Latest News

Monday, July 16, 2018

ရုရှားနှင့် အီရန်ကြောင့် အမေရိကန်၏ ဖိအားပေး ခံလာရသည့် ဥရောပ

ရုရှားနှင့် အီရန်ကြောင့် အမေရိကန်၏ ဖိအားပေး ခံလာရသည့် ဥရောပ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အစည်းအဝေး ကျင်းပပြီး နောက် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ ဥရောပအပေါ် ဝေဖန်မှုများက ပြင်းထန်လာ သည့်အပြင် ရုရှား ကြောင့် ဥရောပတို့မှာ ထရမ့်၏ဝေဖန်မှုကို လည်းကောင်း၊ အီရန်ကြောင့် ဝေဖန်မှုနှင့်ဖိအားပေးမှုများကို လည်းကောင်း ခံနေရသည်။

ထရမ့်သည် ၎င်းကိုယ်တိုင် ရုရှားနှင့်ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးစားနေသော်လည်း ဥရောပဘက်ခြမ်းနှင့် ရုရှား အဆင်ပြေနေခြင်းမျိုးကိုတော့ လိုလားခြင်းမရှိပေ။ ယခုဥရောပတို့က ၂ဝ၁၄ ခုနှစ် ခရိုင်းမီးယားအရေး ကြောင့် ရုရှားကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည် ဆိုသော်လည်း လိုအပ်သည့်ရေနံကို ရုရှားထံမှ ဆက်လက် ရယူနေကြဆဲဖြစ်သည်။

ထိုအထဲမှ ရေနံပမာဏ အများဆုံး တင်သွင်းသည့်နိုင်ငံက ဥရောပ၏စီးပွားရေး အင်အားအကြီးဆုံး ဆိုသည့် ဂျာမနီဖြစ်သည်။ ထို့ကြောင့် ထရမ့်က ဂျာမနီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကာ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲ လာမာကယ်ကတော့ ထရမ့်၏ဝေဖန်ချက်ကို ခါးခါးသီးသီးပယ်ချခဲ့သည်။ သူမငယ်စဉ်ဘဝက အရှေ့ဂျာမနီ၌ နေခဲ့ရသောကြောင့် ရုရှားတို့အကြောင်းကို ကောင်းကောင်း သိကြော င်းနှင့် ယခု အရှေ့နှင့်အနောက်ဂျာမနီတို့ ပူးပေါင်းသွားပြီဖြစ်၍ ဂျာမနီကို လွှမ်းမိုး၍ရနိုင်မည် မဟုတ်ကြောင်း ထရမ့်၏ စွပ်စွဲချက်ကို ပယ်ချခဲ့သည်။

သို့သော် ယခု ရုရှားအရေးပြီးနောက် ထရမ့်၏ ပစ်မှတ်က အီရန်နှင့်ပတ်သက်ပြီး ဂျာမနီအပေါ်သို့ ထပ်မံကျ ရောက်လာပြန်သည်။ ၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ ၂ဝ၁၇ ခုနှစ် မေလထဲတွင် ထရမ့်ကိုယ်တိုင် အမေရိကန်ကို ဆွဲထုတ်ပြီးသည့်နောက် ကျန်နိုင်ငံများထဲတွင် ဂျာမနီက ဦးဆောင်နိုင်ငံဟု ပြောလျှင်မှားမည် မဟုတ်ပေ။

ထရမ့်ထွက်သွားသော်လည်း ထိုစာချုပ်အတိုင်း အီရန်တို့ကို ကင်းလွတ်ခွင့်ပေးမည်ဟု ဥရောပသမဂ္ဂကလည်း ကြေညာထားကာ ဥရောပ၊ ရုရှား၊ တရုတ်နှင့် ဗြိတိန်တို့က အီရန်နျူကလီးယား သဘောတူညီချက်ဖြင့်ပင် နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် အီရန်တို့ကြိုးစားခြင်းကို တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ထရမ့်က ထိုအချက်ကို လုံးဝလက်ခံသူမဟုတ်ပေ။

ထိုကြားထဲ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်တို့ နျူကလီးယားသဘောတူ စာချုပ်ကိုပုံပြပြီး နောက်ကွယ်တွင် နျူကလီးယားလက်နက် ထုတ်လုပ်နေသည်ဟု ကြေညာလိုက်သောအခါ ထရမ့်က အီရန် အပေါ် ပို၍ပင် ယုံကြည်မှုနည်းပါးသွားကာ ယခု ဇူလိုင်လအတွင်းမှာပင် အရေးယူ ပိတ်ဆို့မှုသစ်များ ချမှတ် မည်ဟုကြေညာထားသည်အထိ ဖြစ်သည်။

ထို့ပြင် ယခုအသစ်တက်လာသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုကလည်း အီရန်မုန်းတီးရေး ဝါဒီတစ်ဦးဖြစ်ကာ အစ္စလာမ်မစ် အီရန်နှင့်ပတ်သက်လာလျှင် ထရမ့်နှင့် ထပ်တူကျနေသူဖြစ် သည်။ ထို့ကြောင့် ထရမ့်အစိုးရသည် အီရန်မုန်းတီးရေးဝါဒီများ စုနေသည်ဟု ဆိုနိုင်သည်။ ဇွန်လက ပဲရစ်မြို့အနီး၌ ကျင်းပသည့် ညီလာခံတစ်ခုတွင် အီရန်တို့အကြမ်းဖက်ရန် ကြိုးစားမှုဖြင့် အီရန် သံတမန် တစ်ဦးအပါအဝင် လေးဦးကို သံသယဖြင့် ဖမ်းဆီးခဲ့ရသည်။ ထိုညီလာခံ၌ အမေရိကန် စစ်ရေးအရာရှိများ၊ နိုင်ငံရေးနယ်ပယ်မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ထရမ့်၏ပုဂ္ဂိုလ်ရေးရာရှေ့နေ တစ်ဦးလည်း ပါဝင်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသား များကို အကြမ်းဖက်ရန် ကြိုးစားသည့် လုပ်ရပ်ဟု ခေါင်းစဉ်တပ်နိုင်ပေသည်။

ထို့ကြောင့် ထရမ့်က အီရန်အပေါ် ပိုပြီးခါးခါးသီးသီးဖြစ်ကာ ဂျာမနီကိုအဆိုးဆုံးဖြစ်သည်။ ယခု ဂျာမနီက အီရန်ဗဟိုဘဏ်နှင့် တိုက်ရိုက်အချိတ်အဆက်ရှိကာ အီရန်အကြီးဆုံး လေကြောင်းလိုင်းက လည်း ဂျာမနီနှင့် တိုက်ရိုက်ပျံသန်းနေသည်။ မက်ဟန်လေကြောင်းလိုင်းက အီရန်နှင့် နိုင်ငံတကာ ချိတ်ဆက်ပေးရန် အကောင်းဆုံးဆက်သွယ်ရေးလိုင်းဖြစ်ကာ ဆီးရီးယား ပြည်တွင်းစစ်ပွဲထဲတွင် လည်း ထိုလေကြောင်းလိုင်းများ ပါဝင်ပတ်သက်နေသည်ဟု အမေရိကန်တို့ ကိုယ်တိုင် ယုံကြည်လျက်ရှိသည်။

ဥပမာ-အီရန်တို့တင်ပို့မည့် လက်နက်နှင့် ရိက္ခာများကို မက်ဟန်လေကြောင်းလိုင်းက လေယာဉ်များ အသုံးပြုပြီး အာဆတ်အစိုးရကိုကူညီပေးခြင်း၊ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။ ထို့ကြောင့် အကြမ်းဖက်လုပ်ရပ်ကို အားပေးထောက်ခံသည့် တရားခံတစ်ဦးအဖြစ် မက်ဟန်လေ ကြောင်းလိုင်းကို အမေရိကန်တို့ မကြာသေးမီက အရေးယူပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်ခဲ့သည်။

သို့သော်လည်း ပြင်သစ်၌မအောင်မြင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်က အီရန်နှင့် ဥရောပကို ဆက်ဆံရေး ပြတ်တောက်သွားစေရန် ကြံစည်သည့်လုပ်ရပ်ဟု ဥရောပသမဂ္ဂက ယူဆကာ ဂျာမနီကိုယ် တိုင်ကလည်း ထိုအတိုင်းပင်ဖြစ်သည်။ အမေရိကန်တို့ကသာ အီရန်ကို အကြမ်းဖက်အားပေးအဖြစ် သတ်မှတ်သည်။ မကြာမီ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် ရုရှား၊ တရုတ်၊ အီရန်တို့မှ သူလျှို အကြီးအကဲများ တွေ့ဆုံပြီး ဆွေးနွေး ကြရန်ရှိနေကာ ထိုအထဲတွင် အီရန်ပါဝင်နေသည်ကတော့ ထူးဆန်းနေပြန်သည်။

ထရမ့်ကတော့ ရှင်းသည်။ ၎င်းအရေးယူထားသည့် အီရန်ကုမ္ပဏီများနှင့် ပတ်သက်သည့် နိုင်ငံများကို အရေးယူမည်ဟု ခြိမ်းခြောက်ထားကာ ပြောသည့်အတိုင်း လုပ်တတ်သော ထရမ့်ကြောင့်လည်း နိုင်ငံကြီးများကပင် ထရမ့်စကားကို မကျော်နိုင်သည့် အချိန်ပင်ရှိသည်။ လက်ရှိ အိန္ဒိယက ဥပမာ ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် အိန္ဒိယတို့ အီရန်မှ ရေနံတင်သွင်းမှုကို ဘီလီယံနှင့်ချီလုပ်ခဲ့ကြကာ ယခု အမေရိကန် အရေးယူပိတ်ဆို့မည် ကိုစိုးရိမ်သောကြောင့် အီရန်မှ ရေနံတင်သွင်းမှုကို ဖြတ်တောက်ပစ်လိုက်ကြပြီ ဖြစ်သည်။

ဥရောပတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ပြင်သစ်ရေနံကုမ္ပဏီ Total ကလည်း အီရန်၌ ၎င်းတို့ ရင်းနှီ မြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ကို ပြန်လည်ရုပ်သိမ်းရန် ဟန်ပြင်နေ ကာ အီရန်အတွက် ယခု ဘေးကျပ်နံကျပ် အခြေအနေကို ဆိုက်ရောက်နေပြီဖြစ်သည်။ ပထမက နျူကလီးယား သဘော တူစာချုပ်တွင် ဥရောပတို့ အမေရိကန်မပါဘဲ ၎င်းလိုအင်ဆန္ဒများကို ဖြည့်ဆည်းနိုင်လိမ့်မည် မဟုတ်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်ပြောထားသော်လည်း ရုရှားနှင့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီတို့ တွေ့အပြီး တွင် နျူကလီးယားသဘောတူ စာချုပ်ပယ် ဖျက်ရေး ဆိုသည့်အသံလည်း တိတ်သွားခဲ့သည်။

ထို့ကြောင့် အီရန်တို့ ယုံကြည်ချက်က ဥရောပနှင့် ရုရှားတို့၌ အဓိကတည်ရှိနေသည်ဟု ဆိုနိုင်သည်။ ထိုအတွက် ဥရောပကလည်း ရုရှားကို ယခင်ပုံစံများထက် ပိုမိုတင်းမာစွာ မဆက်ဆံနိုင်သကဲ့သို့ စီးပွားရေးကို ဇောင်းပေးလုပ်မည်ဟုဆိုထားသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက်လည်း အကွက်ကောင်းကို ဆုပ် ကိုင်မိလျက်သား ဖြစ်နေသည်။

အီရန်က ထင်မှတ်မထားသည့် ကြားခံနိုင်ငံ တစ်နိုင်ငံဖြစ်လာကာ စီးပွားရေးအတွက် ဥရောပနှင့်လည်း ချိတ်ဆက်ပေးနိုင်ရန် အရေးပါသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ ဥရောပဘက်က ကြည့်လျှင် အီရန်နျူကလီး ယားသဘောတူညီချက်တည်မြဲရန် ရုရှားကို လိုအပ်သည်။ ရုရှားတို့ကလည်း စီးပွားရေး တိုးတက်လာရန် ဥရောပကို မရှိမဖြစ် လိုအပ်သည်။

ထို့ကြောင့် အမေရိကန်တို့က အီရန်အရေးနှင့် ရုရှားအရေးကို တစ်ဖက်သတ်ဆန်စွာ၊ အထီးကျန်စွာထားရန် ဥရောပကို မည်မျှပင်ဖိအားပေးပေး ဥရောပတို့ကတော့ ထရမ့်လက်ထက်တွင် နောက် ထပ်တစ်ချက်လွှတ် အမိန့်များကို နာခံကြတောမည့်ပုံစံ မဟုတ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

MWD

No comments:

Post a Comment