Latest News

Friday, July 27, 2018

ဖားကန့် တကျောမှာ ဆိုင်ကယ်လု ၊ လူသတ်နေတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး လူသတ်သမား အုပ်စု )လူမိုက်အုပ်စု


ဖားကန့် တကျောမှာ ဆိုင်ကယ်လု ၊ လူသတ်နေတဲ့ ကျောက်စိမ်းတွင်းက (ကမ္ဘာ့အသက်အငယ်ဆုံး လူသတ်သမား အုပ်စု )လူမိုက်အုပ်စုကို မြို့နယ်မှူး အသစ်စက်စက်ကြီးက ဥပဒေနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ😀😀😀😀👏👏👏

( ဒီပို့စ် နဲ့ ဖားကန့်မှာ ရှိတဲ့ ဖားကန့်မြို့နယ်မှူးကြီး ၊ ဖားကန့်စခန်းမှူး ၊ လုံးခင်း စခန်းမှူးတို့အား ဖားကန့်မြို့နယ်နေ ပြည်သူများ ကိုယ်စား လေးစားစွာ ဂုဏ်ယူ အသိအမှတ် ပြုပါတယ် ခင်ဗျား ။ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံများကိုလည်း ဖမ်းမိအောင်ကြိုးစားပေးဘို့ ကိုလည်း ပြည်သူများ ကိုယ်စား တောင်းဆိုဆန္ဒပြုပါတယ် ခင်ဗျား )

လူမိုက်ဆိုလို့ ကြည့်လိုက်တော့ မြင်တဲ့အတိုင်းပါပဲ ။တကယ့် လူငယ်ဆယ်ကျော်သက်လေးတွေပါ ။ ဒီလူငယ်တွေက ၂၂.၇.၂၀၁၈ နေ့ ည ဆယ်နာရီ ဝန်းကျင်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ စိတ္တသုခ ကျောင်းနားမှာ ဦးမြင့်နိုင်ဆိုသူကို ဓါးဖြင့် ဝိုင်းခုတ်ပြီး ပစ္စည်းလုယူခဲ့တယ်လို့ ရဲစစ်ဆေးချက်အရ သိရပါတယ် ။ဦးမြင့်နိုင်ဟာ ဓါးဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ရပါတယ် ။ ဒီလမ်းကြော အပါအဝင် မှော်ရွာများစွာနဲ့ ဆက်သွယ်ထားတဲ့ ဖားကန့် မြို့ ၊လုံးခင်းကျေးရွာအုပ်စု ၊ ဆိပ်မူကျေးရွာအုပ်စု စတဲ့ လမ်းတွေပေါ်မှာ ညဥ့်အချိန်မှာ ဆိုင်ကယ်လုပြီး လူသတ်မှုဖြစ်ခဲ့တာမနည်းပါဘူး ။ တခါမှ တရားခံမမိခဲ့ဘူး ဘူး ။ ခုတော့ မိသွားတယ်ကြားလို့ ပြည်သူတွေမှာ ဝမ်းသာလို့မဆုံးကြ ။ ကျောက်အောင်လို့ ပျော်နေသလားလို့တောင် ထင်ရတယ် ။

ဒီလူငယ်တွေဟာ နမ္မဖြစ်ကျေးရွာ ၊ ဆန်းကြွယ်ကျေးရွာ နဲ့ မှော်အသီးမှာ ရှိတဲ့ မြေစာပုံတွေ ၊တပိုင်တနိုင် ကျောက်စိမ်းတူးတဲ့နေရာတွေမှာ နေကြတာများပါတယ် ။ရဲတပ်ဖွဲ့က ဖမ်းမိထားတဲ့ လူငယ်တွေကတော့ အောင်မျိုးလှိုင်(ခ)မျိုးလှိုင် , စန်းနိုင်ဦး(ခ)အိုက်ယော, ရဲလင်းထွန်း(ခ)ဖိုးငို , အပါ(ခ) ကျော်မျိုးထွန်း တို့ ဖြစ်ပါတယ် ။ သူတို့အပြင် ဖမ်းဆီးရမိခြင်မရှိပဲ ထွက်ပြေးတိမ်းရှောင်နေသူအမြောက်အများ ရှိနေသေးတယ်လို့လည်း သိရပါတယ် ။

ဒီလူငယ်တွေကို လုံးခင်းကျေးရွာအုပ်စု နယ်မြေရဲစခန်းမှူးက ဖမ်းဆီထိန်းသိမ်းနိုင်ခဲ့ပြီး ဒုရဲအုပ် ထွန်းမင်းက (ပ)၉၆/၁၈ ပုဒ်မ ၃၀၂ လူသတ်မှု ၊ ၃၂၄ ချွန်ထက်သော လက်နက်ဖြင့် နာကျင်စေမှု ၊ ၁၁၄ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ ယာယီအမှုဖွင့် စွဲဆိုထားတယ်လို့ သိရပါတယ် ။ ကျန်တဲ့ ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းများကိုတော့ မြို့နယ် ဥပဒေအရာရှိ၏ အကြံပြုချက်အတိုင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ် ။

ပုဂ္ဂလအမြင်နဲ့ တကယ့်မြေပြင် အခြေအနေ ပြောရရင်

လူငယ်လေးတွေဟာ လူ့အသက်ကိုတောင် သတ်ရလောက်အောင် ဘာကြောင့်မိုက်လာနေရသလဲ ။ အဖြေက ရှင်းပါတယ် ။ မိုက်ခွင့်ရနေလို့မိုက်တာပါ ။ ဘာကြောင့်မိုက်ခွင့်ရနေတာလဲ ။ တရားဥပဒေမစိုးမို့လို့ပါ ။ ဘာတွေက တရားဥပဒေမစိုးမိုးမှုကို ဖြစ်စေတာလဲ ။ဖားကန့်ရတနာနယ်မြေအတွင်း တရားဥပဒေ မစိုးမိုးခြင်းရဲ့ နံပါတ်တစ်က ကားဝစ်သောက် ၊ ဆိုင်ကယ်ဝစ်သောက်တွေကြောင့်ပါ ။ ဒီလိုင်စင်မဲ့ ယဉ်တွေဟာ အလွှာအသီးသီးက တရားဥပဒေချိုးဖောက်မှုအမျိုးမျိုးကို များစွာ အကာအကွယ် ဖြစ်စေပါတယ် ။

ဖြစ်လိုက်တဲ့ လူသတ်မှုအားလုံးက လိုင်စင်မဲ့ယဉ်စီးပြီး သတ်သွားတာချည်းဆိုတာ တွေ့ရပါတယ် ။ဒီလိုင်စင်မဲ့ ကား ၊ ဆိုင်ကယ် တွေကြောင့်ပဲ မူးယစ်ဆေးဝါး ၊ ကျောက်စိမ်းမှောင်ခို ၊ လူမှောင်ခို ၊ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးတို့ အသုံးချစရာ စသဖြင့် ဒုစရိုက်လုပ်ငန်းများကို လုပ်ကိုင်ရန် အရေးပါ လွယ်ကူစေပါတယ် ။ ဒုစရိုက်လုပ်ငန်း ရှစ်ဆယ်ရာခိုင်နှုံးဟာ လိုင်စင်မဲ့ ယဉ်တွေကြောင့် ဖြစ်ပေါ်စေတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ ။

တရားဥပဒေမစိုးမိုးရခြင်း ဒုတိအကြောင်းရင်းကတော့ ဧည့်စာရင်း ဥပဒေ ဖျက်သိမ်းခြင်းပါပဲ ။ ကျနော်တို့မှော်ထဲမှာ ပြေးလေးပြေးတင်မကပါဘူး ။ ပြေးပေါင်းစုံရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ လူတစ်ထောင်လာလာ ၊ လူတသောင်းလာလာ ဘယ်သူမှ မသိလိုက်ရ ။ ဘယ်မှာနေတယ်ဆိုတာလဲ ဘယ်သူမှ မသိရ ။ ဘယ်သူတွေလာတယ်ဆိုတာလဲ ဘယ်သူမှ မသိရ ။ ဖားကန့်ကို ဝင်လာသမျှ မည်သည့်ယဉ်မှ အစစ်အဆေးမရှိ ၊ လူမှန်သမျှလည်းအစစ်အဆေးမရှိ ။ နေချင်သည့်နေရာမှာ နေချင်သလိုနေလို့ရနေသည် ။ လုပ်ချင်တာ လုပ်လို့ရနေသည် ။ ဒီလိုလွတ်မြောက်မှု နယ်မြေမှာ ဒုစရိုက်သမားတွေ မစုလို့ ဘယ်လိုလူတွေလာစုမည်နည်း ။ဒုစရိုက်သမားတွေ စုလာမှတော့ ကောင်းသည့်စီးပွားရေး ဘယ်တော့မှ မလုပ် ။ မူးယစ်ဆေးဝါးရောင်းမည် ။ လောင်းကစားရုံအမျိုးမျိုးထောင်သည် ။ လူကောင်းတွေ ပတ်ဝန်းကျင်မှာ ဒီလိုစီးပွားရေးလုပ်ငန်းတွေရောက်လာမှတော့ လူကောင်းတွေ ဘာခံနိုင်မည်နည်း ။ ရှိရင်းစွဲ ဒေသခံတွေလည်း ဒုစရိုက် လုပ်ငန်းပဲ လုပ်ချင်လာတယ် ။ တရားခြင်းမတရားခြင်း သူတို့မစဉ်းစာတော့ ။ အလွယ်လမ်းကို မသိစိတ်က ဖက်တွယ်လာကြတယ် ။

တရားဥပဒေမစိုးမိုးရခြင်း တတိယ အကြောင်းအရာသည် ရဲတပ်ဖွဲ့အင်အားကို လုံလောက်စွာ ချထားမပေးခြင်းဖြစ်သည် ။ ဖားကန့်ုမို့နယ်မှာမြို့ပေါ် ရပ်ကွက်ကြီး (၅) ရပ်ကွက်ရှိပါတယ် ။ ပြည်ထဲရေး စာရင်းဝင် ကျေးရွာအုပ်စု ( ၁၅ )အုပ်စုနဲ့ ကျေးရွာပေါင်း ( ၅၄ )ရွာရှိသည် ။အိမ်ထောင်စုပေါင်း ( ၃၇၉၀ ) စုနဲ့ လူဦးရေ ( ၁၂၈၅၀၃) ဦး ရှိပြီး အိမ်ခြေပေါင်း (၃၅၇၇၆) အိမ် ရှိသည်ဟု သက်ဆိုင်ရာ ဌာနများရဲ့ စာရင်းအရ သိရပါတယ် ။ ဒီစာရင်းက အစိုးရ သက်ဆိုင်ရာဌာန ရဲ့ တရားဝင် စာရင်း ပေါ့ ။ တကယ်မြေပြင်မှာက လုံးခင်း ၊ ဆိပ်မူကျေးရွာ အုပ်စုတွေမှာကိုပဲ တရားမဝင်ရွာပေါင်း (၆၆) ရွာပေါက်ပွားနေတယ်လို့သိရပါတယ် ။ လူဦးရေက ရာသီချိန်မှာ ရေမဆေးချည်းပဲ လူဦးရေ သုံးသိန်းလောက် ရှိတယ်လို့ ခန့်မှန်းရပါတယ် ။

ဖားကန့်မြို့နယ်တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထဲရေးက ချထားပေးထားတဲ့ ရဲတပ်ဖွဲ့ အင်အားသည် တစ်ရာပင်မပြည့် ။စာဖတ်သူလဲ စဉ်းစားကြည့်ရင် သိနိုင်ပါလိမ့်မည် ။ လူလေးသိန်ကျော် ငါးသိန်းနီးပါးကို တစ်ရာမပြည့် ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လို့ တရားဥပဒေ စိုးမိုးနိုင်မည်လဲ ။ တောခြောက်ယုံ အဆင့်လောက်ပဲ လုပ်လို့ရမည်ပေါ့ ။ တရားဥပဒေစိုးမိုးမှုမရှိလို့ မှုခင်းတခုခုဖြစ်လျှင် ကျနော်တို့လူ အများစုက ရဲတပ်ဖွဲ့ကို ဝိုင်းကလော်ကြတယ် ။ရှိတဲ့အင်အားနဲ့ ဖြစ်နေတဲ့ ဒုစရိုက်ပြဿနာ ဘယ်ရဲက ဖြေရှင်းပေးနိုင်မလဲ ။ နယ်မြေက မငြိမ်းချမ်း ။ ရတဲ့ ရဲတပ်ဖွဲ့အင်အားက ဝန်နဲ့အား မမျှ ။ အဲ့တော့ ဘယ်ရဲက ဖင်မနိုင်ပဲ ပဲဟင်းသောင်ရဲမှာလဲ ။ ဖင်မနိုင်ပဲ ပဲဟင်းသောက်ရင် အကုန်လုံး နားထင်တွေ ပွင့်ကုန်မှာပေါ့ ။ ဒီကြားထဲ ရောက်လာတဲ့ စခန်းမှူး ၊ မြို့နယ်မှူးတွေ ပြဿနာတစ်ခုခုမဖြစ်လိုက်နဲ့ ပြောင်းလိုက်မယ်ဆိုတာချည်းပဲ ။တာဝန်ထမ်းဆောင်ရမဲ့ သက်တမ်းတောင်မကုန်သေးဘူး ၊ အချိတ်အဆက်ရမယ် ကြံကာရှိသေး တယောက်ပြောင်းသွားပြန်ပြီ ။အသစ်ရောက်လာတဲ့ အရာရှိလက်ထက်မှာရော ဖားကန့်ကြီး တိုးတက်သွားသလားဆိုတော့ ထိုနည်းလည်းကောင်းပါပဲ ။ နောက်ရောက်လာတဲ့ လူကြတော့လည်း အသစ်က ပြန်စနေရတာနဲ့ပဲ ရှေ့မရောက်တော့ဘူး ။ ဒါနဲ့ပဲ ကျနော်တို့ ဖားကန့်ရတနာနယ်မြေကြီးဟာ ဇရပ်ပေါ်က အရူးမကြီးကို ဖြစ်လို့ပါ ။

ပြည်ထဲရေးဌာနရဲ့ ဖားကန့်မြို့ အတွက် ရဲအရာရှိ အချိန်းအပြောင်းက Stock Market လိုများ ဖြစ်နေလားတော့ မပြောတတ်ဘူး ။ ဆရာနေဝင်မြင့်ရဲ့ စာပေဟောပြောပွဲထဲက ဝမ်းဆွဲဆရာမလို ဆေးသေတ္တာ ဖွင့်နေတာနဲ့ပဲ ဗိုက်ထဲက ကလေးက ရေမွှာပေါက်နေပြီ ဆိုတဲ့ ပုံပြင်လိုပါပဲ။ တရားဥပဒေ စိုးမိုးအောင်မလုပ်နိုင်လို့ ဆိုပြီး ဖားကန့်က ရဲအရာရှိတွေကို ခဏ ခဏ ပြောင်းနေရင် ဒုစရိုက်သမားတွေပဲ ဂွင်တွေ့နေအုံးမှာပါ ။ လက်ရှိချထားပေးထားတဲ့ ရဲတပ်ဖွဲ့ အင်အားနဲ့ ရဲချုပ်ကိုယ်တိုင် လာအုပ်ချုပ်လည်း တရားဥပဒေ မစိုးမိုးနိုင်ပါဘူး ။ ဖွဲ့စည်းပုံအရ အခြားမြို့နယ်တွေထက် ဖားကန့်မြို့နယ်ကို ရဲတပ်ဖွဲ့အင်အား လုံလုံလောက်လောက် ပြည်ထဲရေးမှ ချထားပေးသင့်ပါတယ် ။ မဟုတ်ရင် ရှေ့လျှောက် တူးဖော်ရေး ရာသီချိန်များတွင် ဒုစရိုက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ခြေရှိပါတယ် ။ ဒါဟာ မြေပြင်မှာ တကယ်လက်ရှိ ဖြစ်ပျက်နေတဲ့ အမှန်တရားပါပဲ ။

အကြံပြုလိုသည်မှာ ...

ဖားကန့်ကျောက်စိမ်းတွင်းဒေသကြီး တရားဥပဒေစိုးမိုးပြီး မိမိဒေသ၊ ကျေးရွာနေပြည်သူများ ဘေးကင်းလုံခြုံဘို့ဆိုရင် လိုင်စင်မဲ့ ကား ၊ ဆိုင်ကယ်များကို စီစစ်အရေးယူဆောင်ရွက်သင့်ပါတယ် ။ ရတနာနယ်မြေဖြစ်တာတကြောင်း ၊ မငြိမ်းချမ်းသည့် အညိုရောင် နယ်မြေဖြစ်တာတကြောင်း ကြောင့် ဧည့်စာရင်း ဥပဒေကို ယာယီ အသုံးပြုသင့်ပါသည် ။ ကျေးရွာလူငယ်များ၊ ရပ်မိရပ်ဖများ ကို ကျေးရွာ လုံခြုံရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ မိမိကျေးရွာနှင့် ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းချသူများနှင့် လောင်းကစားရုံထောင်သူများကို ခွင့်မပြုပဲ ကန့်ကွက်ရပါမည် ။ တရားမဝင် ကျူးကြော်နေထိုင်သည့် ရေမဆေးတဲများကို စနစ်တကျ စီစစ်အရေးယူခြင်း ၊ ဖျက်သိမ်းခိုင်းခြင်းမျိုးများပြုလုပ်ရပါ့မယ် ။ တရားဥပဒေမစိုးမိုးလေ ဒုစရိုက်သမားနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေပဲ သူဌေးဖြစ်နေကြတော့ ...တစ်ဦးချင်း ၊ တဖွဲ့ချင်း အားဖြင့် လုပ်နိုင်သလောက်ကလေးတွေ ကိုယ်စီလုပ်သွားမယ်ဆိုရင် ကျနော်တို့ ဖားကန့်ဒေသကြီး အနည်းနဲ့အများတော့ အကျိုးဖြစ်ထွန်လာမှာကတော့ မြေကြီး လက်ခတ်မလွဲပါခင်ဗျား ။

ဇော်မိုးထက် ( ဖားကန့် )

ဓါတ်ပုံ -လုံးခင်း ရဲစခန်း

No comments:

Post a Comment