကိုရောက်ရှိ မှာဖြစ်ပါတယ်။ ရေပြာအိုင်ကလည်း ကျယ်ဝန်း မှုမရှိပေမယ့် ထူးခြားမှုရှိနေပါတယ်။ ကျွန်တော် ရေပြာအိုင်သို့ ပြီးခဲ့တဲ့နှစ်က တစ်ခေါက်ရောက်ခဲ့ ဖူးပြီးဖြစ်တာကြောင့်   ထူးထူးခြားခြား  သွား ရောက်ချင်တဲ့စိတ်လည်း မဖြစ်ပေါ်မိပါဘူး။
မိန်းမရဲတောင်ပေါ်မှာနေပြီးပတ်ဝန်းကျင် တစ်ခွင်ကို ကြည့်လိုက်တဲ့အခါ ထူးထူးခြားခြားတိတ်ဆိတ်ငြိမ်းချမ်းနေတာကိုမြင်တွေ့သိရှိရပါတယ်။ တောင်ပေါ်မှာစေတီပုထိုးတွေ ရအောင် တည်ထားခဲ့တဲ့ အဆင့်ဆင့်သော တာဝန်ရှိသူ တွေကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။
အခုဆိုရင် မိန်းမရဲတောင်ဟာ ဆွဲဆောင်စရာ နေရာတစ်နေရာဖြစ်နေပြီး ခရီးသွားတွေအတွက် ရောက်ဖြစ်အောင် သွားသင့်တဲ့နေရာတစ်နေရာဖြစ်ပါတယ်။ ကျွန်တော်တို့မိန်းမရဲတောင်ပေါ်မှ ပြန်ဆင်းခဲ့ကြပါတယ်။  မိုးက ရုတ်တရက်ရွာချ လိုက်တာမို့      ကားပေါ်အမြန်ပြေးတက်လိုက်  ရပါတယ်။

မိုးသည်းနေတာမို့         ရေပြာအိုင်နဲ့ တောကျယ်ရေတံခွန်တွေဆီကို  သွားမယ့် အစီ အစဉ်ကို  ဖျက်လိုက်ကာ  ရွာငံကို မိုးရွာသွန်း နေတဲ့ကြားက ပြန်လာခဲ့ကြပါတယ်။ အပြန်မှာ မိန်းမရဲတောင်ဘက်     ပြန်လှည့်ကြည့်လိုက် တဲ့အခါ မိုးစက်မိုးပေါက်တွေကြားမှာ မိန်းမရဲ တောင်ဟာ    တည်တည်ငြိမ်ငြိမ်   နှုတ်ဆက် နေသလိုပါပဲ။        ။

မောင်မောင်မြင့်ဆွေ

No comments:

Post a Comment