Latest News

Friday, July 27, 2018

ရော်နယ်ဒို၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် ဂျူဗင်တပ်စ်အသင်း ဆေးအဖွဲ့ အံ့အားသင့်ခဲ့ရ

ရော်နယ်ဒို၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ်
ဂျူဗင်တပ်စ်အသင်း ဆေးအဖွဲ့ အံ့အားသင့်ခဲ့ရ


ယခုနွေရာသီဈေးကွက်  ကာလအတွင်း    ရီးရဲ မက်ဒရစ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်း ရွှေ့လာသူ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာ နိုရော်နယ်ဒို၏ ကြံ့ခိုင်မှုအနေအထားအပေါ် ဂျူဗင် တပ်စ်အသင်း ဆေးအဖွဲ့တာဝန်ရှိသူများ အံ့အား သင့်ခဲ့ကြရကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။

တိုက်စစ်ကစားသမား      ရော်နယ်ဒိုသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဂျူဗင်တပ်စ် အသင်းသို့ ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ ၁၁၂ သန်း ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး လေးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။ ရော်နယ်ဒိုသည် အသက် ၃၃ နှစ်ရှိပြီဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းတွင် ဆေးစစ်ဆေးမှုခံယူစဉ် ရရှိခဲ့သည့် အချက် အလက်များအရ ရော်နယ်ဒို၏  ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အခြေအနေသည် အသက် ၂၀ အရွယ် ကစားသမားတစ်ဦးကဲ့သို့ ရှိနေကြောင်း တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

ဂျူဗင်တပ်စ်အသင်းတွင် ပြုလုပ်ခဲ့သည့် ဆေးစစ်ဆေးမှုများ၏ ရလဒ်အရ ရော်နယ်ဒို၏ ခန္ဓာကိုယ် အဆီမှာ ၇ ရာခိုင်နှုန်းသာရှိပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးတွင် ရှိသင့်သည့် ခန္ဓာကိုယ် အဆီထက် သုံးရာခိုင်နှုန်းသာ နည်းပါးသည်ဟုဆိုသည်။ ထို့အပြင် ကြွက်သားထုထည်မှာ ၅၀ ရာခိုင်နှုန်း ရှိပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးတွင် ရှိရမည့်အနေအထားထက် ၄ ရာခိုင်နှုန်းပင် ပိုမို နေကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ ဆေးစစ်မှု ပြုလုပ်စဉ်အတွင်း ရော်နယ်ဒို၏ တာတိုအပြေးနှုန်းမှာ တစ်နာရီလျှင် ၃၃ ဒသမ ၉၈ ကီလိုမီတာနှုန်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖီဖာက္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ရော်နယ်ဒို၏ အပြေးနှုန်းမှာ အလားတူနှုန်းရှိခဲ့ကာ ၂၀၁၈ ခုနှစ် ဖီဖာက္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများအနက် ပြေးလွှားနှုန်း အမြန်ဆုံးကစားသမားဖြစ်ခဲ့သည်။

နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ အစားအသောက်ကိုလည်း စနစ် တကျ စားသောက်ခဲ့ခြင်းများကြောင့် ရော်နယ်ဒိုအနေဖြင့် လေ့ကျင့်ရေးကွင်းတွင် ပြင်းထန်သည့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့်တိုင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအနေအထားမှာ အကောင်းဆုံးပုံစံတွင် ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။

ရော်နယ်ဒိုသည် ရီးရဲမက်ဒရစ်အသင်းတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပါဝင်ကစားခဲ့စဉ်အတွင်း ပွဲပေါင်း ၄၃၈ ပွဲ ပါဝင်ကစားခဲ့ရာတွင် ဂိုးပေါင်း ၄၅၀ အထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

ထက်အောင်

No comments:

Post a Comment